သတင်း

ဖက်ဆစ်စစ်တပ် နဲ့ မပူးပေါင်းဖို့ တရုတ်အစိုးရထံ အိတ်ဖွင့်စာ ပေးပို့

တရုတ်အစိုးရအနေနဲ့ ဖက်ဆစ် စစ်တပ် နဲ့ မပူးပေါင်းဘဲ ဖိနှိပ်ခံ မြန်မာပြည်သူတွေနဲ့ အတူပူးပေါင်းဖို့အတွက် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body-GSCB) နဲ့ တော်လှန်ရေးအဖွဲ့အစည်း ၂၅၆ ဖွဲ့ တို့က တရုတ်အစိုးရကို အိတ်ဖွင့် ပေးစာ ပေးပို့ခဲ့ပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိတဲ့အပြင် အဖက်ဖက်ကနေ ကပ်ဆိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ကို သက်ဆိုးရှည်ပြီး အာဏာတည်မြဲဖို့အတွက် စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေးရေးကို ဖိအားပေးနေတဲ့ တရုတ်အစိုးရကို မြန်မာလူထုအားလုံး အမျက်ဒေါသထွက်နေကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်အကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ စည်းပုံအခြေခံ ဥပဒေကိုလည်း အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုက ပယ်ဖျက်လိုက်ပြီ ဖြစ်တာကြောင့် ၂၀၀၈ ဖွဲစည်းပုံ အခြေခံဉပဒေက မြန်မာ့နိုင်ငံရေးရဲ့ အဖြေမဟုတ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။

ထုတ်ပြန်ချက်ထုတ်ပြီး တရုတ်အစိုးရကို အိတ်ဖွင့်ပေးစာ ပေးရတဲ့ ရည်ရွယ်ချက်ကို GSCB အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက “တရုတ်နိုင်ငံက ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ တာဝန်ရှိသူတွေနဲ့ တရုတ်ပြည်သူတွေကို မြန်မာ လူထုသဘောထားစစ်စစ်မှန်မှန်နဲ့ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အခြေအနေတွေကို သေချာ နားလည်နိုင်ဖို့ ပေးပို့တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာ ပြည်သူလူထုရဲ့ သဘောထားကို အလေးထား လေးစားပြီး ဂရုပြုဖို့အပြင် တော်လှန်ရေးကို နှောက်ယှက်ပြီး စစ်ကောင်စီကို အားပေးအားမြောက် ကြားဝင်မှုတွေကို ရပ်တန်းကရပ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးကို ညှိစွန်းစေမဲ့ ဘုံအကျိုးစီးပွားကို ပျက်ပြားစေမဲ့ မကြေမနပ်ဖြစ်စေမဲ့ လုပ်ရပ်တွေကို မလုပ်ဖို့ အိတ်ဖွင့်ပေးစာမှာ တောင်းဆို ထားပါတယ်။

“ကျွန်တော်တို့လူထုရဲ့ ဆန္ဒကဘာလဲ ရှင်းတယ် စစ်ကောင်စီအုပ်စုကို ပြုတ်ကျသွားစေချင်တယ် အဲလိုဖြစ်ဖို့ ကလဲ အားလုံးက ဘဝတွေ စည်းစိမ်တွေ အသက်တွေအကုန်ရင်းနှီးပြီးတော့ တိုက်ခိုက်နေတာ ဖြစ်တယ်” လို့ GSCBအဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ ပြည်သူတွေလေးစားစွာပေးပို့တဲ့ သဘောထားနဲ့ တောင်းဆိုချက်တွေကို အလေးမထားဘဲ စစ်ကောင်စီကို သက်ဆိုးရှည်အောင်၊ အာဏာတည်မြဲအောင် ထောက်ပံ့ ကူညီမှုတွေ ပြုလုပ်နေပါက မြန်မာပြည်သူလူထု အနေနဲ့လည်း တုံပြန်ဆောင်ရွက်သင့်တာကို လုပ်ဆောင်သွားမယ့် အကြောင်း ထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ အဖြစ် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နေစဉ်မှာပဲ ဒီဇင်ဘာလ ၁၁ ရက်နေ့က တရုတ်ရဲ့ တိုက်တွန်းမှုကြောင့် စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တွေဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ရပါတယ်။

အဲဒီ တွေ့ဆုံမှုတွေအပြီးမှာ အခုလို တော်လှန်ရေးအုပ်စုတွေဘက်ကနေ တရုတ်အစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကာလမှာလည်း တရုတ်အစိုးရက အာဏာသိမ်း စစ်တပ်ကို ကူညီနေတယ်ဆိုပြီး မြန်မာပြည်သူတွေက ရန်ကုန် တရုတ်သံရုံးရှေ့မှာ ဆန္ဒဖော်ထုတ်မှုတွေ ရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button