သတင်း

ပြည်ပရောက် အလုပ်သမားတွေကို အခွန်ကောက်ခံမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို ဘန်ကောက် UN ရုံးမှာ ဆန္ဒဖော်ထုတ်

ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂ ရာခိုင်နှုန်းကို အခွန်ကောက်ခံမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် ထိုင်းရောက်မြန်မာလုပ်သားတွေက ဘန်ကောက် UN ရုံးမှာ သွားရောက် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းအလုပ်သမားများနေ့မှာ တောက်ပတဲ့ အနာဂတ် အဖွဲ့အစည်းက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဘန်ကောက်ရောက်နေတဲ့ ကချင်ပြည်နယ်က လူငယ်တစ်ဦးက ပြောပါတယ်။

“အဓိကတော့ ဒီစစ်ကောင်စီတွေရဲ့ ၂ ရာခိုင်နှုန်း အခွန်ကောက်တဲ့ဟာကို ရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မထောက်ခံဘူးပေါ့နော်၊ မပေးဆောင်နိုင်ဘူး ဆိုတဲ့အကြောင်းကို ဆန္ဒထုတ်ဖော်ခဲ့ကြတာဟုတ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကောက်ခံတဲ့ အခွန်ငွေတွေဟာ သံရုံးကလူတွေရဲ့ အိတ်ကပ်ထဲကို အများဆုံးဝင်နိုင်ပြီး ထိုင်းရောက်မြန်မာတွေကို ပြန်လည်ထောက်ပံ့ကူညီဖို့ဆိုတာ ဘယ်လိုမှ မမျှော်လင့်ရဲဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ် အနေနဲ့ အခုလို မြန်မာပြည်သူတွေကို မတရားအခွန်ငွေကောက်ခံ ခေါင်းပုံဖြတ်တာကို လက်မခံနိုင်ဘူးလို့ ထိုင်းမှာ အလုပ်လုပ်နေတဲ့ ကိုရှမ်းလေးကလည်း ပြောပါတယ်။

“သံရုံးကနေပြီး ကျွန်တော်တို့ကို ဘာမှ မကူညီတဲ့အပြင်ရတဲ့ လစာကနေဖြတ်မယ်ဆိုတာကို မလိုလားတဲ့အတွက် ဆန္ဒသွားပြခဲ့တာဖြစ်တယ်၊ ပြီးတော့ မနေ့က အဲ့အခွန်ကောက်တဲ့ကိစ္စကို သဘောလက်မှတ်တွေ ထိုးခဲ့ကြသေးတယ်၊ ကျွန်တော်လည်း ထိုးခဲ့တယ်” လို့ ပြောပါတယ်။

နိုင်ငံတကာမှာရှိတဲ့ မြန်မာပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ အခွန်ငွေ ၂ ရာခိုင်နှုန်း ပေးဆောင်ရမဲ့ ကိစ္စနဲ့ပတ်သက်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်သွားကြဖို့ မျှော်လင့်ရင်းနဲ့ ထိုင်းရောက်မြန်မာတွေဘက်က စပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီဆန္ဒပြပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီကနေ မွန်းလွဲပိုင်းအထိ လူဦးရေ ၂၀၀ ဝန်းကျင်နဲ့ အခွန်ဆောင်ခိုင်းတဲ့အပေါ် သဘောမတူကြောင်း လက်မှတ်တွေလည်း ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

By – BU BU

Show More

Related Articles

Back to top button