ဆောင်းပါး

တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ နေရပ်ပြန်ရွှေညောင်ပင်ပြည်သူများ

မျောက်သစ်ကိုင်းလွှတ်သလို ဖြစ်နေပြီ ဘာလုပ်လို့လုပ်ရမှန်းမသိ ဘယ်အချိန်ဘယ်နေ့ပြေးရမှန်းမသိ အဲ့လိုမျိုးပဲ ဆိုးရွားတဲ့အခြေနေတစ်ခုကိုပဲ စောင့်နေရသလိုဖြစ်နေတယ်” လို့ ဆိုလာသူကတော့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာကဒေသခံ ကိုနောနော် (အမည်လွှဲ) ပါ။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်ရေးတပ်မတော် KIA တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေလို့ ထွက်ပြေးနေရသူလည်းဖြစ်ပါတယ်။

ရွှေညောင်ပင်ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ စစ်ကောင်တပ်တို့အကြား တိုက်ပွဲတွေကြောင့် မြစ်ကြီးနားစီတာပူ စစ်ရှောင်စခန်းမှာ ၁၀ စုနှစ်တစ်ခုလောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ၂၀၂၁ ခုနှစ်မှာ ပြန်လည် နေရပ်ပြန်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။

သူတို့နေရပ်ပြန်ပြီးမကြာပဲ စစ်တပ်က အာဏာသိမ်းလို့ နိုင်ငံတစ်ဝှမ်း မတည်မငြိမ်မှုတွေစတင်ဖြစ်လာပြန်ပါတယ်။

ဒါကြောင့် လက်ရှိမှာလည်း တကျော့ပြန်စစ်ရှောင်ရမလားဆိုတဲ့ အတွေးမျိုးတွေက ရွှေညောင်ပင်ဒေသခံတွေရဲ့ အတွေးထဲရင်ထဲ ပြန်လည်ကိန်းအောင်းလာပြန်ပါပြီ။

ကျနော်တို့ ရွှေညောင်ပင်ကဒါနဲ့ဆို နှစ်ခေါက်ရှိပြီ ၂၀၁၁ တုန်းကတစ်ခေါက်ပြေးပြန်ရော အဲ့ကနေ ၂၀၁၉ ၂၀ မှာ KBC ကဦးဆောင်ပြီး ပြန်ခါစပဲရှိသေးတယ်။ ဒီ ၂၀၂၁ မှာ အရေးအခင်းဖြစ်ပြန်ရော အခုနောက် တစ်ခေါက် ကျီးလန့်စာစား လိုဖြစ်နေတာ

အဲ့ဒီလို သူတို့ရင်ထဲ စိုးရိမ်စိတ်တွေဝင်လာတာကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ် ကန်တော်ယန်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်တဲ့တိုက်ပွဲ ကအစပါ။

ကန်တော်ယန်တပ်စခန်းနဲ့ ရွှေညောင်ပင်ရွာဟာ မိုင်အားဖြင့် ၂၁ မိုင်လောက်ပဲဝေးပါတယ်။

ကန်တော်ယန်ဘက်မှာတိုက်ပွဲစဖြစ်တော့ ကျနော်တို့မျက်နှာချင်းဆိုင်က ၃၂၁ တပ်ကနေ ဒီကနေ ဆက်တိုက်ဆိုသလို ပစ်နေတာတွေရှိတယ် အဲ့ကတည်းက နည်းနည်းတော့စိုးရိမ်တာပေါ့လေလို့ ဒေသခံတစ်ယောက်ကဆိုပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း အောက်တိုဘာလ တစ်လအတွင်းကို ကေအိုင်အေ ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီရဲ့ ဗျူဟာကျတဲ့တပ်စခန်းပေါင်းက ၄ ခု အထိရှိပါတယ်။

ဒီစခန်း ၄ ခုလုံးကလည်း စစ်ရေးအရ မဟာဗျူဟာကျတဲ့တပ်စခန်းတွေဖြစ်ပြီး အဲ့ဒီထဲမှာ စစ်တပ်က ခေတ်အဆက်ဆက် တပ်စွဲထားခဲ့တဲ့ အောင်ဂျာတပ်စခန်းနဲ့ ကန်တော်ယန်စခန်းတို့ ပါဝင်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ ရွှေညောင်ပင်ရွာနဲ့အနီးဆုံးမှာရှိတဲ့ တာလောကြီးပြည်သူ့စစ် စခန်းနဲ့ ဘောဆာဒီးရွာက ပြည်သူ့စစ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်ခဲ့ပြန်ပါတယ်။

ဘောဆာဒီးရွာကတပ်စခန်းကတော့ တာလောကြီးသွားရာလမ်းမှာတည်ရှိပြီး ဦးရွှေမင်းပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အထိုင်ချတပ်စွဲတဲ့စခန်းတစ်ခုဖြစ်ပါတယ်။

အဲ့ဒီလို သိမ်းပိုက်ခံလိုက်ရတာနဲ့ တစ်ဆက်တည်း စစ်တပ်ဘက်က လေကြောင်းတွေအသုံးပြုပြီးဆက်တိုက် တိုက်ခိုက်လာပါတော့တယ်။

ကျနော်တို့ရွာအပေါ်ကနေကို ဟက်စကီးနဲ့လာပစ်တယ် အဲ့ကတည်းကရွာသားတွေကလန့်ကုန်ပြီ အဲ့မှာ တစ်ခေါက်ရွေ့တယ် အဲ့မှာနောက်ရက်ကျအဆင်ပြေမယ်ထင်ပြီးရွာထဲပြန်ဝင်ကြတာ အဲ့မှာ ဘုရားကျောင်း ထဲ ရောက်တာနဲ့ ဂျက်ရော၊ ဟက်စကီးရောပြန်လာပစ်ပြန်ရော” လို့စစ်ကောင်စီရဲ့ပြည်သူ့စစ်တပ်စခန်းတွေ သိမ်းပိုက်ခံခဲ့ရပြီး တစ်ရက်နှစ်ရက်အတွင်း အခြေနေကို ဒေသခံ တစ်ယောက်က ပြန်ပြောပြပါတယ်။

အဲ့ဒီလို တိုက်ပွဲတွေပြင်းထန်လာတာနဲ့တစ်ဆက်တည်း‌ ရွှေညောင်ပင်ရွာအနီးတစ်ဝှိုက်ကို နှစ်ဖက် တပ်ဖွဲ့တွေဟာ စစ်ရေးအတွက် ပြင်ဆင်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို အခြေနေတွေကြောင့် အရပ်သားတွေကတော့ ရွှေညောင်ပင်ရွာနဲ့ ၃ မိုင်လောက်ပဲဝေးတဲ့ အောင်မြေ ၁ ရွာက ဘုရားကျောင်းမှာပဲ ခိုလှုံနေကြရတယ်လို့သိရပါတယ်။

အခုက အခြေနေက နည်းနည်းစိုးရိမ်ရတဲ့အခြေနေမှာဖြစ်နေလို့ အဝေးကြီးတော့မဟုတ်ဘူး ကျနော်တို့နဲ့ မလှမ်းမကမ်း လုံခြုံတယ်လို့ ထင်ရတဲ့ အောင်မြေ ၁ မှာ လောလောဆယ်ခဏပြောင်းနေနေကြတယ်ဗျ။ တကယ်လို့ ဒီထက်ပိုပြင်းထန် လာရင်တော့ လုံခြုံတဲ့နေရာကိုသွားရမယ် ဒီနေရာကလည်း လုံခြုံတယ်လို့ မခံစားရဘူး” လို့စစ်ဘေးရှောင်နေသူ ပြောပါတယ်။

ဒါ့အပြင် လက်တလောမှာတော့ ရွှေညောင်ပင်ရွာအနီးအထိပါ နှစ်ဖက်တပ်ဖွဲ့တွေ တိုက်ပွဲအတွက်ပြင်ဆင်မှု တွေရှိနေတဲ့အတွက် ထွက်ပြေးနေရတဲ့ အရပ်သားတစ်ထောင်နီးပါးရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

တာလောကြီးမှာ ဖြစ်တဲ့ တစ်ဆက်တည်းမှာပဲ ရွှေညောင်ပင်ဘက်မှာ နှစ်ဘက်စစ်သားတွေက နေရာယူ ထားတဲ့ အနေထားမျိုး မှာရှိတယ်။ ဒီရက်ပိုင်းဆို ကျနော်တို့ရွာထိပ်မှာရော လမ်းမှာတွေရော တောက်လျှောက်ပဲ ဒီအောင်မြေ ၁ အောင်မြေ ၂ ရွှေညောင်ပင် တောက်လျှောက် လမ်းဘေးဝဲယာအကုန်လုံး ကင်းပုန်းဝပ်နေတဲ့အနေအထား တွေ့ရတယ် လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ရွှေညောင်ပင်ရွာရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၂၁ တပ်စခန်းကို ကေအိုင်အေဘက်က တိုက်ခိုက်လာရင် တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်ပြီး အဲ့ဒီအခြေနေကို အရပ်သားတွေက စိုးရိမ်နေကြ ပါတယ်။

လက်တလော ရွှေညောင်ပင်က အရပ်သားတွေတိမ်းရှောင်နေရတဲ့အခြေနေနဲ့ အဲ့ဒီအနီးတစ်ဝှိုက် စစ်ရေး အခြေနေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူကတော့ အခုလို ပြောပါတယ်။

အဲဒီတာလောဘက်ကတော့ စစ်ဖြစ်ပြီး ပြည်သူ့စစ်နေရာကို သိမ်းလိုက်တယ် အဲတာကြောင့် ဟုတ်တယ် စစ်ကောင်စီ ဘက်က ပြန်တိုက်တာမျိုးမရှိရင်တော့ အဲနေရာမှာ စစ်ဖြစ်မှာတော့ မဟုတ်ဘူး ဒါမယ့် ပြန်တိုက်လာရင် တော့ စစ်ပြန် ဖြစ်လိမ့်မယ် စစ်ရေးအရသေချာပြောပြဖို့အတွက်တော့ အခက်အခဲရှိတယ် အဓိကတော့ စစ်ဖြစ်လာတဲ့အချိန် အားလုံးက သတိထားပြီး နေထိုင်ဖို့လိုအပ်တယ်

တစ်ဆက်တည်း ရွှေညောင်ပင်ရွာနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၂၁ တပ်စခန်းကိုသာ ကေအိုင်အေဘက်က တိုက်ခိုက်လာခဲ့မယ်ဆိုရင် ရွှေညောင်ပင်၊ အောင်မြေ ၁ ၊ အောင်မြေ ၂ အပါအဝင် ဂါးယားယန်၊ ကဇူး၊ တဘတ်တို့က အရပ်သားတွေ စစ်ဘေးရှောင်ရနိုင်တယ်လို့ အဲ့ဒီအနီးတစ်ဝှိုက် နယ်မြေ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

လက်တလော ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေနေနဲ့ပတ်သက်လို့ ကချင်နိုင်ငံရေးနဲ့ စစ်ရေးလေ့လာ သုံးသပ်သူတစ်ယောက်ကတော့ အခုလိုသုံးသပ်ပါတယ်။

စစ်ရေးကတော့ ဒီပုံစံအတိုင်းဆိုရင်တော့ ပြင်းထန်လာနိုင်ပါတယ်။ ပိုပြီးတော့ စစ်ဘောင်ကျယ်လာဖို့ရှိ တယ် နောက်တစ်ခုက အဲ့ဒီနေရာတွေက ကေအိုင်အေရဲ့ မဟာဗျူဟာကျတဲ့ နေရာတွေဖြစ်တယ် ဒါ့ကြောင့် လည်း သူတို့အနေနဲ့ တပ်ပေါင်းစုတွေနဲ့ပေါင်းပြီးစစ်ရေးလှုပ်ရှားဖို့တော့မြင်ပါတယ်။ ထိန်းချုပ်ဖို့လည်း အပြင်းအထန်လုပ်နေတဲ့သဘောမျိုးတော့ တွေ့ရပါတယ်

အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးရဲ့နောက်ဆက်တွဲအနေနဲ့ ပြင်းထန်လာတဲ့ စစ်ရေးအရှိန်တွေအကြား ပြတ်သားတဲ့ အခြေနေတစ်ခုကို ရွှေညောင်ပင်ရွာကဒေသခံတွေအပါအဝင် နိုင်ငံတစ်ဝှမ်းက ပြည်သူတွေမျှော်လင့်နေတာအမှန်ပါ။

ကျနော်တို့ရော နိုင်ငံတစ်ဝှမ်းကသူတွေရော အကုန်လုံးပါပဲဗျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး အနာဂတ် တွေပျောက်နေပြီ ဒါ့ကြောင့် တစ်ခုခုကောင်းတဲ့အဖြေအမြန်ဆုံးဖြစ်ပါစေလို့ ကိုနောနော် ( အမည်လွှဲက) ဆန္ဒပြုပါတယ်။

By – အမိုး

Show More

Related Articles

Back to top button