မြန်မာနိုင်ငံမြောက်ပိုင်းရှိ သယံဇာတထုတ်ယူမှုနှင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများ
မြန်မာနိုင်ငံမြောက်ပိုင်း၊ အထူးသဖြင့် ကချင်ပြည်နယ်သည် ယနေ့တွင် အရှေ့တောင်အာရှ ဒေသအတွင်း ပတ်ဝန်းကျင်ဆိုင်ရာ အထိအခိုက်အများဆုံးဒေသများမှ တစ်ခုဖြစ်သော်လည်း မဟာဗျူဟာအရ အရေးပါသည့် ဒေသတစ်ခုအဖြစ် ပိုမိုထင်ရှားလာနေပါသည်။ ကျောက်စိမ်း၊ ရွှေ၊ သစ်တောသယံဇာတ များနှင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာစက်မှုလုပ်ငန်းများ၊ ခေတ်မီလက်နက် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် စွမ်းအင်ကူးပြောင်းရေးအတွက် အရေးကြီးသော မြေရှားသတ္တု (Rare Earth Elements) များ ရှိနေသည့်အတွက် ယခုအခါ စီမံအုပ်ချုပ်မှုကွဲပြားမှုနှင့် လူမှုစီးပွားရေး ထိခိုက်လွယ်မှု၊ သယံဇာတထုတ်ယူမှုနှင့်၊ လက်နက်ကိုင်ပဋိပက္ခတို့၏ လမ်းဆုံလမ်းခွတွင် ရှိနေသည်။
သယံဇာတထုတ်ယူမှုများသည် ဒေသအတွင်း စီးပွားရေးအခွင့်အလမ်းများနှင့် နိုင်ငံရေးအခွင့်အလမ်း များ ဖန်တီးပေးခဲ့သော်လည်း၊ ဖြစ်ပေါ်လာသော ပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ အကျိုးဆက်များကို အဓိကခံစားနေရသူများမှာ ၎င်းတို့၏ မြေယာ၊ မြစ်များနှင့် သစ်တောများ အပေါ် ရေရှည်မှီခိုနေသော ဒေသခံလူထုများပင် ဖြစ်သည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပေါ်ပေါက်လာနေသော ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်း များသည် သယံဇာတထုတ်ယူမှုတစ်ခုတည်းကြောင့်သာ မဟုတ်ဘဲ တရားဝင်ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် မြေပြင်၌အကောင်အထည်ဖော်နိုင်မှုအကြား ကြီးမားလာသော ကွာဟချက်များကြောင့် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။ အုပ်ချုပ်ရေးမူဘောင်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်း ယန္တရားများ တရားဝင်တည်ရှိနေသော်လည်း၊ ပဋိပက္ခဒဏ်ခံစားနေရ သော ဒေသများတွင် ယင်းတို့ကို အကောင်အထည်ဖော်ရန်အတွက် ရေရှည်မတည်ငြိမ်မှု၊ ဒေသဆိုင်ရာ အာဏာခွဲဝေစိုးမိုးမှု၊ အဖွဲ့အစည်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုများ အားနည်းခြင်း၊ တရားမဝင်သယံဇာတ ထုတ်ယူမှုစီးပွားရေးများနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာ ဖိအားများကြောင့် အကန့်အသတ် များ ရှိနေပါသည်။
အထူးသဖြင့် ၂၀၂၁ နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်လာပြီးနောက် တရုတ်–မြန်မာနယ်စပ်တစ်လျှောက် မြေရှားသတ္တုတူးဖော်မှုများ အလျင်အမြန် တိုးချဲ့လာခြင်းက ယင်းပြဿနာများကို ပိုမိုထင်ရှားလာစေခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အဖွဲ့များ၊ ဒေသခံစောင့်ကြည့်ရေးအဖွဲ့များနှင့် လတ်တလော မြေပြင်သုတေသနစီမံကိန်းများ၏ အစီရင်ခံချက်များအရ ကချင်ပြည်နယ်တွင် သတ္တုတူးဖော်မှုတိုးချဲ့လာခြင်းနှင့်အတူ ဓာတုယိုစိမ့်မှု၊ သစ်တောပျက်စီးမှု၊ မြေယာပျက်စီးယိုယွင်းမှုနှင့် ရေအရင်းအမြစ်ညစ်ညမ်းမှုများ ပိုမိုမြင့်တက်လာ ကြောင်း တွေ့ရှိရသည်။
Global Forest Watch ကဲ့သို့သော ပတ်ဝန်းကျင်စောင့်ကြည့်ရေး အဖွဲ့အစည်းများ၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အထူးသဖြင့် သယံဇာတထုတ်ယူမှုများပြင်းထန်သော နယ်စပ်ဒေသများတွင် သစ်တောဖုံးလွှမ်းမှု သိသိသာသာ လျော့နည်းလာခဲ့သည်။ မြေရှားသတ္တုထုတ်ယူမှုများတွင် အများအားဖြင့် မြေလွှာဖွင့်တူးဖော်မှု (Open-pit mining) နှင့် မြေအောက်ဓာတုယိုစိမ့်ထုတ်ယူမှု (In-situ leaching) နည်းလမ်းများကို အသုံးပြုကြပြီး၊ ထိုနည်းလမ်းများကို ထိရောက်သော စောင့်ကြည့်ရေးစနစ်များ၊ ကာကွယ်ရေး ယန္တရားများနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များ မရှိဘဲ လုပ်ဆောင်ပါက ပတ်ဝန်းကျင်အတွက် အလွန်ပြင်းထန်သော ရေရှည်အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပါသည်။
သို့သော် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်ပျက်စီးမှုကို သီးခြား ပတ်ဝန်းကျင်ပြဿနာတစ်ခုအဖြစ်သာ နားလည်၍ မရနိုင်ပေ။ ယင်းသည် ပဋိပက္ခကာလ စီးပွားရေးရှင်သန်ရပ်တည်မှု၊ ဒေသတွင်းကုန်သွယ်ရေးအပေါ် မှီခိုနေရမှုနှင့် အာဏာဖွဲ့စည်းပုံကွဲပြားမှု တို့ကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စီးပွားရေးနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ အခြေအနေများနှင့် နက်ရှိုင်းစွာ ဆက်စပ်နေသည်။ လက်ရှိ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များသည် ယခင် မြန်မာအစိုးရ ၏ စီမံအုပ်ချုပ်မှုမူဝါဒများ၊ လက်ရှိ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ၏မြေရှားသတ္တု တူးဖော်ရေး ဆိုင်ရာ မူဝါဒများ၊ နယ်စပ်ကုန်သွယ်ရေး ကွန်ရက်များ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် နိုင်ငံခြား စီးပွားရေးလိုအပ်ချက်များ၏ စီမံမှုစနစ် များအောက်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာအစိုးရ၏ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ချဉ်းကပ်ပုံသည် သမိုင်းတစ်လျှောက် ဗဟိုချုပ်ကိုင်မှုအပေါ် အခြေခံကာ ဝင်ငွေရရှိရေးကိုသာ ဦးတည်သည့် ပုံစံဖြင့် ဆက်လက်တည်ရှိခဲ့ပြီး၊ ထိုသဘာဝအရင်းအမြစ်များကိုလည်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များနှင့် မဟာဗျူဟာ မြောက် စီးပွားရေးပိုင်ဆိုင်မှုများအဖြစ်သာ သဘောထားအသုံးချခဲ့သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဉ်းများ တရားဝင်တည်ရှိနေသော်လည်း ပဋိပက္ခဒေသများတွင် ထိရောက်စွာ အကောင်အထည် ဖော်နိုင်စွမ်းမှာ အလွန်အကန့်အသတ်ရှိခဲ့သည်။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessments) များကို ထိရောက်စွာ ကျင့်သုံးခြင်းမရှိသည့်အပြင် ၊ မြေယာအသုံးချမှု၊ ထုတ်ယူခွင့်လိုင်စင်ထုတ်ပေးမှု သို့မဟုတ် ပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ဒေသခံလူထု၏ သဘောထားပါဝင်ခွင့်မှာလည်း နည်းပါးခဲ့သည်။ ထို့ကြောင့် တရားဝင်မူဝါဒ ရည်မှန်းချက်များသည် မြေပြင်၌ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကြောင့် အလွန်အားနည်း နေခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြေရှားသတ္တုတူးဖော်မှုများကြောင့် ဖြစ်ပေါ်လာသော ပတ်ဝန်းကျင် ဆိုင်ရာ အကျိုးဆက်များသည် ယခင်က မြန်မာစစ်တပ်နှင့် နီးစပ်သောဆက်ဆံရေး ရှိခဲ့သည့် New Democratic Army–Kachin (NDA-K) ၏ အုပ်ချုပ်ရေးကာလကတည်းကရှိပါသည်။ ထိုကာလ အတွင်း ပတ်ဝန်းကျင်ပျက်စီးမှုများ ပိုမိုပြင်းထန်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး သတ္တုတူးဖော်မှု ဒေသများနှင့် သက်ဆိုင်သော ယုံကြည် စိတ်ချရသည့် သတင်းအချက်အလက်များကို ရယူနိုင်မှုမှာလည်း အလွန်ကန့်သတ်ရှိခဲ့ပါသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် မြေရှားသတ္တု တူးဖော်ရေးဒေသအများအပြားအပေါ် ပိုမိုထိန်းချုပ်နိုင်လာပြီးနောက်၊ သတ္တုတူးဖော်ထုတ်ယူမှုဆိုင်ရာ အုပ်ချုပ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများချမှတ်ကာ စီမံခန့်ခွဲလာကြောင်း သတင်းများထွက်ပေါ်ခဲ့ပါသည်။။ KNG News ၏ တွေ့ဆုံမေးမြန်းချက်များအရ ၂၀၂၆ အစောပိုင်းတွင် KIO အုပ်ချုပ်ရေးနယ်မြေများအတွင်း မြေရှားသတ္တုထုတ်ယူမှုဆိုင်ရာ စည်းမျဉ်းနှင့် စီမံခန့်ခွဲမှုစနစ် များကို တည်ဆောက်ရန် စည်းမျဉ်းမူဘောင်သစ်တစ်ခုကို ချမှတ်ခဲ့ကြောင်း သိရပါသည်။ သို့သော် ဤတိုးတက်မှုများရှိနေသော်လည်း မြေပြင်အကောင်အထည်ဖော်နိုင်စွမ်း၊ ဥပဒေလိုက်နာမှုထိန်းသိမ်း ရေး၊ ပတ်ဝန်းကျင်စောင့်ကြည့်မှုနှင့် ထိရောက်သော စီမံအုပ်ချုပ်ရေးတို့တွင် စိန်ခေါ်မှုများစွာ ကျန်ရှိနေ ဆဲဖြစ်သည်။
ဒေသခံလူထုအများအပြားကလည်း သတ္တုတူးဖော်ရေးကုမ္ပဏီများဘက်မှ ဆွေးနွေးညှိနှိုင်းမှု နည်းပါးခြင်း၊ ပတ်ဝန်းကျင်ကာကွယ်ရေးအစီအစဉ်များ မရှိခြင်းနှင့် စီးပွားရေးအကျိုးအမြတ်များ ခွဲဝေခံစားမှုမညီမျှခြင်းတို့အပေါ် စိုးရိမ်မှုများ ဖော်ပြနေကြသည်။ ဒေသခံအမြင်များနှင့် တွေ့ဆုံ မေးမြန်းချက်များအရ မြေရှားသတ္တုတူးဖော်မှုနှင့် ဆက်စပ်သော စီးပွားရေးအခွင့်အလမ်းများ သည် စီးပွားရေးချိတ်ဆက်မှုများ၊ တရုပ်ဘာသာစကားအားသာချက်များ သို့မဟုတ် တူးဖော်ရေး လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သည့် လူအနည်းစုသာ အကျိုးရရှိနေပါသည်။ ဒေသခံလူထု အများစုမှာ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာယိုယွင်းမှု များကို ခံစားနေရသော်လည်း ထိုက်တန်သော အကျိုးအမြတ်များ မရရှိကြပေ။ ISP-Myanmar ၏ အချက်အလက်များအရ ကချင်ပြည်နယ် ချီဖွေမြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် အနည်းဆုံး မြေရှားသတ္တုတူးဖော်ရေးနေရာ ၃၇၀ ခန့်နှင့် တူးဖော်ကျင်း ၂,၇၀၀ ခန့်ရှိကြောင်း ဖော်ထုတ်ထားသည်။ ထိုတွင် ချီဖွေမြို့နယ်၌ တူးဖော်ရေးနေရာ ၃၅၀ ခန့်နှင့် တူးဖော်ကျင်း ၂,၅၀၀ ခန့် ပါဝင်နေသည်ဟု ခန့်မှန်းထားသည်။
တစ်ဖက်တွင်လည်း ဒေသခံအုပ်ချုပ်ရေးအာဏာပိုင်များသည် အုပ်ချုပ်ရေးဆိုင်ရာ ကန့်သတ် ချက်များစွာကို ရင်ဆိုင်နေရသည်။ ပဋိပက္ခဒေသများကို စီမံအုပ်ချုပ်နေသော အဖွဲ့အစည်းများသည် လုံခြုံရေးဖိအားများ၊ ဒေသအုပ်ချုပ်ရေး၊ လူသားချင်းစာနာထောက်ထားရေး လိုအပ်ချက်များ၊ စီးပွားရေးငွေကြေးထောက်ပံ့မှုနှင့် ဒေသခံလူထုမျှော်လင့်ချက်များကို တစ်ပြိုင်နက်တည်း ကိုင်တွယ်နေ ရသည်။ ထိုသို့သော အခြေအနေများအောက်တွင် ပတ်ဝန်းကျင်ကာကွယ်ရေးသည် လက်ရှိလိုအပ် နေသော နိုင်ငံရေးနှင့် စီးပွားရေးရှင်သန်ရပ်တည်ရေးဦးစားပေးမှုများ၏ နောက်ကွယ်သို့ ရောက်သွား တတ်သည်။ ထို့ကြောင့် သယံဇာတထုတ်ယူရေးလုပ်ငန်းများသည် သာမန်စီးပွားရေး လည်ပတ်မှု တစ်ရပ်အဖြစ်သာ မဟုတ်တော့ဘဲ၊ ပဋိပက္ခကာလအတွင်း စီးပွားရေးစနစ်များ၏ အစိတ်အပိုင်းတစ်ခု အဖြစ် နက်ရှိုင်းစွာ ချိတ်ဆက်ပါဝင်နေသည်။
ပတ်ဝန်းကျင်ထိခိုက်မှုများသည် ယခုအခါ ပိုမိုလျစ်လျူရှု၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာနေသည်။ သတ္တုတူးဖော်ရေးဒေသများအနီးရှိ လူထုများက ရေထုညစ်ညမ်းမှုများလာခြင်း၊ စိုက်ပျိုးရေးအခြေအနေ မတည်ငြိမ်လာခြင်း၊ ငါးအရေအတွက် လျော့နည်းလာခြင်းနှင့် သတ္တု တူးဖော်ရေး ဓာတုစွန့်ပစ်မှုများနှင့် ဆက်စပ်သော ညစ်ညမ်းမှုများအပေါ် စိုးရိမ်မှုများ လာကြောင်း ဖော်ပြနေကြသည်။ သတ္တုတူးဖော်ရေးဒေသများမှ စီးဆင်းသည့် မြစ်များနှင့် ရေစီးကြောင်းများသည် တူးဖော်ရေးနေရာများကိုသာမက ရေစီးကြောင်းအောက်ပိုင်းဒေသရှိ လယ်ယာများ၊ ငါးဖမ်းလုပ်ငန်း များ၊ မွေးမြူရေးစနစ်များနှင့် သဘာဝပတ်ဝန်းကျင် ကွန်ရက်များအပေါ် ထိခိုက်မှုများစွာ ရှိနေသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြစ်ရေစနစ်များသည် မြန်မာနိုင်ငံ၏ အခြားဒေသများနှင့် အိမ်နီးချင်းနိုင်ငံများ အထိ ဆက်စပ်ချိတ်ဆက်နေသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသက်သွေးကြောများဖြစ်သည်။ ထို့ကြောင့် သတ္တုတူးဖော်ထုတ်ယူမှုများ ပြုလုပ်နေသည့် မြစ်အထက်ပိုင်းဒေသများမှ စိမ့်ဝင်လာသော ညစ်ညမ်းမှုများသည် စိုက်ပျိုးရေးလုပ်ငန်းများ၊ ဇီဝမျိုးကွဲများ၊ သဘာဝပတ်ဝန်းကျင်စနစ်များနှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းများအပေါ် အကျိုးဆက်များစွာကို ဆက်လက်ဖြစ်ပေါ် စေနိုင်သည်။ အထူးသဖြင့် ရေသွင်းစိုက်ပျိုးရေး၊ သောက်သုံးရေ၊ ငါးဖမ်းလုပ်ငန်းများနှင့် စိုက်ပျိုး မွေးမြူရေးအပေါ် မှီခိုအားထားနေသော လူမှုအသိုင်းအဝိုင်းများအတွက် ဤအခြေအနေသည် ပိုမို စိုးရိမ်ဖွယ်ရာ ဖြစ်လာနေသည်။
ကချင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းအများစုတွင် ရိုးရာအသက်မွေးဝမ်းကျောင်းမှုများသည် တောင်ယာစိုက်ပျိုးရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဒေသတွင်းအသေးစားစီးပွားရေးများအပေါ် အဓိက မှီခိုနေဆဲဖြစ်သည်။ သို့သော် သတ္တုတူးဖော်ရေးနှင့်ဆက်စပ်သော ပတ်ဝန်းကျင်ပျက်စီးမှု များကြောင့် အစားအစာဖူလုံရေး၊ စိုက်ခင်းစနစ်များနှင့် ရေရှည်စိုက်ပျိုးရေးတည်ငြိမ်မှုတို့အပေါ် ပိုမိုခြိမ်းခြောက် လာနေပါသည်။ မြေဆီလွှာပျက်စီးမှု၊ ရေအရင်းအမြစ်ညစ်ညမ်းလာမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် ဒေသအချို့တွင် စိုက်ပျိုးရေးထုတ်လုပ်နိုင်စွမ်း လျော့နည်းလာပြီး ဒေသခံ လူထုများ အတွက် ရိုးရာအသက်မွေးဝမ်းကျောင်းမှုများ ဆက်လက်လည်ပတ်ထိန်းသိမ်းရန် ပိုမိုခက်ခဲ လာစေသည်။
သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှုအပြင် သယံဇာတထုတ်ယူမှုစီးပွားရေးများသည် ဒေသခံလူမှု ဖွဲ့စည်းပုံများနှင့် လူမှုအသိုင်းအဝိုင်းစနစ်များကိုလည်း ပုံဖော်နေပါသည်။ အစီရင်ခံစာများနှင့် ဒေသခံ စိုးရိမ်မှုများအရ သတ္တုတူးဖော်ရေးဒေသများရှိ အလုပ်သမားများသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ လုပ်ခလစာမညီမျှမှု၊ အထူးသဖြင့် လူငယ်အမျိုးသမီးများအတွက် မလုံခြုံသော လုပ်ငန်းခွင်အခြေအနေများနှင့် အလုပ်အကိုင်ရွေးချယ်စရာနည်းပါးမှုများကြောင့် ဖြစ်ပေါ်လာသော လူမှုမတည်ငြိမ်မှုများကိုလည်း ရင်ဆိုင်နေရသည်။ ထိုအခြေအနေများသည် လူမှုကာကွယ်စောင့် ရှောက်ရေး၊ အလုပ်သမားအကာအကွယ်များနှင့် ရေရှည်လူမှုအသိုင်းအဝိုင်း တည်ငြိမ်မှုအပေါ် စိုးရိမ်မှုများကို ပိုမို ဖြစ်ပေါ်စေသည်။
အရေးကြီးဆုံး စီမံအုပ်ချုပ်မှုကွာဟချက်များအနက် တစ်ခုမှာ မူဝါဒအကောင်အထည်ဖော်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်ရေးနှင့် ဆုံးဖြတ်ချက်ချမှုလုပ်ငန်းစဉ်များတွင် ဒေသခံလူထု ၏သဘောထား ပါဝင်မှုအခန်းကဏ္ဍ နည်းပါးနေခြင်းဖြစ်သည်။ သတ္တုတူးဖော်ရေး စီမံကိန်းများကြောင့် တိုက်ရိုက်ထိခိုက်နေသော လူမှုအသိုင်းအဝိုင်းအများစုသည် မြေရှားသတ္တုတူးဖော်မှုများနှင့် ဆက်စပ် သော ရေရှည်ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် လူမှုရေးအကျိုးဆက် များအကြောင်း လုံလောက်စွာ မသိရှိကြသေးပေ။ ဓာတုညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ မြေအောက်ရေအန္တရာယ်များနှင့် ရေရှည်ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များအကြောင်း လူထုအသိပညာပေးရန် ဤသတ္တုတူးဖော် ရေးဒေသများစွာတွင် အကန့်အသတ်ရှိနေဆဲဖြစ်သည်။ ယင်းသည် စီမံအုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှု တစ်ခုသာ မဟုတ်ဘဲ လူထုအား သတင်းအချက်အလက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရန် လိုအပ်ချက်တစ်ခုလည်း ဖြစ်သည်။
ဤစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် သယံဇာတထုတ်ယူမှုဗဟိုပြု စီမံအုပ်ချုပ်မှု နည်းလမ်းများထက် ပိုမိုပွင့်လင်းမြင်သာပြီး ဒေသခံလူထုအများစုပါဝင်မှုရှိသော ပတ်ဝန်းကျင် တာဝန်ခံမှုဆိုင်ရာ မူဝါဒမူဘောင်များနှင့်အကောင်အထည်ဖော်ရေး ယန္တရားများကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ အရေးကြီးသော ဦးစားပေးမူဝါဒတစ်ခုမှာ သတ္တုတူးဖော်ရေးဒေသ များရှိ ပတ်ဝန်းကျင်စောင့်ကြည့်ရေးနှင့် ဓာတုစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များကို အားကောင်းလာ စေရန် ဖြစ်သည်။ လက်ရှိစောင့်ကြည့်ရေးစနစ်များသည် သတ္တုတူးဖော်ရေးအမှိုက်ရေစီးဆင်းမှု၊ ဓာတုအမှိုက် စွန့်ပစ်မှု၊ မြေဆီလွှာကာကွယ်မှုနှင့် မြစ်ကာကွယ်ရေးတို့ကို ထိရောက်စွာစည်းမျဉ်း ချမှတ်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဒေသခံလူမှုအသိုင်းအဝိုင်းများကို ထိခိုက်စေနိုင်သော ပြန်လည်ပြုပြင်၍ မရနိုင်တော့သည့် သဘာဝပျက်စီးမှုများကို ကာကွယ်ရန် ပိုမိုအားကောင်းသော ကာကွယ်ရေး နှင့် စောင့်ကြည့်ရေး စနစ်များ လိုအပ်ပါသည်။
ထို့အပြင် ပတ်ဝန်းကျင်ပြန်လည်ထူထောင်ရေးမူဝါဒများသည်လည်း အနာဂတ်စီမံအုပ်ချုပ်မှု မဟာဗျူဟာများ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာရန်လိုအပ်ပါသည်။ မြေယာပျက်စီးမှု၊ သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ပြင်းထန်နေသော တူးဖော်ရေးဒေသများ အတွင်း ရေရှည်ပြန်လည်ထူထောင်ရေး အစီအစဉ်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ သစ်တောပြန်လည်စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေး အစီအစဉ်များ၊ မြစ်ကာကွယ်ရေးနှင့် မြေယာစီမံခန့်ခွဲမှုမဟာဗျူဟာများသည် ရေရှည်ပတ်ဝန်းကျင်ယိုယွင်းမှုကို လျှော့ချပေးနိုင်ပြီး ဒေသဆိုင်ရာ သဘာဝဂေဟစနစ်ကြီးကိုလည်း ပြန်လည်အားကောင်းစေနိုင်သည်။
ထို့အတူ လူထုအခြေပြု ပတ်ဝန်းကျင်စောင့်ကြည့်ရေးယန္တရားများကို တိုးချဲ့လာရန်လည်း အရေးကြီးပါသည်။ ဒေသခံလူထုများသည် မိမိတို့၏ သဘာဝပတ်ဝန်းကျင်အတွင်း ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို အနီးစပ်ဆုံးနားလည်ထားသူများ ဖြစ်ကြသည်။ ပတ်ဝန်းကျင်စောင့်ကြည့်ရေး၊ ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံမှုစနစ်များတွင် ဒေသခံများပါဝင်မှု ပိုမိုတိုးမြှင့်ပေးနိုင်ခြင်းသည် တာဝန်ခံမှုပိုမိုအားကောင်းလာနိုင်ပြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအပေါ် လူထုယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း အားကောင်းလာစေနိုင်သည်။ တူးဖော်ရေးလိုင်စင်စနစ်များ၊ သတ္တုတူးဖော်ရေးစည်းမျဉ်းများနှင့် သဘာဝပတ်ဝန်းကျင်စောင့်ကြည့် ရေးလုပ်ငန်းစဉ်များတွင် ပိုမိုရှင်းလင်းသော အစီရင်ခံမှုစနစ်များ၊ လူထုအတွက် သတင်းအချက် အလက်ရရှိနိုင်မှုနှင့် ဒေသခံအမြင်များကို မူဝါဒရေးဆွဲမှုတွင် ထည့်သွင်းစဉ်းစားနိုင်မည့် ဖွဲ့စည်းပုံများ လည်းလိုအပ်ပါသည်။ နိုင်ငံတကာမူဘောင်များနှင့် ကုလသမဂ္ဂစံနှုန်းများအောက်တွင် အသိအမှတ် ပြုထားသော Free, Prior, and Informed Consent (FPIC) ကို အကောင်အထည်ဖော်နိုင်ခြင်းဖြင့် လည်း သတ္တုတူးဖော်ရေးစီမံကိန်းများ စတင်မလုပ်ဆောင်မီ ဒေသခံနှင့်တိုင်းရင်းသား လူမှုအသိုင်း အဝိုင်းများအား အရေးကြီးသော ဆွေးနွေးတိုင်ပင်မှုများတွင် ပါဝင်စေခြင်းဖြင့် ဒေသခံလူထု၏အခွင့် အရေးနှင့် အကျိုးစီးပွားများအတွက် ပိုမိုခိုင်မာသော အကာအကွယ်များ ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် မြေရှားသတ္တုတူးဖော်မှုများကြောင့် ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်ထိခိုက်မှုများကို ဖြေရှင်းရန်တာဝန်မှာ ဒေသဆိုင်ရာအုပ်ချုပ်ရေး အာဏာပိုင်များ၏ တာဝန်သာ မဟုတ်ဘဲ ချမှတ်ထား သည့် ပတ်ဝန်းကျင်စည်းမျဉ်းများနှင့် လုပ်ငန်းလည်ပတ်မှုစံနှုန်းများကို လိုက်နာရန် သတ္တုတူးဖော်ရေး ကုမ္ပဏီ များတွင်လည်း များစွာတာဝန်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက် အတွင်း အဓိကလွှမ်းမိုးထားသော တရုတ်အစိုးရအနေဖြင့်လည်း ၎င်း၏ ပြည်ပမြေရှားသတ္တု ရင်းနှီးမြှုပ်နှံမှုနှင့် သတ္တုတူးဖော်ရေးမူဝါဒများအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းများ နှင့် ကာကွယ်ရေး အစီအမံများကို ပိုမိုခိုင်မာစွာ ထည့်သွင်းအကောင်အထည်ဖော်သင့်သည်။
လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော သဘာ၀ပတ်ဝန်းကျင်အကျပ်အတည်းသည် စီးပွားရေးရှင်သန်ရပ်တည်မှု၊ စီမံအုပ်ချုပ်မှုကွဲပြားမှု၊ သဘာဝပတ်ဝန်းကျင်တည်တံ့မှုနှင့် ရေရှည် ဒေသတည်ငြိမ်မှုတို့အကြားရှိ ပိုမိုနက်ရှိုင်းတင်းမာသော အခြေအနေများကို ထင်ဟပ်စေသည်။ ဒေသခံလူထုများအတွက် သယံဇာတထုတ်ယူမှုစီးပွားရေးများသည် တစ်ဖက်တွင် စီးပွားရေး လိုအပ်ချက်တစ်ခု ဖြစ်သလို တစ်ဖက်တွင်လည်း ပတ်ဝန်းကျင်အန္တရာယ်တစ်ခုအဖြစ် တည်ရှိနေသည်။ ထို့ကြောင့် ထိရောက်သော စီမံအုပ်ချုပ်မှုသည် ရေတိုသယံဇာတထုတ်ယူမှုဗဟိုပြု နည်းလမ်းများထက် ပတ်ဝန်းကျင် ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာ၀န်ယူမှုတာဝန်ခံမှု၊ လူမှုအသိုင်း အဝိုင်း အကျိုးစီးပွားနှင့် ရေရှည်တည်တံ့မှုတို့ကို ဖော်ဆောင်နိုင်သည့် စနစ်များကို ဖော်ဆောင်လာရမည် ဖြစ်သည်။
၂၀၁၀ ဝန်းကျင်၌ တရုတ်နိုင်ငံသည် မြေရှားသတ္တုတူးဖော်မှုများကြောင့် ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ စည်းမျဉ်း များနှင့် အကောင်အထည်ဖော်ရေး ယန္တရားများကို ပိုမိုတင်းကျပ်စွာ ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံတွင်း အတွေ့အကြုံအရ မြေရှားသတ္တုတူးဖော်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုစနစ်လိုအပ်ချက် မျာကြောင့် ရေရှည်ပတ်ဝန်းကျင် ပျက်စီးမှုများကို တွေ့ကြုံခဲ့ရပြီး၊ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများ စီမံခန့်ခွဲရာတွင် ထိရောက်သောစောင့်ကြည့်ရေးစနစ်များ၊ ပတ်ဝန်းကျင် တာဝန်ယူမှု တာဝန်ခံမှုစနစ်များနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များ၏ အလွန်အရေးပါမှုကဏ္ဍကို ပိုမို ထင်ဟပ် စေပါသည်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ အနာဂတ်သည် နိုင်ငံရေးတည်ငြိမ်မှုတစ်ခုတည်းအပေါ်သာ မူတည်နေခြင်းမဟုတ်ဘဲ၊ ပဋိပက္ခကာလအတွင်း သယံဇာတထုတ်ယူရေးအခြေပြု စီးပွားရေးစနစ် ပုံစံများမှ ပိုမိုရေရှည်တည်တံ့ပြီး လူထုပါဝင်မှုကိုလည်း အခြေခံသည့် ပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှုစနစ်မူဘောင်များဆီသို့ ပြောင်းလဲလာနိုင်မလားဆိုသည့် အချက်ပေါ်တွင်လည်း များစွာမူ တည်နေပါသည်။ ဓာတုစွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု၊ သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေး၊ လူထုပါဝင်ဆောင်ရွက်မှုနှင့် ဒေသခံလူမှု အသိုင်းအဝိုင်းများအား အကာအကွယ်ပေးရေးတို့ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သည့် ပြုပြင်ပြောင်းလဲမှုစနစ်များ မရှိပါက၊ လက်ရှိ ပတ်ဝန်းကျင်ပျက်စီးမှုများသည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အကျပ်အတည်းတစ်ရပ်အဖြစ်သာမကတော့ဘဲ၊ ရေရှည်တည်တံ့သော လူမှုအသိုင်းအ၀ိုင်း တည်ဆောက်မှု နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်မျိုးဆက်များစွာအထိ သက်ရောက် နိုင်သည့် ရေရှည်အတားအဆီးတစ်ရပ်ဖြစ်လာနိုင်ပါသည်။




