ဆောင်းပါး

လုံးခင်းရွာနားက ဂျုံးဂျုံးဂျက်တံတား

ဖားကန့်မြို့ရဲ့ သက်တမ်းအကြာဆုံး ဥရုချောင်းကို ဖြတ်ပြီးသွယ်တန်းတည်ဆောက်ထားတဲ့ တံတားတွေထဲမှာ လုံးခင်းရွာနားက တံတားလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒီတံတားကို ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တည်ဆောက်ပေးခဲ့တာဖြစ်ပြီး တံတားလေး ခုဆိုရင် နှစ်ပေါင်း ၆၂ နှစ်ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။

နှစ်ပေါင်းကြာမြင့်နေပြီဖြစ်တဲ့အတွက် တံတားမှာယိုယွင်းပျက်စီးနေပြီး ထိန်းသိမ်းမှုအားနည်းတာကြောင့် ခုဆိုရင် တံတားအမည်ကို ( ဒေသခံအခေါ် ) ဂျုံးဂျုံးကျတံတားလို့ ခေါ်ရတဲ့အထိဖြစ်နေပြီလို့ဆိုကြပါတယ်။

သံဘောင်၊သံပြားတွေနဲ့တည်ဆောက်ထားပေမယ့် တံတားကယိမ်းယိုင်နေပြီဖြစ်တဲ့အတွက် ယာဉ်၊ကား၊ဆိုင်ကယ် ဖြတ်သန်းချိန်တိုင်း တဂျုံးဂျုံး၊တဂျက်ဂျက် အသံများ အဆက်မပြတ် မြည်နေတာကို အစွဲပြုပြီးတော့ (ဂျုံးဂျုံးဂျက်)တံတားလို့ ခေါ်ဆိုနေကြတာဖြစ်ပါတယ်။

ဒီတံတားလေးပေါ်ကနေ ခေါင်းရွက်ဖျက်ထိုးဈေးသည်ကအစ၊ကျောင်းသူ၊ကျောင်းသား၊ပွဲစား၊သူ‌‌ဌေး၊သူကြွယ်အားလုံး နေ့စဉ်ဖြတ်သန်းသွားလာနေရတာပေါ့၊အခုတော့ တံတားက တော်တော်လေး ပျက်စီးနေခဲ့ပါပြီဟု လုံးခင်းဒေသခံတစ်ဦးကပြောပါတယ်။

ဂျုံးဂျုံးဂျက်တံတား

လက်ရှိ တံတားဟောင်းရဲ့ ကြမ်းခင်းပြင် သံပြားတွေက ချိတ်ဆက်မှုမရှိတော့ဘဲ ရွှေ့လျားနေတဲ့အပြင်၊ တချို့နေရာတွေမှာ ပေါက်ပြဲပျက်စီး‌နေပြီး၊တံတားသံဘောင်တွေကို ဂျိုင်းဆက်ထားတဲ့ မူလီခေါင်းတွေကလည်း အများပိုင်းမရှိတော့ပါဘူး။

တံတားရဲ့တစ်ဘက်မှာတော့ လုံးခင်းအထက်တန်းကျောင်း၊ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း)ရုံးတို့ရှိနေပြီး၊ကျောင်းဆင်းချိန်ဆို တံတားကူးဖို့ လူကြပ်ညက်လွန်းတာကြောင့် စောင့်ဆိုင်းနေကြတဲ့ မြင်ကွင်းကိုလည်း မကြာခဏတွေ့မြင်နေရပါတယ်။  

ဂျုံးဂျုံးကျတံတားဟာဆိုရင် သံဘောင်ဘေလီတံတားအမျိုးအစားဖြစ်ပြီး လုံးခင်းကျေးရွာအုပ်စုနဲ့ ဥရုချောင်းတဘက်ကမ်းမှာရှိတဲ့ ငြိမ်းချမ်းသာယာ၊မလန်းကျေးရွာတို့ရှိ ပြည်သူများ အလွယ်တကူ သွားလာနိုင်ဖို့ ဆက်သွယ် ဖောက်လုပ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အလျား ၄၁၀ ပေ၊အကျယ် ၁၃ ပေရှိတဲ့ ဒီတံတားဟာ ခံနိုင်ဝန်မှာ ၁၃ တန်ရှိပြီး ရေကင်းလွတ်အမြင့်ပေမှာ မူလအစက ၂၈ပေ အထိ ရှိခဲ့တယ်လို့ လုံးခင်းကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက အခုလိုပြောပြပါတယ်။

အဲ့ဒီ တံတား‌လေးက နှစ်ကြိမ်ကျိုးကျပြီးပြီ၊အခု ကားလေး(ယာဉ်ငယ်)လေးတွေပဲ ဖြတ်သန်းလို့ရတော့တယ်လို့ ဆိုပါတယ်။

ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ တံတားဟာ ခံနိုင်ဝန်လည်း မရှိတော့တာကြောင့်  တံတားကျိုးကျတာလည်း ၂ ကြိမ်တိတိဖြစ်ခဲ့ပြီလို့ ဆိုကြပါတယ်။

၂၀၀၀ ခုနှစ် အဲဒီတံတားလေးပေါ်ကနေ ဆီအပြည့်တင်လာတဲ့ ၁၂ဘီးကားတစ်စီးဖြတ်သန်းရာကနေ ပထမဆုံးတစ်ကြိမ် တံတားကျိုးကြမှု ဖြစ်ပွားခဲ့တဲ့အပြင် ၂၀၂၁ ခုနှစ်မှာလည်း နောက်ထပ်တံတားပေါ်သို့ ဘိလပ်မြေတင်လာတဲ့ ၁၀ဘီးကား ဖြတ်သန်းရာကနေ ဒုတိယအကြိမ် တံတားကျိုးကျမှု ဖြစ်ခဲ့တာဖြစ်တယ်လို့ ဒေန္တတရမှတ်တမ်းတွေအရ သိရပါတယ်။

တံတားကျိုးကျခဲ့တဲ့ နှစ်ကြိမ်စလုံးမှာတော့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြုပြင်ပေးခဲ့ပြီး၊တံတားရေရှည်တည်တံ့ရန်အတွက် ကျေးရွာနေပြည်သူများ ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းထိန်းသိမ်းနေရကြောင်း သိရပါတယ်။

ဒါ့အပြင် မိုးရာသီကာလရောက်လို့ ဥရုချောင်းရေတက်တဲ့ အကြိမ်တိုင်း တံတားကြမ်းပြင်အထိ‌ရေ ရောက်ရှိလာတဲ့အတွက် ရေတိုက်စားမှုကလည်း နှစ်တိုင်းကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖြစ် တာဝန်ယူစဉ်ကာလမှာ လုံးခင်းကျေးရွာသူ၊သားများ စုပေါင်းပြီး တံတာပြုပြင်ပေးဖို့ တင်ပြတောင်းဆိုခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ စုပေါင်းတောင်းဆိုခဲ့ကြတဲ့အတွက် တံတားကို သုံးပေအထိ ရေကင်းလွတ်အောင် မြှင့်ခဲ့ကြတာပေါ့လို့ တံတားပြုပြင်ရာမှာ ပါဝင်ခဲ့တဲ့လုံးခင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ် ဇွန်လမှာတော့ လမ်း၊တံတားဦးစီးဌာနကနေလာရောက်ပြီး တံတားအခင်းသံပြားတွေကို ဂဟေဆက်တာ၊သံဘောင်တွေမှာလိုအပ်နေတဲ့ မူလီ၊ဆို့တွေကို ပြန်ပြီးတပ်ဆင်ပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးယန္တယားလည်း မရှိတော့တဲ့ ဖားကန့်မှာ ပျက်စီးနေတဲ့တံတားကိုထိန်းသိမ်းကြဖို့ နေနေသာသာ တစ်ချို့သောပြည်သူတွေဟာ တံတားပေါ်ကနေ စွန့်ပစ်အမှိုက်များကိုလည်း ဥရုချောင်းထဲကို စွန့်ပစ်နေကြသလို တံတားကလည်း လက်ရှိချိန်မှာတော့ ပိုပြီးပျက်စီးနေပြီဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဟာ ခေတ်အဆက်ဆက် ပြည်ထောင်စုအတွက် အခွန်အခ ရန်ပုံငွေ အများဆုံးရှာဖွေပေးနေပေမယ့် ဒေသတွင်းရှိ လမ်း၊တံတား၊ဆေးရုံ အစရှိသည့် လူ‌နေမှုဘဝ အခြေခံ အဆောက်အဦးတွေဟာ ပြည်ထောင်စုအဆင့်တွင်သာမက ကချင်ပြည်နယ်အတွင်းရှိ တခြားသော မြို့နယ်များထက် အများကြီး အင်မတန် နိမ့်ကျနေတာကို တွေ့ရပါတယ်။

ကွန်ကရစ် တဝက်တပျက်ခင်းထားတဲ့လမ်းများ၊လူဦးရေအချိုးအစားနဲ့မမျှတတဲ့ ဆေးရုံ၊ဆေးပေးခန်းများ၊အဆမတန် ပေါများနေတဲ့အတွက် ဖမ်းဆီးသူမဲ့ မူးယစ်ဆေးဝါးများအကြားမှာ ဖားကန့်ဒေသနေပြည်သူများ နိစ္စဓူဝ နေ့စဉ်ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။

ယခုအခါ လူဦးရေထူထပ်စွာနေထိုင်တဲ့ လုံးခင်းကျေးရွာအုပ်စုနဲ့ ငြိမ်းချမ်းသာယာ၊မလန်းကျေးရွာတို့အား ဆက်သွယ်ပေးထားတဲ့ ဥရုချောင်းကူး သံဘောင်တံတားလေးကို ဘေးအန္တရယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ဖို့အတွက် (ဂျုံးဂျုံးဂျက်)တံတားလေးအား အမြန်ဆုံး၊အကောင်းဆုံး ပြုပြင်ပေးရန် ဒေသခံပြည်သူများမှ လိုလားနေကြပါတယ်။

By – NY

Show More

Related Articles

Back to top button