သတင်း

နန်းယွန်းမြို့နယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ထဲမှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

နန်းယွန်းမြို့နယ်ထဲမှာ ဇွန်လပိုင်းကစလို့ ရာသီတုပ်ကွေးအဖြစ်များလာပြီး ဆေးရုံ၊ဆေးခန်းတွေမှာ ဆေးဝါးတွေလုံလုံလောက်လောက်မရှိတာကြောင့် အကူအညီတွေလိုအပ်နေတာလို့ နန်းယွန်းမြို့ခံ အသက် ၃၀ နှစ်အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အခြေအနေအရမ်းဆိုးတဲ့လူထဲမှာတောင် လုံးဝမနိုင်တဲ့လူနာလောက်ပဲ ထိုးဆေးရတယ်။ အများပိုင်းသောက်ဆေးလောက်နဲ့ပဲကုနေတာသောက်ဆေးတောင်ဆေးမစုံဘူး ဆေး ၄၊ ၅ မျိုးစပ်ပေးရမယ့်လူနာမျိုးတောင်ဆေးမလောက်လို့ ၂မျိုး ၃မျိုးလောက်ပဲစပ်ပေးပြီးမှကုနေတာသောက်ဆေးကောထိုးဆေးကော မရှိသလောက်ပဲလို့သူကပြောပါတယ်။

နန်းယွန်းမြို့နယ်ထဲမှာ ရာသီတုပ်ကွေးကူးစက်ပျံ့နှံ့နေတာ ၁၀ ရက်ကျော်ရှိလာပြီဖြစ်ကာကလေး၊ လူကြီး အရွယ်စုံဖျားနေကြတယ်လို့ နန်းယွန်းဒေသခံတစ်ဦးက ထပ်ပြောပါတယ်။

ဖြစ်တာကတော့ကလေးလူကြီးအားလုံးမှာဖြစ်နေတာပဲ အဖြစ်များတာက ခေါင်းကိုက် ခေါင်းမူး တချို့က ကိုယ်ပူတာ ပြီးတော့ လည်ချောင်းလည်းနာကြတယ် အစုံပဲတုပ်ကွေးက ရေကြောင့်လား ရာသီဥတုကြောင့်လားမသိတော့ဘူး ဆေးရုံဆေးခန်းလည်းလူပြည့်ပြီးဆေးကမမျှဘူးဖြစ်နေတာလို့ ပြောပါတယ်။

ဆေးရုံ၊ဆေးခန်းလာပြတဲ့လူနာတွေဟာ နေ့စဥ် တစ်ရက်ကို ၅၀ ကနေ ၁၀၀ နီးပါးအထိရှိပြီး အဓိက အဖျားကျ‌ဆေး၊ နှာစျေးချောင်းဆိုးနဲ့ဆိုင်တဲ့ဆေးဝါး၊ ဝမ်းကိုက်ဝမ်းလျောနဲ့ဆိုင်တဲ့ဆေးဝါးတွေလိုအပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။

နန်းယွန်းမြို့မှာပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကမိုးသည်းထန်ပြီးရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာကြောင့် ရှင်ဗွေယန်နန်းယွန်းကားလမ်းပိုင်းမှာရှိတဲ့ မြို့ဟောင်းကြိုးတံတား မျှောပါသွားသလို ကားလမ်းပိုင်းထဲက တံတားငယ်တစ်ချို့လည်းပျက်စီးခဲ့ပြီး ဒီကနေ့အထိသွားလာလို့မရသေးတဲ့အတွက်  ခုလိုဆေးဝါးတွေပြတ်လပ်နေတာလို့သိရပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အရေးပါတဲ့မြို့တစ်မြို့ဖြစ်တဲ့ နန်းယွန်းမြို့ဟာ ဝေးလှံခေါင်ဖျားပြီးလမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသဖြစ်တာကြောင့် အခုလိုမိုးရာသီးကာလမှာ လမ်းပိုင်းခက်ခဲ ပြီး နှစ်စဥ် ကျန်းမာရေး၊စားဝတ်နေရေးခက်ခဲတဲ့ ဒေသ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button