စစ်ပြေးဒုက္ခသည်များသတင်း

အင်းတော်နယ်ထဲက ၂ နှစ်ကျော်ကြာစစ်ဘေးရှောင်ခဲ့တဲ့ ရွာပေါင်း ၁၀ ရွာကျော်နေရပ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက  နှစ်ကျော်စစ်ဘေးရှောင်ခဲ့တဲ့ ရွာပေါင်း ၁၀ ရွာက ပြည်သူတွေနေရပ်ပြန်နေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အင်းတော်မြို့နယ် မော်တိတ်ဒေသထဲကို စစ်ကောင်စီတပ်အင်းအားအလုံးအရင်းဝင်ရောက်လာပြီး မော်တိတ်ကျေးရွာအုပ်စု နန့်သာရွာမှာအထိုင်ချကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် မော်တိတ်ဒေသတစ်ခုလုံးက ပြည်သူတွေ တောတောင်ထဲစစ်ဘေးရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။

အဲဒီနောက်  နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဇွန်လမှာ တော်လှန်အင်အားစုတွေက မော်တိတ်ဒေသတစ်ခုလုံးကို ဝင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တာကြောင့် ရွာပေါင်း ၁၀ ရွာက ပြည်သူတွေ ဇူလိုင် ၁၁ ရက်နေ့ကစပြီး နေရပ်ကိုပြန်ဝင်နေကြပြီလို့ အောင်းကုန်းကျေးရွာ စစ်ရှောင်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

အားလုံးကိုယ့်အိမ်ကိုယ့်ယာထဲကိုပြန်ဝင်နေကြပြီ ကာကွယ်ရေးတွေဘက်ကလည်းဝင်ကြတော့ကိုယ့်အိမ်ကိုယ့်ယာထဲဝင်ပြီးလုပ်စရာရှိတာလုပ်ကြတော့လို့ပြောလို့ အားလုံးကပြန်ဝင်စပြုနေပြီ ။အရင်ဦးဆုံးတော့သန့်ရှင်းရေးတွေဘာတွေလုပ်ရအုံးမှာလို့ သူကပြောပါတယ်။

 နှစ်ကျော်ကြာစစ်ဘေးရှောင်ခဲ့ကြတဲ့ ကျေးရွာတွေဟာ နန့်သာ၊ အောင်းကုန်း၊အင်ပင်၊ကျွန်းတော၊တုံ့တော်၊မော်တိတ် ၊ပေဘင်ကျေးရွာတွေအပါအဝင် စုစုပေါင်းရွာပေါင်း ၁၀ ရွာဖြစ်ပြီး လက်ရှိ မော်တိတ်ဒေသတစ်ခုလုံးစစ်ကောင်စီတပ်တွေကင်းစင်သွားပြီဖြစ်တာကြောင့် နေရပ်ပြန်ဝင်နိုင်တာဖြစ်တယ်လို့ အင်ပင်ကျေးရွာထဲက စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။

 တောတောင်တွေထဲမှာ  နှစ်ကျော်ကြာစစ်ဘေးရှောင်ပြီး အခုလိုနေရပ်ပြန်ဝင်တဲ့အချိန် စစ်ဘေးရှောင်တွေအတွက် အဓိကအခက်အခဲကစားဝတ်နေရေးနဲ့ နေရာထိုင်ခင်းအခက်အခဲတွေကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကဆိုပါတယ်။

အဓိကအခက်အခဲက ဘာဖြစ်သလဲဆိုတော့ စားရေးသောက်ရေးပဲပါ့ တလျှောက် လုံးလည်းမရှိ ရှိအောင်ကြံဖန်စားသောက်လာခဲ့ကြတာ အခုကအိမ်တွေလည်းပြန်ဆောက်ရမှာနဲ့ဆိုတော့ပိုခက်ခဲမှာပေါ့ပြီးတော့တချို့က နေစရာအိမ်မရှိကြဘူး မီးလောင်ကုန်တာလို့ နန့်သာကျေးရွာနေစစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။

မော်တိတ်ဒေသထဲက နေရပ်ပြန်မယ့်စစ်ဘေးရှောင်တွေအတွက် အစားအသောက်အကူအညီတွေလိုအပ်နေသလို အောင်ကုန်း၊နန့်သာနဲ့အင်ပင်ရွာတွေထဲက နေအိမ်မီးရှို့ခံရတဲ့ အိမ်ခြေ ၅၀ ကျော်ပြန်လည်ထူထောင်ရေးအတွက်လည်းအကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

လက်ရှိနေရပ်ပြန်နေကြတဲ့ ကျေးရွာတွေဟာ အင်းတော်မြို့နဲ့ ၁၀ မိုင်နီးပါးဝေးတဲ့နေရာမှာတည်ရှိပြီး စစ်ကောင်စီအတွက်ကုန်းကြောင်းအရအရေးပါတဲ့ အင်းတော်ဗန်းမောက် မဟာဗျူဟာမြောက်တဲ့ကားလမ်းပိုင်းမှာတည်ရှိတာ ဖြစ်ပါတယ်။

အင်းတော်တစ်နယ်လုံးမှာ စစ်ကောင်စီတပ်တွေ အင်းတော်မြို့တွင်းအထိုင်တပ်တစ်ခုနဲ့ နဘားလမ်းဆုံ ဒေသအခေါ် (ဂျပန်လိူင်ဂူ)စတဲ့ နှစ်နေရာမှာသာကျန်ရှိတော့တာကြောင့် အင်းတော်မြို့ခံတွေလည်း တိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်ပြီး ကြိုတင်ရှောင်တိမ်းတာမျိုးရှိနေတယ်လို့ သိရပါတယ်။

အခုကမကျန်တော့ဘူးလေ အဓိကအင်းတော်မြို့တွင်းတစ်ခုပဲ ကျန်မှာ အဲ့ကြောင့်မြို့ထဲကလူတွေကတချို့အစိုးရိမ်လွန်ပြီးပြောင်းနေကြတယ်တချို့လည်းမြို့ကိုသိမ်းလာတော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေကြောင့်ကြိုတင်ရှောင်နေကြတာရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

၂၀၂၂ခုနှစ် မတ်လ တုန်းကမော်တိတ်ဒေသထဲ ဝင်ရောက်လာတဲ့စစ်ကြောင်းတွေဟာ တပ််မ ၇၇ နဲ့ တပ်မ ၈၈ လက်အောက်ခံ ခြေလျှင်တပ်ရင်းတွေ ဖြစ်ပါတယ်။

အင်းတော်မြို့နယ်ဟာ ကချင််နဲ့စစ်ကိုင်းအစပ် မန္တလေး –မြစ်ကြီးနားကားလမ်းပိုင်းမှာတည်ရှိတာ ဖြစ်ပြီး စစ်ကောင်စီတပ်အတွက် ကချင်ပြည်နယ်ဘက်ကို ကုန်းကြောင်းနဲ့ ထောက်ပို့လမ်းကြောင်းသုံးဖို့အရေးပါတဲ့လမ်းကြောင်းပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button