TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၃ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦး ပြန်လွတ်လာ
ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦး တစ်ရက်ကြာချူပ်နှောင်ခံရပြီးနောက် ပြန်လွတ်ပေးခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နမ္မတူမြို့ နမ်လာ(namlalawk)ရပ်ကွက် မနောမြေစားသောက်ဆိုင်မှာ ထိုင်နေကြတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦးကို TNLA တပ်ဖွဲ့က ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရိုက်နှက်ဖမ်းဆီးသွားရာ ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီဝန်းကျင် ပြန်လွတ်လာပြီလို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။
“လူငယ်တွေ ပြန်လွတ်လာပြီ ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပြန်လွတ်ပေးတယ်။ သတင်းတွေတက်လာတာကြောင့်ဖြစ်မယ်။ သူတို့က ပြန်လာခေါ်ယူခိုင်းလိုက်တယ်။” လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။
လူငယ် ၆ ဦး ဖမ်းဆီးခံရပြီးနောက် ဇူလိုင် ၁၆ ရက်နေ့ နမ္မတူက ရပ်မိရပ်ဖတွေနဲ့ မိသားစုဝင်တွေ တွေ့ဖို့လိုက်သွားပေခဲ့ပေမဲ့ TNLA က မပေးတွေ့ပဲ ဇူလိုင် ၁၈ ရက်နေ့လာတွေ့ဖို့ ပြောခဲ့တာဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ ည KIA အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး TNLA က နမ္မတူမြို့ တည်းခိုခန်းတစ်ခုကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်နေ့ မွန်းလွဲပိုင်းမှာ ပြန်လွတ်ပေးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်တွေနည်းတူ လားရှိုးမြို့အရှေ့ဘက် မိုင်းယော်အနီး ပန်ရှော်(Bangshau)ကျေးရွာအုပ်ချူပ်ရေးမှူးကို TNLA က ဇွန်လ ၉ ရက်နေ့မှာဖမ်းဆီးသွားပြီး တစ်လအကြာ ဇူလိုင် ၁၂ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့ပါတယ်။
ဒေသခံတွေပြောဆိုချက်အရ ဖမ်းဆီးခံပြည်သူတွေ TNLA လက်မှ ပြန်လည်လွတ်မြောက်လာတာဟာ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကြောင့်လည်း ပါဝင်တယ်လို့ ပြောဆိုကြပါတယ်။
“သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြမှု၊ အသံထွက်မှုကြောင့် အများပြည်သူသိလာရခြင်းကြောင့် ပြန်လွတ်မြောက်လာခြင်းဖြစ်တယ်။ သတင်းမီဒီယာရဲ့ တစ်ဖက်တစ်လမ်းပါဝင်မှုအားဖြင့် ကျနော်တို့ ဒေသခံပြည်သူတွေကို တတ်နိုင်သလောက် ဆက်လက်ဝိုင်းဝန်းကာကွယ်ကြရအောင်။”လို့ ရှမ်းမြောက်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ကချင်သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာက ကချင်အမျိုးသမီးတစ်ဦးကို ကိုးကန့် MNDAA က ဖမ်းဆီးသွားပြီး တစ်လကြာ ချူပ်နှောင်ထားပြီးနောက် ဇွန်လ ၂ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။
ရှမ်းမြောက်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အရပ်သားပြည်သူတွေကို တပ်သားသစ်အဖြစ်ရိုက်နှက်ဖမ်းဆီးတာ၊ဖမ်းဆီးခံရပြီး လက်လွန်အသက်သေဆုံးတာ၊ လူသူမသိ ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တဲ့ဖြစ်စဉ်တွေမကြာခနကြုံတွေ့နေကြရပြီး ဒါဟာ နိုင်ငံတကာလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြတာလည်း ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ