ဗန်းမော် – မန္တလေး ကားလမ်းပိုင်း ပိတ်လိုက်တဲ့နောက် ဗန်မော်ပြည်သူတွေ အဖက်ဖက် ကြပ်တည်းနေ
ဗန်းမော်– မန္တလေး ကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ဗန်းမော်မြို့နယ်မှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေး သိသိသာသာမြင့်တက်လာတဲ့အတွက် ပြည်သူတွေစားဝတ်နေရေး၊ သွားရေးလာရေး ပိုခက်ခဲလာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နောက်ပိုင်းစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား ဗန်းမော်မြို့အနီးတစ်ဝိုက် နေရာအနှံ့တိုက်ပွဲပြင်းထန်လာတဲ့အတွက် နှစ်ဖက်လက်နက်ကိုင်တပ်တွေ ဗန်းမော်– မန္တလေး ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တာ ခုဆိုရင် ၂ လကျော်ကြာလာပြီဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ ဗန်းမော်ဘက်ကို စင်းခမ်း၊ ကသာ၊ ရွေကူဘက်ကနေ ရေလမ်းကြောင်းစက်လှေနဲ့တစ်ဆင့် အခြေခံစားသောက်ကုန်တွေ သယ်ယူနေကြပေမဲ့ စက်လှေစရိတ်၊ ကုန်တင်ကုန်ချ စရိတ်ကြီးတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်တယ်လို့ ဗန်းမော်မြို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။
“မော်တော်ခတွေလည်း အရမ်းဈေးကြီးလာတယ်လေ ပြီးတော့ ဟိုဘက်ကမ်းကနေ ဗန်းမော်ရေဆိပ်မှာ ရောက်ပြီဆိုရင် အဲ့မှာ ရောက်လာကြပြီ ကုန်တင်ကုန်ချတွေလည်းတောင်းတာများလာတယ်။ ဟိုတလော ရေကြီးတဲ့ချိန်ဆိုရင် အရမ်းသိသာတယ်၊ ပစ္စည်းပျောက်တာတွေလည်း အရမ်းရှိခဲ့တယ်၊ ကုန်ဈေးနှုန်းတွေဆိုရင်လည်း ဗန်းမော်မှာ တစ်ခါမှ မကြားဖူးတဲ့ ဈေးတွေဖြစ်နေပြီ” လို့ဆိုပါတယ်။
ဒါ့အပြင် ဗန်းမော်မှာ ဓာတ်ဆီကားမဝင်တော့တဲ့အတွက် ဆီပန့်ဆိုင်ကြီးတွေ ပိတ်ထားပြီး လမ်းဘေးပုလင်းချိန်ရောင်းသူတွေ ဓာတ်ဆီဈေးတွေ မြင့်တက်နေတာကြောင့် ဗန်းမော်စခန်းမှူးကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄/၁၅ ရက်မှာတော့ လမ်းဘေးဆီဆိုင်တွေကို ဓာတ်ဆီတစ်ဘူး ၄၀၀၀ ကျပ်သာရောင်းချကြဖို့ ခံဝန်ကတိထိုးခိုင်းတာမျိုးရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ဓာတ်ဆီတစ်ဘူးကို ၉၀၀၀ ကျပ်ရောက်နေပြီလို့ ဆိုပါတယ်။
အခုလို ကုန်ဈေးနှုန်းမြင့်တက်နေတာဟာ အခြေခံလူတန်းစားတွေအတွက် ပိုမိုခက်ခဲစေတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။
“လူတွေလည်း ကျစရာဆိုလို့ စိတ်ဓာတ်ဘဲရှိတော့တယ်၊ ကုန်ဈေးတွေကတော့ ကျမှာမဟုတ်တော့ဘူး အတက်ဘဲရှိတာအဆင်းက မရှိဘူး။ ရေကြီးတဲ့ချိန်ဆို ပိုတောင်ဆိုးသေးတယ် ရေသာကျသွားတယ် ကုန်ဈေးက မကျဘူး၊ လက်လုပ်လက်စားတွေဆို တစ်နေ့ကိုမှ ၁သောင်းလောက်ရတာ၊ ဆီထည့်တာနဲ့ ကုန်ပြီလေ”လို့ပြောပါတယ်။
လက်ရှိ ဗန်းမော်မှာ ဓာတ်ဆီတွေကို ဘူးသေး၊ ဘူးလတ်၊ ဘူးကြီး ခွဲထားပြီး အများဆုံး ၉၀၀၀ ကျပ်ထိရှိတဲ့အပြင် ရိုးရိုးဆန် တစ်အိတ် ၁သိန်း ၂ သောင်းကျပ်၊ ဆီ တစ်ပိဿာ ၁သောင်း ၇ထောင်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈ထောင်ကျပ် ရှိတဲ့အပြင် တစ်ခြားကုန်တွေလည်း နဂိုဈေးထက် ၁၀၀၀ လောက်ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့တွင်း ဂိတ်အဝင်အထွက်တွေမှာဆိုရင် ဂိတ်ကြေးတောင်းခံမှုများတဲ့အပြင် စစ်ဆေးမေးမြန်မှုတွေလည်းများတဲ့အတွက် ဒေသခံတွေအနေနဲ့ သွားရေးလာရေး အခက်အခဲရှိနေတယ်လို့ အမျိုးသားတစ်ယောက်က KNG ကိုဆက်ပြောပါတယ်။
“ဂိတ်တွေမှာဆိုရင် ဘာပစ္စည်းဘဲသယ်သယ် ပိုက်ဆံတောင်းတယ်၊ သူတို့ရဲ့ လက်သုံးစကားက မင်းတို့ ဒါတွေကို ဘယ်ယူသွားမှာလဲ PDf တွေကို ထောက်ပံ့မလို့မဟုတ်လားတဲ့၊ အိမ်စားဖို့အတွက် သယ်တာလို့ပြောရင်လည်း ဂိတ်ကြေးက ၂ သိန်း ၃ သိန်းတောင်းတာရှိတယ်၊ ဆဲဆိုပြီးတောင်းတာလည်းရှိတယ်၊ သူတို့ကိုက ဝင်ရင်လည်းပေးရ ထွက်ရင်လည်းပေးရတယ်”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့လောက်ကနေစပြီး ဗန်းမော်မှာ ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် မြေနိမ့်ပိုင်းက ဒေသခံတစ်ထောင်နီးပါး တိမ်းရှောင်ခဲ့ကြရတဲ့အပြင် ခုလိုရေကြီးမှုကြောင့်လည်း ကုန်ဈေးနှုန်းတွေ ပိုမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ဒေသခံတွေအနေနဲ့ အခုလို ရေဘေးဒဏ်၊ ကုန်ဈေးနှုန်းဒဏ်တွေကို ရင်ဆိုင်နေရတဲ့အပြင် တစ်ဖက်မှာလည်း စစ်ရေးအခြေအနေကို စိုးရိမ်နေရပြီး လက်နက်သံ၊ သေနတ်တွေလည်း မကြာခဏကြားနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဗန်းမော်မှာ မနက်၆ ညနေ ၆ နာရီ မာရှယ်လော ထုတ်ထားတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သွားရေးလာရေ သတိထားနေရတဲ့အပြင် တစ်ခါတလေ ဖမ်းဆီးစစ်ဆေးပြီး ရိုက်နှက်တာမျိုး၊ ဖမ်းသွားသူတွေကို ပိုက်ဆံနဲ့ လာရွေးခိုင်းတာမျိုးလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
By – BU BU