အောင်မြေ ၂ စစ်ရှောင်များ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းဆောင်ပျက်စီးသွားလို့ အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ စစ်ဘေးရှောင်များ ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ စာသင်ကျောင်းဆောင်ပျက်စီးသွားတဲ့အတွက် အကူညီလိုအပ်နေတယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းပညာရေးတာဝန်ခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်း မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တွေ ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် အောင်မြေ ၂ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ စာသင်ဆောင် ၄ ဆောင်ထဲက စာသင်ဆောင် ၂ ဆောင်ပျက်စီးသွားခဲ့တယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းပညာရေးတာဝန်ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
“ကျောင်းသုံးပစ္စည်းတွေအကုန်ပျက်စီးသွားတယ် သုံးလို့မရတော့ဘူးပေါ့ အရင်ကတည်းကနေခက်ခဲနေတဲ့ကြားက မိဘပြည်သူတွေစုပေါင်းလုပ်ထားတဲ့အဆောင်တွေ ပျက်စီးသွားတော့ နောက်တစ်ခေါက်ပြန်ဆောက်ဖို့ခက်ခဲနေတာပေါ့”လို့ သူမကပြောပါတယ်။
ရေဘေးကြောင့် ပျက်စီးသွားတဲ့ ကျောင်းဆောင်ပြန်ပြီးတည်ဆောက်နိုင်ဖို့ ငွေကြေးအကူအညီလိုအပ်နေသလို တစ်ဖက်မှာလည်း ကလေးသူငယ်တွေရဲ့ ဖတ်စာအုပ်၊ရေးစာအုပ်၊လွယ်အိတ် အများအပြားပျက်စီးသွားတဲ့အတွက် ကျောင်းသုံးကိရိယာအမျိုးမျိုးကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။
အောင်မြင် ၂ စစ်ရှောင်စခန်းက ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင်မှာတက်ရောက်နေကြတဲ့ ကျောင်းသား၊သူ စုစုပေါင်း ၆၀ ကျော်ရှိတယ်လို့ သိရပြီး ဒုတိယတန်းအထက် ကလေးသူငယ်တွေဟာ လဘန်ကျေးရွာမှာဖွင့်ထားတဲ့ နီးစပ်ရာစာသင်ကျောင်းတွေမှာတက်ရောက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့နယ် ဝူယန်ရွာကနေ ဒိန်ဂျာယန်ကျေးရွာဘက်ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းမှာလည်း ကျောင်းနေမယ့်အရွယ် ကလေးသူငယ် ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီကလေးသူငယ်တွေဟာ ဒိန်ဂျာယန်ကျေးရွာ အလယ်တန်းကျောင်းမှာတက်နေကြတာဖြစ်ပေမယ့် ဇွန်လကနေ ကျောင်းပိတ်လိုက်တဲ့အတွက် မိဘတွေအနေနဲ့ သားသမီးပညာရေးအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့စစ်ရှောင်က ကလေးတွေကလည်းကျောင်းတက်ချင်တဲ့အတွက် မိဘတွေအားလုံးကလည်း လိုအပ်တာတွေဝယ်ဖို့ကို လုပ်ဖို့ ပိုက်ဆံတွေလည်း ဝိုင်းထည့်ကြတာပေါ့ အဲဒီနေ့ပြီးတာနဲ့ နောက်တစ်နေ့ဆိုကျောင်းကပြန်ပိတ်သွားတာပေါ့”လို့ ဝူယန်စစ်ရှောင်စခန်းက တာဝန်ခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်ထိလည်း စာသင်ကျောင်းကိုပိတ်ထားပြီး ပြန်ဖွင့်မယ့်အချိန်တိတိကျကျ မသိတဲ့အတွက် ဝူယန်စစ်ရှောင်များ ကလေးပညာရေးအတွက် ဒိန်ဂျာယန်ကျေးရွာကနေ လဘန်ကျေးရွာဘက် တစ်ဖန်ပြောင်းရွေ့ဖို့ပြင်ဆင်နေကြပြီဖြစ်တယ် ဝူယန်စစ်ရှောင်တာဝန်ခံဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ KIA စစ်ဆင်ရေးစတင်လာတဲ့နောက်ပိုင်း ဝိုင်းမော်မြို့နယ်ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ကျေးရွာ ၂၀ ရွာ ထက်မနည်းထွက်ပြေးတိမ်းရှောင်စစ်ဘေးရှောင်တွေဟာ နေရာဒေသအသီးသီးမှာ စစ်ရှောင်နေကြတာဖြစ်ပါတယ်။
စစ်ရှောင်ပြည်သူတွေ ကျေးရွာတွေကို စွန်ခွာပြီးထွက်ပြေးတိမ်းရှောင်လာတာဟာ ၅လဝန်းကျင်ထိကြာမြင့်လာပြီဖြစ်ပြီး တစ်ဖက်မှာလည်း စစ်ဘေးကနေ ရေဘေးသင့်ဘဝကြုံတွေ့ခဲဲ့ကြလို့ အဖက်ဖက်ကနေ ခက်ခဲနေကြတာဖြစ်ပါတယ်။
ဒါပေမယ့် ဝိုင်းမော်မြို့နယ်မှာ KIA /KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တို့အကြား စစ်ရေးတင်းမာနေတာဆဲဖြစ်တာကြောင့် ဒေသခံတွေ နေရပ်ပြန်လို့မရသေးတဲ့အခြေနေမှာရှိနေတာလည်း ဖြစ် ပါတယ်။
By – Hope