တိုက်ပွဲသတင်း

လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့မနက်ပိုင်းအထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကိုးကန့်တပ် MNDAA ဟာ လားရှိုးမြို့အဝင်မုခ်ဦးအထိနေရာယူထားသလို အဲ့ဒီမုခ်ဦးအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၄၁ တပ်ရင်းနဲ့ တိုက်ပွဲတွေပြင်းထန်နေတာလို့ဒေသခံတစ်ယောက်ကပြောပါတယ်။

မြို့အဝင် မုခ်ဦးနားအထိတော့တိုက်ပွဲကရောက်လာပြီပေါ့နော်။ ၄၁ တပ်ရင်းနားထိပေါ့လေ အပြန်အလှန် ပစ်ခတ်တဲ့သဘောပေါ့ ကိုးကန့်ဘက်ကလည်း မြို့နားကပ်လာတာကို ဒါ့ကြောင့်မြို့နားမှာရှိတဲ့တပ်နဲ့ တွေ့တဲ့ သဘောပေါ့လို့ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA တို့အကြား လားရှိုးမြို့အဝင်မှာ တိုက်ပွဲပြင်းထန်နေတာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကတည်းကဖြစ်ပြီး တစ်ဖက်မှာတော့ နှစ်ဖက်တပ်အကြားယာယီအပစ်ရပ်ကြောင်း ထုတ်ပြန်ချက်တွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကိုးကန့်တပ်ရော၊ TNLA တပ်ဖွဲ့ နှစ်ဖွဲ့လုံးနဲ့ စစ်ကောင်စီ တပ်တို့အကြား အပစ်ရပ်ကြောင်းကြေညာခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ် နှစ်ဖွဲ့အကြား ဒီလကုန်ထိအပစ်ရပ်မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။

အခုလို ယာယီအပစ်ရပ်မယ်လို့ကြေညာထားပေမဲ့လည်း မြေပြင်မှာတော့တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ဒေသခံတွေကပြောပါတယ်။

ဘာမှမထူးပါဘူး အပစ်ရပ်တာက ကြေညာချက်ပဲရှိပါတယ်။မြေပြင်မှာတော့တောက်လျှောက်ဖြစ်နေတာ ပဲလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ဇူလိုင်လကုန်ထိအပစ်ရပ်မယ့်ကြေညာချက်ကိုတော့ ကိုးကန့်တပ်ဖွဲ့ MNDAA ကကြေညာခဲ့တာဖြစ်ပြီး တအာင်းတပ်မတော် TNLA ဘက်ကတော့တစ်စုံတစ်ရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

လက်တလော လားရှိုးမြို့နယ်အတွင်းမှာတော့ ဖုန်းနဲ့အင်တာနက်လိုင်းတွေလည်းပြတ်တောက်နေပြီး အခြေနေအမျိုးမျိုးကြောင့် လားရှိုးမြို့ထဲပိတ်မိနေသူတွေရှိသလို တချို့တော့ရတဲ့နည်းလမ်းနဲ့ တိမ်းရှောင် နေကြတယ်လို့ သိရပါတယ်။

မပြေးပဲကျန်နေကြတာပေါ့ဗျာ။ တချို့ကတော့ပိုက်ဆံမရှိဘူးဗျ ရှောင်ခိုင်းတာကလွယ်တယ် ဒါပေမဲ့ တစ်ခြားနေရာရောက်ရင် လုပ်ကိုင်စားသောက်ဖို့၊ ဘယ်လောက်ကြာမယ်မှန်းမသိဘူးလေ မိသားစု တစ်နေ့လုပ်တစ်နေ့စားတွေကတော့ ဘယ်လိုသွားမလဲပေါ့ ဒါမျိုးတွေလည်းရှိတယ်။ တချို့ထွက်နိုင်တဲ့ သူတွေလည်းရှောင်ကြပြီပေါ့ဗျာ  လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

လားရှိုးမြို့က ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား မြို့တွင်းလက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေရှိပြီး အရပ်သား သေဆုံးမှုတွေလည်းရှိနေဆဲဖြစ်သလို နေအိမ်ပျက်စီးဆုံးရှုံး မှုကလည်းမြင့်တက်နေဆဲလို့ ဒေသခံတွေ နဲ့ လူ့အခွင့်ရေးလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။

တစ်ဖက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ နောင်ချိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး  ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့မနက်ပိုင်းမှာပဲ TNLA  က သတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button