သတင်း

ကချင်မှာ ဖုန်းအင်တာနက် ပြတ်တောက်နေပေမဲ့ အစိုးရရုံးနဲ့ MPT ရုံးတွေမှာ လိုင်းရရှိနေတယ်လို့ ဒေသခံတွေပြော

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်တောက်နေတာ ၅ ရက်မြောက်ရှိလာပြီး မြစ်ကြီးနားမြို့ အစိုးရရုံးနဲ့ MPT ရုံးအနီးတစ်ဝှိုက်မှာ ဖုန်းလိုင်းရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက ကချင်ပြည်နယ်တစ်ဝှမ်း ဖုန်း နဲ့အင်တာနက်လိုင်းတွေ ရုတ်တရက် ပြတ်တောက်သွားတာဖြစ်ပြီး ဒီကနေ့ပဲ မြစ်ကြီးနားမြို့နေ အမေဖြစ်သူက ဖုန်းလိုင်းရတဲ့အစိုးရရုံးအနီးတစ် ဝှိုက်ကနေ ဖုန်းဆက်လာကြောင်း ရန်ကုန်ရောက်မြစ်ကြီးနားဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။

မနက်ကတော့ဖုန်းတစ်ခါဆက်လာသေးတယ်။ အခုကဖုန်းဆက်ချင်ရင် အစိုးရရုံးတစ်ချို့နဲ့ MPT ရုံးရှေ့ တို့ သွားမှပဲ လိုင်းနည်းနည်းရတယ်တာ ဒါပေမဲ့ဖုန်းဝင်ဖို့ကအရမ်းခက်တယ်။ ဝင်လာပြီဆိုရင်လည်း ကျချင် ရင် ပြန်ကျသွားတယ် ပြောရင်နဲ့လည်းမကြားဘူးဖြစ်ဖြစ်သွားတယ်လို့ပြောပါတယ်။

ပတ်စ်ပို့ရုံး၊ လူဝင်ကြီးကြပ်မှု လဝကရုံးရှေ့၊ MPT ရုံးရှေ့ နဲ့ အစိုးရရုံးအနီးတစ်ဝှိုက်တွေမှာ ဖုန်းလိုင်းရပြီး လာရောက်သုံးစွဲသူ များပြားတဲ့အတွက် လိုင်းကြပ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာတော့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့အနီးတစ်ဝှိုက်နဲ့ မိုးမောက်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပြီး ဖုန်းနဲ့အင်တာနက်လိုင်းအားလုံးပြတ်တောက်နေတဲ့အတွက် ကချင်ပြည်နယ် ဒေသခံတွေနဲ့အဘက်ဘက်ကနေ ဂရုပြုနေထိုင်ကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

ကျွန်တော်တို့ကချင်ပြည်နယ်မှာ ဖုန်းလိုင်းတွေအကုန်ပိတ်သွားတယ် တခြားအင်တာနက်လိုင်းတွေ wechat တွေ အကုန်ပိတ်သွားတာဖြစ်တဲ့အတွက်စစ်ရေးနိုင်ငံရေးသတင်းတွေကို အချင်းချင်းပြောပြပေးနိုင်ဖို့ အရမ်းကိုခက်ခဲတဲ့အချိန်ကာလဖြစ်သွားတယ် ဒါကြောင့် ကိုယ်နဲ့နီးစပ်တဲ့နေရာတွေမှာ စစ်ဖြစ်ပွားတာ သေနတ်သံ တွေကြားခဲ့လို့ရှိရင် သတိထားဂရုစိုက်ဖို့ပြောချင်တယ် ဒါကြောင့်မို့လို့ ဒီအတောအတွင်းတော့ ခရီးထွက်တာကို သတိထားရမယ် ကိုယ်ရဲ့ဝမ်းစာအတွက်ဆိုရင်တောင်မှ တောဘက်သွားတာမျိုးတွေ အဆက်အသွယ်မရနိုင်တဲ့နေရာတွေသွားတာမျိုးတွေပေါ့လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာ သတင်းစီးဆင်းမှုပိတ်ဆို့တဲ့အနေနဲ့ ဖုန်းအင်တာနက်လိုင်းတွေကိုဖြတ်တောက်လေ့ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ်အခွင့် အရေး ချိုးဖောက်မှုမှာ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ်တဲ့ Free Expression Myanmar (FEM) အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း အင်တာနက်သုံးစွဲမှုအခြေနေတွေကို လေ့လာစောင့်ကြည့်တဲ့အရပ်ဘက်အဖွဲ့တစ်ခု ရဲ့ ကောက်ယူထားတဲ့စာရင်းတွေအရ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစ ၂၀၂၄ ခုနှစ် ဇူလိုင်၂၂ ရက်နေ့ အထိ အင်တာနက်ဖြတ်တောက်ခံရတဲ့နေရာတွေထဲ ကချင်ပြည်နယ်က ဒုတိယအများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button