တိုက်ပွဲသတင်း

မိုးမောက် ခမရ ၄၃၇ တပ်ရင်း လက်မလွတ်ရေး စစ်တပ်က လေကြောင်းနဲ့အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေ

ဗုံးကြဲတိုက်ခိုက်မှု တစ်ရက်မှာ စစ်လေယာဉ် ၁၀ စီးခန့်အထိရှိ

တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ဗန်းမော်ခရိုင် မိုးမောက်တိုက်ပွဲမှာ စစ်တပ်က တပ်စခန်းလက်မလွတ်ရေးအတွက် လေကြောင်းကိုအဓိက ခုခံတိုက်ခိုက်နေပြီး တစ်ရက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့ ဂျက်လေယာဉ် ၁၀ စီးခန့် အထိရှိတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်နေတဲ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ဝန်းကျင်လောက်  KIA ပူးပေါင်းတပ်တွေက ခမရ ၄၃၇ တပ်ရင်းထဲဝင်ရောက်ပြီး တပ်စခန်း တဝက်ခန့်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့မြေပြင်ရော ဝေဟင်ကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

စစ်တပ်က မိုးမောက်တပ်စခန်းကို လက်မလွတ်ရေးအတွက် တစ်ရက်ကို ဂျက်လေယာဉ်  စီးနဲ့ ၁၀ စီးကြားမှာ ပုံမှန် လာရောက်ဗုံးကြဲတိုက်ခိုက်နေတာလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

မိုးမောက်တိုက်ပွဲက တိုက်ပွဲပြင်းရင် ပြင်းသလို လေယာဉ်လာတယ်။ တိုက်ပွဲအရမ်းပြင်းထန်တဲ့ ရက်တွေဆိုရင် ဂျက်လေယာဉ်က  စီး၊ ၁၀ စီးလောက်တောင်ရှိတယ်။ သူတို့က မရပ်နားလာပစ်တယ်။ နေ့တိုင်းက လေယာဉ်  စီး၊  စီးလောက်က ပုံမှန်ရောက်တယ်။ တိုက်ပွဲဖြစ်တာနဲ့ လေယာဉ်ရောက်ပြီလို့ပြောပါတယ်။

စစ်တပ်က မိုးမောက်တိုက်ပွဲမှာ စစ်လေယာဉ်အပြင် ဒရုန်းနဲ့ အပြင်းအထန် ခုခံကာကွယ်နေတဲ့အပြင် စစ်အင်အား ၄၀၀ ဝန်းကျင်လောက်နဲ့ ခုခံတိုက်ခိုက်နေသေးတယ်လို့ သိရပါတယ်။

ဒါကြောင့် မိုးမောက်တိုက်ပွဲဟာ ၁၀ ရက်လောက်ကြာမြင့်လာပေမယ့် KIA တပ်ဘက်က အပြီးသတ်သိမ်းပိုက်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများနေတယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေပြောပါတယ်။

စစ်တပ်ဘက်က နေ့တိုင်းအဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ ပြည်သူပိုင်နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုအများအပြားရှိနေပြီလို့ သိရပေမယ့် ဖုန်းအင်တာနက် အခက်အခဲကြောင့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

ဒီကနေ့ ဩဂုတ်လ  ရက်နေ့မှာလည်း နံနက်ပိုင်း  ဝန်းကျင်လောက်ကနေ စတင်ပြီး နှစ်ဖက်တပ် တိုက်ပွဲပြန်လည်ပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်ကပြောပါတယ်။

စစ်ကောင်စီတပ်က မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေတာဟာ နယ်မြေအနေအထားအရ မိုးမောက်မြို့သိမ်းပိုက်လိုက်ရင် ဗန်းမော်မြို့တစ်ခုလုံးပါ လက်လွတ်လိုက်ရမှာဖြစ်တဲ့အတွက် ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။

တကယ်လို့ မိုးမောက်ကို လက်လွတ်လိုက်ရင် ဗန်းမော်ကိုလည်း လက်လွတ်လိုက်ရတော့မှာပဲ ဒီအခြေအနေကြောင့် စစ်တပ်က မရရအောင် ခုခံတိုက်နေတာ။ နယ်မြေအနေအထားလည်း အဲဒီဖြစ်နေတာ။ ပြီးရင် ဒီမြို့ နှစ်ခုကို သိမ်းလိုက်ပြီဆိုရင် တရုတ်နယ်စပ် – လွယ်ဂျယ်လမ်း KIA တပ်တွေ အပြီးထိန်းချုပ်လိုက်မှာဖြစ်တယ်။ နောက်တစ်ခုက ဗန်းမော်မြို့ဆိုတာက ကချင်ပြည်နယ်အတွက်ဆိုရင် ဒုတိယမြို့တော်လိုလည်းဖြစ်နေတာဆိုတော့ သူတို့ လက်လွတ်မှာမဟုတ်ဘူးလို့ပြောပါတယ်။

KIA တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းဟာ ဗန်းမော်ကနေ  မိုင်အကွာမှာရှိပြီး ဆယ်စုနှစ်တစ်စုကြာ အခိုင်အမာတည်ရှိတဲ့ တပ်စခန်းကြီးဖြစ်ပါတယ်။ 

ဒါ့အပြင် မိုးမောက်မြို့ဟာ ဗန်းမော် – လွယ်ဂျယ်ကားလမ်းမကြီးပေါ်မှာတည်ရှိတဲ့ မြို့တစ်ခုဖြစ်ပြီး တရုတ်နယ်စပ် နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

စစ်ရေးအရ မိုးမောက်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်နိုင်ပါက ဗန်းမော်မြို့တစ်ခုလုံးကိုပါ သိမ်းပိုက်ဖို့ လွယ်ကူသွားပြီး ဗန်းမော် – လွယ်ဂျယ် ကားလမ်းပိုင်းကိုလည်း လက်လွတ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်က မိုးမောက်နဲ့ ဗန်းမော်မြို့ နှစ်ခုစလုံးကို လက်မလွတ်ရေးအတွက် လေကြောင်း၊ ဒရုန်းတွေနဲ့ ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေက မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ မေလမှာ ပထမအကြိမ် တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပေမယ့် သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ဘဲ ဇူလို ၂၄ ရက်နေ့မှာ တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button