တိုက်ပွဲသတင်း

အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်နေ

စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က နေ့စဥ်လေကြောင်းအသုံးပြုတိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဟာ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင်အထိုင်ချတပ်စွဲထားပြီး အဲ့ဒီ နေရာကနေ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိသလို စစ်တပ်ဘက်က လေကြောင်းပါအသုံးပြု ပြီး စစ်အင်အားနဲ့ရိက္ခာတွေထောက်ပို့လုပ်တာတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

လေယာဥ်ကတော့မနက်တိုင်း၊နေ့တိုင်းကြဲ ညကိုလဲလာကြဲတယ်။ပြီးရင်လေထီးနဲ့အထုပ်တွေချ နေ့တိုင်းပဲ။  လက်နက်ကြီးတွေဟောင်ဝစ်ဇာတွေနဲ့ကတော့ အထိုင်တပ်ဂျပန်လှိုဏ်ဂူကနေပစ်တာပေါ့။ လေယာဥ်က တော့ နေ့တိုင်းပေါ့ ဒီမနက်လည်းကြဲပြီးသွားပြီ” လို့ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်မှုရှိမရှိဆိုတာကိုတော့ ဖုန်းနဲ့အင်တာနက်လိုင်း အခက်အခဲတွေကြောင့် အတည်ပြုနိုင်ဖို့ခက်ခဲပြီး ဒေသခံအများစုကတော့ မြို့သိမ်းတိုက်ပွဲစတင်တဲ့ ဩဂုတ်  ၁၅ ရက်နေ့ကတည်းကဘေးလွှတ်ရာတွေမှာတိမ်းရှောင်နေကြပြီလို့ ပြောပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲအဖြစ် KIAPDF အပါအဝင် ABSDF ပူးပေါင်းအဖွဲ့တွေက စစ်ဆင်ရေးဆောင်ရွက် နေတာဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်း မှာရှိတဲ့ နဘားကာကင်း၊ မြို့တွင်းထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

အင်းတော်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အယောက် ၃၀ သေဆုံးခဲ့သလို ကာကွယ်ရေးပူပေါင်း အဖွဲ့တွေဘက်က ၁၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

ရဲစခန်းဝင်စီးပြီးတဲ့နေ့ကတော့ ရဲလား စစ်သားလားတော့မသိဘူး ရန်သူ့အလောင်း ၃၀ လောက်ရတယ်လို့ သိရတယ်။ ကိုယ့်ဘက်ကတော့ မိုင်းနင်းမိလို့ ရဲဘော်နှစ်ယောက်ခြေထောက်ပြတ်တယ်။ ဒဏ်ရာက ၁၁ ယောက်ရရှိခဲ့တယ်လို့ သိရပါတယ်လို့ပြောပါတယ်။

လက်ရှိတော့ အင်းတော်မြို့တွင်း ရဲစခန်းနဲ့နေရာတစ်ချို့ကိုသိမ်းပိုက်ကာ တော်လှန်ရေအင်အားစုတွေဘက်က မြို့တွင်း ဝင်ရောက်စီးနင်း စစ်ရေးလှုပ်ရှားနိုင်တဲ့အနေအထားရှိပေမဲ့ စစ်ကောင်စီတပ်ဘက်ကလည်း မြို့တွင်း တပ်ဖြန့်ထားဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

အခိုင်အမာအထိုင်ချထားတဲ့တပ်စခန်းကတော့ ဂျပန်လှိုဏ်ဂူလို့ဒေသခံတွေခေါ်ကြပြီး တပ်မ ၇၇ လက်‌ အောက်ခံတပ်ရင်းတွေအထိုင်ချထားသလို အဲ့ဒီတပ်စခန်းကနောက်ဆုံးလက်ကျန်အထိုင်တပ်လို့ သိရပါ တယ်။

အဲ့ဒီတပ်စခန်းဟာ အာဏာသိမ်းပြီးချိန်ကစလို့အထိုင်ချထားတဲ့တပ်စခန်းဖြစ်ပြီး မကြာခဏ မြစ်ကြီးနား– ရွှေဘို ကားလမ်းမပေါ်ကိုစစ်ကြောင်းထိုးရင်း အသွားအလာယာဥ်တွေကို စစ်ဆေးရေးတင်းကြပ်လေ့ရှိတာ ဖြစ်ပါတယ်။

စစ်ကိုင်းနဲ့ကချင်အစပ်ဒေသမှာရှိတဲ့ အင်းတော်မြို့ဟာ မြစ်ကြီးနားရွှေဘိုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကချင်ပြည်နယ်အတွက်အဓိကဝင်ပေါက်မြို့ဖြစ်သလို စစ်ရေးအရအရေးပါသောဒေသဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကဆိုပါတယ်။

By – အမိုး

Show More

Related Articles

Back to top button