စစ်ကိုင်း- ကချင်အစပ်ကားလမ်းမကြီးပိတ်ထားတဲ့ ကချင်ပြည်နယ် ကုန်စျေးနှုန်းအဆမတန် မြင့်တက်နေဆဲ
ကချင်– စစ်ကိုင်းအစပ်ဒေသတစ်လျှောက် တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကားလမ်းပိုင်းသွားလာခွင့်ပိတ်ထားတာကြောင့် ကုန်ကားအဝင်မရှိတော့တဲ့ ကချင်ပြည်နယ်မှာ ကုန်စျေးနှုန်းတွေ တစ်ရက်ထက် တစ်ရက်ပိုမြင့်တက်လာနေတယ်လို့ ပြည်သူတွေကပြောပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့ကစပြီး ကချင်– စစ်ကိုင်းအစပ်ဖြစ်တဲ့ ကသာခရိုင် အင်းတော်– ထီးချိုင့်– ပင်လည်ဘူးမြို့တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် အင်းတော်လမ်းပိုင်း သွားလာခွင့် နှစ်ဖက်လက်နက်ကိုင်တပ်က ပိတ်ထားတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။
ဒါကြောင့် ကချင်ပြည်နယ်အတွင်းသို့ အခြေခံစားသောက်ကုန်တွေတင်သွင်းတဲ့ အဓိကလမ်းမကြီးပိတ်ထားတာကြောင့် ကုန်ကားတွေအဝင်မရှိတော့တဲ့အတွက် ကုန်စျေးနှုန်းတွေ တစ်ရက်ကို ပျှမ်းမျှ ၅၀၀ နှုန်းနဲ့စျေးတက်နေတယ်လို့ ကချင်ပြည်တွင်းနေထိုင်တဲ့ ပြည်သူတွေကပြောပါတယ်။
ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ် လူဦးရေ ၁ သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်အတွင်း မြို့ ၃ မြို့ရဲ့ အခြေံစားသောက်ကုန်စျေးနှုန်းတွေကို စုစည်းထားပါတယ်။
မြစ်ကြီးနားမြို့ အခြေခံကုန်ဈေးနှုန်း
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လက်ရှိကုန်ဈေးနှုန်းတွေဟာ နေ့တိုင်း ကျပ်ငါးရာ နဲ့ တစ်ထောင်ဝန်းကျင်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေကပြောပါတယ်။
“တစ်ရက်ကို ၅၀၀လောက်ဈေးတက်နေတော့ ကျွန်မတို့လို ဈေးဝယ်ရောင်းတဲ့သူတွေအတွက်ကတော့ အရင်းရှုံးသွားတာပေါ့။ ဥပမာ ခါတိုင်း နှစ်သိန်းလောက်ဘဲ ရောင်းတာကနေ နှစ်ဆလောက် လေးသိန်းလောက်လောက်ထိရောင်းနိုင်မှ အဆင်ပြေတယ်“လို့ ဈေးဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဗန်းမော်ထဲကို အခြေခံစားသောက်ကုန်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၃ ကြောင်းရှိပါတယ်။
ဗန်းမော်– မန္တလေးကုန်ကြောင်းလမ်း၊ ဗန်းမော်– လွယ်ဂျယ်လမ်း၊ ဗန်းမော်– မန္တလေး ရေကြောင်းလမ်းရှိပါတယ်။
သို့သော် လက်ရှိ ဗန်းမော်– မန္တလေးကုန်ကြောင်းလမ်းဟာ တိုက်ပွဲကြောင့် ပိတ်ထားသလို ဗန်းမော်– လွယ်ဂျယ်လမ်းကလည်း စစ်ရေးအခြေနေကြောင့် သွားလာရခက်ခဲနေပြီး ဗန်းမော်– မန္တလေးရေကြောင်းလမ်းဟာ အာဏာသိမ်းပြီးနောက် ကုန်သင်္ဘောဝင်ရောက်ခြင်းမရှိတော့ပေ။
ဩဂုတ်လ ၂၂ ရက်နေ့ ကချင်– စစ်ကိုင်းအစပ်မှာ တိုက်ပွဲမဖြစ်ခင် ဗန်းမော်မြို့ထဲ ကုန်ကားတွေအဝင်ရှိပေမယ့် လတ်တလော ပြင်းထန်နေတဲ့တိုက်ပွဲကြောင့် ကုန်ကားအဝင်မရှိတော့တဲ့အတွက် ကုန်စျေးနှန်းတွေမြင့်တက်နေတယ်လို့ ဗန်းမော်မြို့ ပြည်သူတွေက ပြောပါတယ်။
ဖားကန့်မြို့ ကုန်စျေးနှုန်း
ဖားကန့်ဒေသမှာ ဩဂုတ်လ တတိယအပတ်ကပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသသို့ သယ်ယူ၊ပို့ဆောင် ရောင်းချပေးတဲ့ ကုန်စိမ်းကားများ ရက်သတ္တပါတ်အတွင်း ဝင်ရောက်မှုမရှိတဲ့အတွက် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ လုံးခင်းဈေးထဲမှာ ဈေးရောင်းချသူတစ်ဦး အခုလို ပြောပြပါတယ်။
“အခုက မိုးညှင်း၊ဟိုပင်က ကုန်ကားတွေတော့ ဝင်တယ်၊ အောက်ပိုင်း(မန္တလေး)က ကုန်ကားတွေ မဝင်တော့ အဲ့ဒီဒေသက ကုန်ပစ္စည်းတွေပြတ်လပ်ပြီး ဈေးတက်ကုန်တာပေါ့” ဟု ဈေးရောင်းချသူတစ်ဦးက ပြောပါတယ်။
အလားတူပဲ ကွမ်းရွက်တစ်ပိသာဈေးမှာ ငွေကျပ် တစ်သိန်းနှုန်း ပေါက်ဈေးရှိနေပြီး၊ကွမ်းရွက်အဝင် မရှိလို့ ဈေးဆိုင်ပိတ်သိမ်းထားရတယ်လို့ ကွမ်းယာရောင်းချသူတစ်ဦးထံမှ သိရပါတယ်။
ခုလို အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တက်နေပေမဲ့၊ဆန်နှင့်စားဆီကတော့ ဈေးနှုန်းမြင့်တက်လာမှု မရှိသေးကြောင်း လုံးခင်းဒေသမှာရှိတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဆန်၊ဆီနဲ့ သားငါးဈေးက အဲ့လောက်ထိ မတက်သေးဘူး၊အဓိကက အောက်ပိုင်း(မန္တလေး)က ကုန်ကားတွေ မဝင်လာတဲ့အတွက် ခရမ်းချဉ်သီး၊ဂေါ်ဖီထုပ်၊ကြက်ဥတို့က ဈေးတက်ကုန်တာ“လို့ လုံးခင်းဒေသခံ မရီရီ(အမည်လွှဲ)က ပြောပြပါတယ်။
ဒါ့အပြင် ဆက်သွယ်ရေးစနစ်တွေ ဖြတ်တောက်ခံထားရတဲ့အတွက် အင်တာနက်အသုံးပြုခမှာ တစ်နာရီ တစ်သောင်း၊နှစ်သောင်း၊ သုံးသောင်းပေးပြီး အသုံးပြုနေကြရပါတယ်။
ဖားကန့်ဒေသဟာ ကချင်ပြည်နယ်အတွင်းရှိ ကုန်းတွင်းပိတ်ဒေသအဖြစ်တည်ရှိနေပြီး သယံဇာတ တူးဖော်မှု လုပ်ငန်းများအား အဓိကထားလုပ်ကိုင်နေရာ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ အားနည်းသည့်အလျှောက် ကုန်ပစ္စည်း၊စားသောက်ကုန်များအား အောက်ပြည်၊အောက်ရွာ(မန္တလေး)နဲ့ ဒေသတွင်းမြို့များမှ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ မြို့ ၃ မြို့ရဲ့ ဩဂုတ်လ ၂၅ ရက်နေ့ထိ ကုန်စျေးနှုန်းတွေဖြစ်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနိုင်တဲ့အတွက် မြေပြင်နဲ့ကွာဟမှုတွေလည်း ရှိနိုင်ပါတယ်။
By – Hope