စစ်ပြေးဒုက္ခသည်များသတင်း

ခါနန်စစ်ရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်နေပြီး ကလေးသူငယ် ၁၀၀ ကျော်ပညာရေးရပ်နားထားရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝူယန်ကျေးရွာကနေ မုတ်ကျိတ်၊နောင်းခရူးဘက်ကို ထွက်ပြေးနေကြတဲ့ ခါနန်စစ်ရှောင်စခန်းက ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်နေတဲ့အပြင် ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာဆက်လက်သင်ကြားနိုင်ဖို့ အခက်တွေ့နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။

ခါနန်စစ်ရှောင်စခန်းမှာ အရင်က စစ်ရှောင်အိမ်ခြေ ၂၀၀ ကျော်ရှိခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အိမ်ခြေ ၁၈၅ အိမ်သာကျန်ရှိတော့တာဖြစ်ပြီး အဲဒီစစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာပြတ်လပ်မှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒါအပြင် လက်ရှိကချင်ပြည်နယ်ရဲ့ ဖုန်းနဲ့အင်တာနက်လိုင်း ခက်ခဲမှုတွေကြောင့် အရင်ကထက် အကူအညီတွေရရှိဖို့  ပိုမိုခက်ခဲလာတာဖြစ်တယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက KNG ကို ပြောပါတယ်။

အခုခက်တယ်ဆိုတာက ဆန်ပေါ့ ဆန်သာရမယ်ဆိုရင် ကျန်တာက ကျွန်တော်တို့ ဖြစ်သလိုဟင်းသီးဟင်းရွက်တွေ တောထဲမှာခူးစားပြီးနေလို့ရတယ် ဆန်ခက်ခဲတော့ဘယ်လိုမှလုပ်လို့မရဖြစ်နေတာပေါ့လို့ဆိုပါတယ်။

လက်ရှိ စစ်ရှောင်အိမ်ခြေထက်ဝက်လောက်က ဆန်တွေပြတ်လပ်နေတာဖြစ်ပြီး ကျန်တဲ့အိမ်ခြေတစ်ဝက်ကတော့ မနှစ်တုန်းက စုဆောင်းထားတဲ့ ဆန်စပါး‌တွေနဲ့မျှပြီးစားသုံးနေကြတယ်လို့ သိရပါတယ်။

ခုလိုအစားအသောက်ပြတ်လပ်မှုတွေကြုံတွေ့နေရသလို တစ်ဖက်မှာလည်း စစ်ရှောင်စခန်းတွင်းက စာသင်အရွယ်ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာရေးရပ်နားထားရတယ်လို့ သိရပါတယ်။

ဝါးရှောင်ဘက်သွားတက်ဖို့ကလည်း သွားဖို့လာဖို့ကခက် တချို့မိဘတွေက မလွတ်ရဲဘူးပေါ့ နိုင်ငံရေးမကောင်းတော့ လမ်းမှတစ်ခုခုဖြစ်ပြီးပြန်မလာမှာစိုးရိမ်ကြတော့ ပြီးတော့ ဒီမှာကိုယ်ဟာကို ကျောင်းပြန်ဖွင့်ဖို့အတွက်ဆိုရင်လည်း စေတနာဝန်ထမ်းက ပြန်ခက်ဖြစ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ဆက်ပြောပါတယ်။

ဒီကလေးသူငယ်တွေဟာ နှစ်ဆန်းပိုင်းကတည်းကနေ ဒီနေ့ထိ  လအကြာ ပညာရေးရပ်နားထားရတာဖြစ်ပြီး တချို့ကလေးမိဘ‌တွေကတော့ ကလေးတွေပညာရေးအတွက် နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ မြစ်ကြီနားမြို့ကို ပြောင်းရွေ့သွားကြတယ်လို့ သိရပါတယ်။

လက်ရှိစစ်ရှောင်စခန်းထဲမှာ ကျန်နေတဲ့ကလေးသူငယ်တွေကတော့ မူကြိုအရွယ်ကနေ ၁၂တန်းအရွယ်ထိ ပါဝင်တာဖြစ်ပြီး မူလတန်းအရွယ်တွေကတော့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ခါနန်စစ်ရှောင်စခန်းကပြည်သူတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ စစ်ရှောင်လာကြတာဖြစ်ပြီး လက်ရှိဝိုင်းမော်မြို့ရဲ့ ၇မိုင်အကွာမှာရှိတဲ့ မုတ်ကျိတ်နဲ့နောင်ခရူးကျေးရွာတွေမှာ တိမ်းရှောင်နေကြတာဘဲ ဖြစ်ပါတယ်။

ကုလသမ္မဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNCHO)ရဲ့  ၂၀၂၄ ဧပြီလ ၅ရက်နေ့ထုတ်ပြန်ချက်မှာတော့ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လ၇ရက်နေ့ကစပြီး စစ်ပွဲကြောင့် မြို့နယ်၁၀ခုလောက်က အရပ်သားပြည်သူ ၁၈၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါအပြင် ကချင်ပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်ဦးရေ၈သောင်း၄ထောင်၄ရာ(၈၄၄၀၀)ထိတိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNCHR)ကနေပြီးတော့ ဩဂုတ်လ၁၄ရက်နေ့က ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button