မြစ်ကြီးနား- တနိုင်းကားခ နှစ်ဆမြင့်တက်
ကချင်ပြည်နယ် မြစ်ကြီးနား တနိုင်းလီဒိုကားလမ်းပိုင်းပျက်စီးမှုကြောင့် လိုင်းကားစီးခ စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ကြီးနား တနိုင်းလီဒိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိမပြုပြင်နိုင်သေးတာကြောင့် ကားလမ်းပိုင်းသွားလာရခက်ခဲလို့ စျေးတက်လာတာလို့ မြစ်ကြီးနားမြို့ပေါ်ရောက်နေတဲ့ တနိုင်းဒေသခံ အမျိုးသားတစ်ဦး KNGကိုပြောပါတယ်။
“အရင်ဆိုရင် ၅ သောင်းရောက်တယ်မြစ်ကြီးနားအထိ အခုကမရတော့ဘူး။မြစ်ကြီးနားအထိ တစ်သိန်းနဲ့ဆင်းခဲ့ရတာ ဒါတောင်လမ်းမှာ နှစ်ညအိပ်ခဲ့တာရဗျ။ အရင်ကတစ်ရက်ခရီးပဲတစ်ညပဲအိပ်ရတယ်ဆိုရင်တောင်တော်သေးတယ် အခုက နှစ်ညအိပ်ရတာ” လို့ ပြောပါတယ်။
လက်ရှိ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါး ပျက်ဆီးနေတဲ့နေရာတွေဟာ တနိုင်းမြို့အထွက် ယုဇနခြံအနီး၊ ဒွန်ဘန်ခရွာအနီးနဲ့ ရှဒူးဇွပ်ကျေးရွာ ၊ နောင်းမှီကျေးရွာစတဲ့အနီးဝန်းကျင်နေရာတွေဖြစ်ပြီး အခုလိုလမ်းပိုင်းပျက်စီးနေတာကြောင့် တနိုင်း– မြစ်ကြီးနား အဆင်းကားခ ၅ သောင်းမြင့်တက်ပြီး မြစ်ကြီးနား– တနိုင်းအတက် ကားခ လူတစ်ဦးကျပ် တစ်သိန်းကနေ တစ်သိန်း ငါးသောင်းအထိပေးရတယ်လို့ သိရပါတယ်။
မြစ်ကြီးနား– တနိုင်းကြားကလည်း အရင်က တစ်ရက်ခရီးသာဖြစ်ပြီး လက်ရှိလမ်းပိုင်းပျက်စီးသွားတဲ့နောက် နှစ်ညအိပ် သုံးရက်ခရီးဖြင့်သွားနေရတယ်လို့သိရပါတယ်။
“လမ်းကတစ်လျောက်လုံးပျက်စီးနေတာလို့ပြောလို့ရတယ် တချို့နေရာတွေကအတော်ကိုဆိုးတယ်ကားတွေကို ဆင်နဲ့ဆွဲတင်ရတဲ့နေရာတွေရှိတယ် ညအိပ်ကတော့ ရှဒူးဇွပ်မှာတစ်ညအိပ်ရတယ်ပြီးတော့ နောင်းမှီကျေးရွာမှာတစ်ညအိပ်ရတယ်နှစ်ညတောင်အိပ်ရတာ“လို့ မြစ်ကြီးနားကို အဝေးသင်လာတက်တဲ့ တနိုင်းဒေသခံကျောင်းသူတစ်ဦးကပြောပါတယ်။
မြစ်ကြီးနား– တနိုင်း လီဒိုကားလမ်းပိုင်းဟာအများအားဖြင့် မြေသားလမ်းဖြစ်တာကြောင့် အခုလိုမိုးရာသီကာလမှာနှစ်စဥ် ကားလမ်းပိုင်းပျက်စီးတာမျိုးရှိပေမယ့် ဒီနှစ်ကအဆိုးရွားဆုံးဖြစ်နေတယ်လို့သိရပါတယ်။
တနိုင်းမြို့ဟာ မြစ်ကြီးနားမြို့နဲ့ မိုင် ၁၂၀ အကွာအဝေးမှာရှိပြီး ရွှေ၊ပယင်းထွက်ရှိတဲ့ နေရာဖြစ်ပါတယ်။
By – Zaw Zaw