သတင်း

ဖားကန့်မှာ နေအိမ်မီးရှို့တဲ့ မူးယစ်ဆေးသမားအပါအဝင် အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ KIO ပြော

ဖားကန့် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သားနေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါးသမားနှင့် အရပ်သား ၂၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ KIO ပြောပါတယ်။

တိုက်ပွဲကြောင့် ပြည်သူတွေ စွန့်ခွာထားတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ စေခိုင်းမှုကြောင့် မီးရှို့ဖျက်ဆီးနေတဲ့ သူတွေကို ဖမ်းဆီးရမိထားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ စစ်တပ်က ရွာထဲမှာရှိတဲ့ မူးယစ်ဆေးဝါးသမားတွေကို ပြည်သူပိုင်နေအိမ်တွေကို မီးရှို့စေခိုင်းတယ်။ ဘယ်လောက်ထိသေချာလဲတော့ မသိဘူး။ ဒါပေမယ့် အခုဖမ်းဆီးထားတာ ၂၀၀ လောက်ရှိတယ်။ ဖမ်းဆီးခံထားတဲ့ သူတွေကတော့ သူတို့မလုပ်ဘူးဆိုပြီး ငြင်းဆိုနေတာတွေလည်းရှိနေတယ်လို့ပြောပါတယ်။

အခုလို ဖမ်းဆီးတာဟာ ဆိုင်းတောင်ကျေးရွာထဲမှာ ဆက်ပြီး ဒုက္ခမပေးဖို့နဲ့ ပြည်သူလူထုတွေကို ကာကွယ်တဲ့အနေနဲ့ ဖမ်းဆီးဆောင်ရွက်တာတွေ လုပ်နေတာဖြစ်တယ်လို့သိရပြီး  ဖမ်းဆီးခံထားရတဲ့ သူတွေကိုတော့ ဖားကန့်ဒေသကို ကွပ်ကဲနေတဲ့ KIO/KIA အနေနဲ့  တာဝန်ယူဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲနေရာဖြစ်နေတဲ့ ဆိုင်းတောင်ကျေးရွာထဲက Lucky Man Hotel ထဲမှာ နေရာယူထားပြီးတော့ အရပ်သားနေအိမ်တွေကို မူးယစ်ဆေးဝါးသမားတွေကို မီးရှို့စေခိုင်းနေတယ်လို့လည်း ဖားကန့်ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ စစ်တပ်က ဆိုင်းတောင်ကျေးရွာ ဂျက်လေယာဉ်  စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်းတောင် ခါနန်ရပ်ကွက် စျေးနေရာတွေက အရပ်သားပြည်သူတွေရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားတာဖြစ်တယ်။

ဆိုင်းတောင်ကျေးရွာထဲမှာရှိတဲ့ အရပ်သားနေအိမ်တွေကို စစ်တပ်က နေ့တိုင်းလိုလို မီးရှို့ဖျက်ဆီးနေတာဟာ Lucky Man Hotel ထဲမှာ တစ်ပတ်လောက်အကြာရှိနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို KIA က ပိတ်ဆို့တိုက်ခိုက်နေတာကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ မှာလည်း Lucky Man Hotel ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့အပြင်ဘက်ကို ထွက်လာတာကြောင့် KIA ရဲ့ လိုက်လံပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ထက်မနည်း သေဆုံးမှုရှိနိုင်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့ နီးစပ်တဲ့ ဖားကန့်ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။

အထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သား တစ်ချို့အပြင်ဘက်ကို ထွက်လာကြလို့ လိုက်ပစ်တာ ၁၀ ယောက်ကျော်လောက် သေတယ်။ KIA က လိုက်ပစ်တော့ တစ်ချို့က အထဲကို ပြန်ဝင်သွားကြတယ်။ အခုလည်း ပစ်နေဆဲဖြစ်တယ်လို့ပြောပါတယ်။

မနေ့က တစ်ရက်ထဲမှာပဲ ဆိုင်းတောင်ကျေးရွာကို စစ်တပ်က ဂျက်လေယာဉ် ၂ စီးနဲ့ ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်းတောင်ကျေးရွာမှာ လူနေအိမ်မီးလောင်ပျက်စီးတာတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သူက ဆက်ဆိုပါတယ်။

ဆိုင်းတောင်ကျေးရွာထဲ တစ်ပတ်အတွင်းမှာ စစ်တပ်ရဲ့ လက်ချက်ကြောင့် မီးလောင်ပျက်စီးသွားတဲ့ အရပ်သား နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button