တိုက်ပွဲသတင်း

ချီဖွေ – ပန်ဝါဒေသ တိုက်ပွဲဖြစ်နေတဲ့အတွက် ပြည်သူတွေစစ်ရေးသတိထားနေထိုင်ဖို့ KIO ပြော

ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိထားပြီးနေထိုင်ကြဖို့ KIO သတိပေးလိုက်ပါတယ်။

ပန်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ၁၀၀၂ တပ်ရင်းရှိရာ လုပြည်ကျေးရွာ(ဒေသအခေါ်) လောက်ပြည်ရွာမှာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီဘက်နေ တိုက်ပွဲဖြစ်နေတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးကို အထူးဂရုစိုက်ပြီး နေထိုင်ကြဖို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

“ချီဖွေ၊ ဆော့လော်၊ ပန်ဝါ ဒေသတွေမှာ စစ်ရေးတင်းမာနေသလို ထိတွေ့တိုက်ပွဲတွေလည်း နေ့တိုင်းရှိနေပါတယ်။ ဒါကြောင့် အားလုံးသတိထားနေထိုင်ဖို့ပြောချင်ပါတယ်”လို့ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်းကို  KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၀ ရက်နေ့ စတင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး ဒီကနေ့ အထိ တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။

အဲဒီ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်ဟာ ကချင်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို ကာကွယ်ပေးနေတဲ့ ရှေ့တန်း တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကနေ လောက်ပြည် တပ်ရင်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက အခုလို ဆက်ပြောပါတယ်။

“ပန်ဝါမရောက်မှီ လုပြည်နယ်ခြားစောင့်တပ်ရင်းမှာ မနေ့ကလည်း တစ်ရက်လုံးတိုက်ပွဲဖြစ်တယ်။ ဒီကနေ့မှာလည်း မနက်ပိုင်း ၈ နာရီကနေ Y – 12 လေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်”လို့ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ဖုန်းအင်တာနက် အခက်အခဲတွေကြောင့် တိုက်ပွဲဲဖြစ်ပွားတဲ့ အခြေနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉၊ ၃၀ ရက်တွေမှာ ပြည်သူ့စစ်အဖွဲ့အဓိက ထိန်းချုပ်ထားတဲ့ ချီဖွေနဲ့ ဆော့လော်မြို့ နှစ်ခုကို အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

သိမ်းပိုက်မှု တစ်ပတ်ကျော်အတွင်းမှာပဲ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဟာ မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါဒေသဘက်ကို ဦးတည်လာနေပြီးတော့ လောက်ပြည် နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထပ်မံတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် ၊ ပြည်သူ့စစ်အဖွဲ့တွေရဲ့ တပ်ရင်းဌာနချုပ်တွေဟာ ချီဖွေမြို့နဲ့ ဖီမော်မြို့အကြား နဇွန်ဘုတ်ကျေးရွာမှာ ၁၀၀၂ တပ်ရင်း၊ ဝိုင်းမော် – ကံပိုင်တည်သွားလမ်း စင်ကြိုင်ရွာ ၁၀၀၃ တပ်ရင်းနဲ့ ပန်ဝါမြို့အနီးဆုံး လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ တပ်ရင်းဌာနချုပ်တွေဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button