တိုက်ပွဲသတင်း

ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသ တိုက်ပွဲဟာ လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူးလို့ KIO ပြော

ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲဟာ လူမျိုးအချင်းအချင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ ထောက်တိုင်တွေဖြစ်ကြတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ရှင်းလင်းဆောင်ရွက်နေတာဖြစ်တယ်လို့ KIO ပြောပါတယ်။

ကချင်လူထု မျှော်လင့်နေတဲ့ နိုင်ငံရေးပန်တိုင်ကို တည်ဆောက်နိုင်ဖို့ရန်အတွက် စစ်အာဏာရှင် သက်ဆိုးရှည်အောင် လုပ်ဆောင်ပေးနေတဲ့ ဘုံရန်သူကို တိုက်ခိုက်နေတာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

အခုဖြစ်နေတဲ့ တိုက်ပွဲက လူမျိုးအချင်းချင်း တိုက်ခိုက်နေကြတဲ့ တိုက်ပွဲမဟုတ်ဘူး။ ဒီအချိန်မှာက မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို ကြည့်ရမယ်ဆိုရင်  မိမိတို့လူမျိုးတွေ တောင့်တနေတဲ့ နိုင်ငံရေးပန်တိုင်ကို တည်ဆောက်ယူရမယ့် အချိန်ကောင်းဖြစ်တယ်။ ဒါကြောင့်မို့ ပြောချင်တာက ကျနော်တို့တွေ အားလုံးအတူတကွ စည်းစည်းလုံးလုံးနဲ့ ကိုယ့်လူမျိုးရေးကို တည်ဆောက်ကြရအောင်။ ဒီအချိန်မှာ စစ်တပ်ကို အားပေးထောက်ခံတာတွေ မလုပ်သင့်တဲ့ အချိန်ဖြစ်တယ် လို့ ပြောပါတယ်။

တော်လှန်ရေးခရီးစဉ် အောင်နိုင်သွားရင် ကိုယ့်လူမျိုးအရေးကို မိမိတို့ကိုယ်တိုင် စည်းစည်းလုံးလုံးနဲ့ နိုင်ငံ့တာဝန်ကို ပြန်လည်လုပ်ဆောင်ရမှာဖြစ်တာကြောင့် ဒီတော်လှန်ရေးမှာ အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ ဆက်လက်တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ ကချင်အထူးဒေသ() ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချီဖွေ နဲ့ ဆော့လော် မြို့ နှစ်ခုကို KIA ပူးပေါင်းတပ်တွေက စက်တင်ဘာလကုန်ပိုင်း ၂၉၊ ၃၀ ရက်နေ့မှာ မြို့နှစ်ခုကို အပြီးသတ် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ချီဖွေနဲ့ ဆော့လော်မြို့ နှစ်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် တစ်ပတ်ကျော်အကြာမှာပဲ KIA မြို့သိမ်းစစ်ဆင်ရေးဟာ ပန်ဝါမြို့ဘက်ကို ဦးတည်လာနေတာလည်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ စတင်ပြီး ပန်ဝါနဲ့ အနီးဆုံးနေရာ ၁၀ မိုင်လောက်အကွာခန့်မှာရှိတဲ့ လုပီ (ဒေသခေါ်) လောက်ပြည် နယ်ခြားစောင့်တပ် တစ်ခုဖြစ်တဲ့ ၁၀၀၂ တပ်ရင်းနေရာကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းမှာ ၅ ရက်ခန့်အကြာတိုက်ပွဲဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ မှာ တပ်ရင်းတစ်ခုလုံးကို KIA က အပြီးသတ် ထပ်မံသိမ်းပိုက်လိုက်ပါတယ်။

KIA တပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ လုပီ နယ်ခြားစောင့်တပ်ရင်းဟာ ကချင်အထူးဒေသ() စစ်ဌာနချုပ်တည်ရာ ပန်ဝါမြို့တစ်ခုလုံးကို စောင့်ရှောက် ကာကွယ်ပေးနေတဲ့ တပ်ရင်းတစ်ခုဖြစ်သလို ပန်ဝါမရောက်မှီ အထိုင်ချထားတဲ့ ရှေ့တန်းပြည်သူ့စစ်ဂိတ်နေရာကို လုံးခြုံရေးယူပေးနေတဲ့ တပ်စခန်းဖြစ်ပါတယ်။

ချီဖွေနဲ့ ဖီမော် မြို့နှစ်ခုကြား နဇွန်ဘုတ် ကျေးရွာရှိ ၁၀၀၁ တပ်ရင်းနဲ့ ကံပိုက်တည်သွားလမ်း စင်ကြိုင်ရွာက ၁၀၀၃ တပ်ရင်း စတဲ့ အရေးပါတဲ့ နယ်ခြားစောင့်တပ်ရင်း နှစ်ခုကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။

ချီဖွေ၊ ပန်ဝါ၊ ဆော့လော် ဒေသဟာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့ ဆယ်စုနှစ်တစ်ခုအကြာအထိ ကချင်တစ်ပြည်နယ်လုံးမှာ တိုက်ပွဲသိပ်မဖြစ်တဲ့ ဒေသတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကတည်းက စစ်ဆင်ရေးအရှိန်တင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ စက်တင်ဘာလမှာတော့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသဘက်ကို ပြန်လည် ဦးတည်လာတာဖြစ်ပါတယ်။

ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဘက်ကို တပြိုင်နက် ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာနဲ့ ပတ်သက်ပြီး ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက အခုလို သုံးသပ်ပြောဆိုထားပါတယ်။

“KIA က ချီဖွေနဲ့ ဆော့လော်ကို အရင်ထိန်းချုပ်သိမ်းပိုက်လိုက်တာက ပန်ဝါမြို့နဲ့ လဂွေ၊ ဖီမော်၊ အဲဒီ တရုတ်နယ်စပ် တောက်လျှောက် ခေါင်လန်ဖူးဘက်ကိုလည်း ထိုးဖောက်လို့ရမယ်အနေအထားမှာ ရှိနေတယ်လို့သုံးသပ်ပြောဆိုပါတယ်။

KIA ရဲ့ စစ်ဆင်ရေးဟာ ပန်ဝါမြို့နဲ့ ခေါင်လန်ဖူးအထိ ထိုးဖောက်သွားနိုင်ပြီး အဲဒီမြို့ နှစ်ခု မသိမ်းပိုက်မှီ စစ်ရေးအရ အလွန်အရေးပါတဲ့ ချီဖွေနဲ့ ဆော့လော်မြို့ နှစ်ခုကို တပြိုင်နက် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သုံးသပ်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

မြေပြင်အရ ချီဖွေမြို့ဟာ ပန်ဝါနဲ့ ဖီဖော်ဘက်ကို သွားလို့ရတဲ့ လမ်းကြောင်းဖြစ်သလို ဆော့လော်မြို့ ဟာလည်း ခေါင်လန်ဖူးနဲ့ လန်းဆယ်ဒေသတွေကိုပါ ထိန်းချုပ်ဖို့ လွယ်ကူသွားတဲ့ အနေအထားမှာရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် KIA ပူးပေါင်းတပ်တွေဟာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အဓိက အရေးပါတဲ့ ဌာနချုပ်နေရာတွေကို သိမ်းပိုက်လိုက်ပြီး နယ်စပ်တစ်ကြော ထိန်းချုပ်လိုက်ဖို့အထိ စခန်းသိမ်းတိုက်ပွဲတွေကို ယခုနှစ်အတွင်းမှာပဲ ဖော်ဆောင်သွားနိုင်တယ်လို့လည်း နိုင်ငံရေးသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

တစ်ဖက်မှာ ချီဖွေ၊ ပန်ဝါ နဲ့ ဆော့လော် ဒေသတွေမှာ KIA က ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတာကြောင့် အဲဒီဒေသမှာ အဓိက နေထိုင်ကြတဲ့ လာချိဒ်၊ လော်ဝေါ် နဲ့ လီဆူလူမျိုးတို့ကြားမှာလည်း အမြင်မတူတဲ့ နိုင်ငံရေးခံယူချက်တွေ လူမျိုးအချင်းချင်းကြား အငြင်းပွားမှုတွေလည်းရှိနေတာဖြစ်ပါတယ်။

ကချင်မျိုးနွယ်စုတွေ အများဆုံးနေထိုင်တဲ့ ချီဖွေ ၊ ပန်ဝါ နဲ့ ဆော့လော်ဒေသမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ KIA အနေနဲ့ လူမျိုးအချင်းချင်းကြား ကြီးမားတဲ့ လူမျိုးရေးပြဿနာတွေ ဆက်ဖြစ်လာအောင် ဒေသကို အဓိက ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းအဖြေရှာတဲ့ လမ်းကြောင်းနဲ့ သွားသင့်တယ်လို့လည်း ချီဖွေဒေသခံ အမျိုးသားတစ်ဦးကလည်း အခုလို သုံးသပ်ပြောဆိုထားပါတယ်။

“KIO/KIA အနေနဲ့လည်း ကောင်းမွန်တဲ့ နည်းလမ်းနဲ့ သွားနေမယ်လို့ ထင်ပါတယ်။ ဒီဒေသမှာ ရှိကြတဲ့ ပြည်သူတွေကလည်း လက်နက်ကိုင်ပြီး အချင်းချင်းတိုက်ခိုက်ကြတာက ဘယ်သူမှ လိုလားမယ်လို့ မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် ညှိနှိုင်း ဆွေးနွေးတာတွေ လုပ်ပြီး အဖြေရှာသင့်တယ်။ ဘယ်ဘက်မှလည်း ညှိနှိုင်းမခံ တစ်ဖက်နဲ့ တစ်ဖက် တင်းမာနေရင်တော့ တိုက်ပွဲက ပိုပြီး ပြင်းထန်လာဖို့ပဲရှိပါတယ်

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ချီဖွေ၊ ဆော့လော်မြို့နယ်ထဲ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတဲ့နောက်ပိုင်း ပန်ဝါမြို့မှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဘာသာရေးအသင်းအဖွဲ့တွေက လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတာတွေလည်း ရှိတယ်လို့ သိရပေမယ့် ပြေလည်မှုရှိ မရှိ အသေးစိတ် မသိရှိနိုင်ခဲ့ပါ။

KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ချီဖွေ၊ ဆော့လော်မြို့နှစ်ခုမှာ KIO အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားတွေ စတင်လည်ပတ်ဖို့ ပြင်ဆင်နေပြီလို့လည်း သိရပါတယ်။

ဒါပေမယ့် လက်ရှိမှာ KIA သိမ်းပိုက်ထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်ပေးနေသလို တိုက်ပွဲတွေ ဆက်ရှိနေသေးတာကြောင့် KIO အစိုးရရဲ့ အုပ်ချုပ်ရေးစနစ် လည်ပတ်ဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ချီဖွေမြို့ပေါ် ဒေသခံ ထောင်ချီကလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်ပြီး မြို့ပေါ်ထဲကို ပြန်ဝင်လာနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button