စစ်ပြေးဒုက္ခသည်များသတင်း

ချီဖွေပြည်သူများ မြို့ထဲပြန်ဝင်ခွင့်မရသေး

ကချင်ပြည်နယ် ချီဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် လေကြောင်းရန်ကြောင့် မြို့ခံတွေ ပြန်ဝင်ခွင့်မရသေးဘူးလို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့နဲ့ ၈၈ မိုင်အကွာမှာရှိတဲ့ ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲငြိမ်သက်သွားတာ ၂ ပတ်ကျော်ရှိလာပြီဖြစ်ပါတယ်။

ဒါပေမယ့် ချီဖွေမြို့နဲ့ပန်ဝါမြို့ကြား KIA နဲ့ BGF တပ်အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်တပ်ဘက်က နေ့တိုင်းလေယာဉ်ဝဲနေတဲ့အတွက် လေကြောင်းရန်ကို စိုးရိမ်နေရသေးတယ်လို့ ချီဖွေဒေသခံတစ်ဦး KNG ကိုပြောပါတယ်။

မဝင်ကြသေးဘူး လေယာဉ်ကိုကြောက်လို့လေ။ ခုပြည်သူတွေက မြို့အနီးဝန်းကျင်မှာရှောင်ကြတယ်။ တစ်ချို့က မြစ်ကြီးနားဘက်ဆင်းလာတဲ့သူတွေလည်းရှိနေတယ်လို့ ပြောပါတယ်။

KIA ပူးပေါင်းတပ်ဘက်က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေချိန် ချီဖွေဝိုင်းမော်ကားလမ်းမကြီး သွားလာခွင့်ပိတ်ခဲ့တဲ့အတွက် ချီဖွေပြည်သူတွေဟာ မြို့အနီးဝန်းကျင်မှာ တစ်ပတ်ဝန်းကျင် တိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။

သို့သော် မြို့သိမ်းပြီး တစ်ပတ်ကျော်အကြာ အောက်တိုဘာလ ၁၀ ရက်နေ့ကစ ချီဖွေဝိုင်းမော်လမ်းမကြီးသွားလာခွင့်ကို ဖွင့်ပေးလိုက်တဲ့အတွက် ပြည်သူတစ်ချို့ ဝိုင်းမော်၊မြစ်ကြီးနားဘက် တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေအတွင်း KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးဟာ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ ၃၀ ရက်နေ့ ဆော့လော်မြို့၊ အောက်တိုဘာလ ၁၅ ရက်နေ့ ပန်ဝါမြို့စောင့်တပ်ကိုသိမ်းထားနိုင်ပြီး လက်ရှိချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေကြဆဲဖြစ်ပါတယ်။

ချီဖွေမြို့ဟာ မြစ်ကြီးနားကနေ မိုင် ၈၈ အကွာ တရုတ်နယ်စပ် ပန်ဝါနဲ့ မိုင် ၄၀ အကွာရှိပြီး ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ KIA တပ်တို့ကြား တကျော့ပြန်တိုက်ပွဲကြောင့် ချီဖွေအနီးပတ်ဝန်းကျင်ကျေးရွာတစ်ချို့ပြည်သူတွေ မြို့တွင်းထဲကို စစ်ရှောင်နေကြတာ ဆယ်စုနှစ် တစ်စုရှိပြီဖြစ်ပါတယ်။

ဒါကြောင့် စစ်ရှောင်များလည်းအများအပြားနေထိုင်ပြီး ၂၀၂၂ ခုနှစ် ချီဖွေအထွေထွေအုပ်ချုပ်ရေးရုံးရဲ့ဖော်ပြထားချက်အရ လူဦးရေ ၂၂၀၉၂ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လတ်တလော စစ်ရေးအခြေနေကြောင့် ဖုန်း၊အင်တာနက်လိုင်းတွေလည်းဖြတ်တောက်ခံထားရပြီး ဒေသခံတွေက  ဖုန်းလိုင်းအမြန်ဖွင့်ပေးဖို့ မျှော်လင့်နေကြပါတယ်။

ခုဖုန်းလိုင်းလည်းဘာမှ မရဘူး။စကစကို သတင်းပေးတဲ့သူတွေရှိတယ်ဆိုပြီး KIA ကဖုန်းလိုင်းဖြတ်ထားတယ်လို့တော့ ပြောတယ် ဖြစ်နိုင်ရင် ဖုန်းလိုင်းတော့ဖွင့်ပေးစေချင်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။

KIA ပူးပေါင်းတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် တစ်လမပြည့်ခင် မြို့ နှစ်မြို့နဲ့ တပ်ရင်းဌာနချုပ်တစ်ခုကို သိမ်းထားနိုင်ပြီဖြစ်ပါတယ်။

ချီဖွေ၊ဆော့လော်၊ပန်ဝါဒေသဟာ တရုတ်နယ်စပ်မြို့တွေဖြစ်ပြီး မြေရှားသတ္တုအဓိက ထုတ်ယူနေတဲ့နေရာတွေလည်းဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button