နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် ကံပိုင်တည်မြို့ပြည်သူတွေ ကြိုတင်တိမ်းရှောင်
နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကံပိုင်တည်မြို့အနီးရှိ ၁၀၀၃ စင်ကြိုင်တပ်ရင်းချုပ်မှာတိုက်ပွဲပြင်းထန်နေတာကြောင့် မြို့တွင်းနေထိုင်တဲ့ပြည်သူတွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တရုတ်နယ်စပ်– ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်မှာရှိတဲ့ နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်က အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ထိုးစစ်ဆင်နေပြီး ရှေ့တန်းကာကင်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။
ဒါကြောင့် တိုက်ပွဲဟာ မြို့အနီးရောက်ရှိလာပြီဲဖြစ်တာကြောင့် ကံပိုင်တည်မြို့ပြည်သူတွေဟာ မြစ်ကြီးနား– ဝိုင်းမော်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို တစ်ချို့က နီးစပ်ရာတောထဲမှာ တိမ်းရှောင်တာတွေလည်း ရှိနေတယ်လို့ ကံပိုင်တည်မြို့နေ ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။
“မနေ့ညနေပိုင်းကနေ ပြေးတဲ့သူပြေးကုန်ကြပြီ ငွေကြေးတတ်နိုင်တဲ့သူတွေအများပိုင်းက မြစ်ကြီးနားနဲ့ဝိုင်းမော်ဘက်တိမ်းရှောင်ကြတယ်”လို့ ပြောပါတယ်။
KIA ရှေ့တန်းသတင်းရင်းမြစ်တွေပြောဆိုချက်အရ အောက်တိုဘာလ ၁၇ ရက်နဲ့ ၁၈ ရက်အတွင်း လဖိုင်ပြည်သူ့စစ်စခန်းနဲ့ဝေ့ါချုံးကာကင်းစခန်းတွေကို သိမ်းပိုက်ထားပြီး လမ်းတစ်လျှောက်လုံးကို KIA ဘက်က ထိန်းချုပ်ထားနိုင်ပြီလို့သိရပါတယ်။
လဖိုင်ပြည်သူစစ်ခန်းနဲ့ဝေါ့ချုံးရွာမှာရှိတဲ့ ကာကင်းစခန်းတွေဟာ ဆဒုံးမြို့နဲ့ ကံပိုင်တည်မြို့ကြား နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်တပ်ရင်းမရောက်ခင် ရှိတဲ့ရှေ့တန်းစခန်းတွေဖြစ်ပါတယ်။
ဒါ့အပြင် ဆဒုံးမြို့ကို KIA ပူးပေါင်းတပ် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာသိမ်းပိုက်ထားပြီး အောက်တိုဘာလ ၁၇ ရက်နေ့ ဆဒုံးမြို့အကျော် ၁၀မိုင်ဝန်းကျင်မှာရှိတဲ့ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ရှိက ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးမြို့ကို လုံခြုံရေးယူပေးတဲ့ တပ်ရင်းဌာနချုပ်ဖြစ်ပြီး KIA ထိုးစစ်ဆင်နေတာ ၄ ရက်ရှိလာတဲ့အပြင် စစ်တပ်ဘက် လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၁ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာလည်း တရုတ်ဘက်က ဦးဇခုန်တိန့်ယိန်းရဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်အဖွဲ့ အင်အား ၁၀၀ ဝန်းကျင်ကို ကံပိုင်တည်မြို့ထဲလာပို့တာတွေရှိတယ်လို့သိရပြီး ပြည်သူ့စစ်တွေ ကံပိုင်တည်မြို့ထဲရောက်လာပြီးနောက် စစ်တပ်ကဘက် ရဟတ်ယာဉ်နဲ့လက်နက်လာပို့သွားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကံပိုင်တည်မြို့ပြည်သူတစ်ဦးပြောတာက” ပန်ဝါဘက်ကနေ တရုတ်ဘက်ကို ဝင်သွားတဲ့ပြည်သူ့စစ်တွေဖြစ်နိုင်တယ်။ တရုတ်ဘက်က လက်နက်တွေသိမ်းပေးလိုက်ပြီး ကံပိုင်တည်ကိုလာပို့တာလို့ ယူဆရတယ်။ အဲဒီပြည်သူ့စစ်တွေကိုလာပို့ပြီးနောက် ရဟတ်ယာဉ်တစ်စီးနဲ့လက်နက်တွေလာပို့သွားတယ်လို့ သတင်းရထားတယ်”လို့ ပြောပါတယ်။
KNG အနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်နေပေမယ့် ညနေပိုင်း ၅ နာရီဝန်းကျင်အထိ ဖုန်းဆက်သွယ်လို့မရပါဘူး။
KIA ပူးပေါင်းတပ် ထိုးစစ်ဆင်နေတဲ့ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်ဟာ ဆဒုံးမြို့ကနေ မိုင် ၂၀ ဝန်းကျင်သာကွာဝေးပါတယ်။
ဒါ့အပြင် ကံပိုင်တည်မြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက်မှာရှိပြီး တရုတ်– မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးဇုန်အဖြစ် တည်ဆောက်နေပြီး နှစ်နိုင်ငံစီမံကိန်း သဘောတူစာချုပ် MOA ထိုးနိုင်ဖို့ပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။
By – Zami