နောင်ပိုအောင်ရွာမှာ အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆို
စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာမှာ SNA တပ်တွေအနေနဲ့ ဆိုင်အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆိုနေကြပါတယ်။
ဟုမ္မလင်းမြို့နယ်တစ်ခုလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ် အများဆုံးရှိတဲ့ နောင်ပိုအောင်ကျေးရွာမှာ SNA တပ်က ကုန်စုံဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ၊စားသောက်ဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀(ခြောက်သိန်း) ၊ ကုန်ခြောက်ဆိုင်၊ လက်ဖက်ရှည်ဆိုင်တစ်လ ကျပ် ၃၀၀၀၀၀ (သုံးသိန်း) ၊ဆိုင်ကယ်ဝပ်လျော့ တစ်လ ကျပ် ၆၀၀၀၀ (ခြောက်သောင်း) စသဖြင့် အခွန်ကောက်ခံနေတာကြောင့် ဆိုင်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့နေကြတယ်လို့ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“ဆိုင်အကြီးတွေဆို ခြောက်သိန်းတဲ့ ကွမ်းယာခုံတစ်ခုံဆိုလည်းခြောက်သောင်းတဲ့ တစ်လကိုနော် တောင်းတာတောင်တစ်နှစ်စာပေါင်းပြီးတောင်းတာ စာရွက်လေးတွေပေးပြီးတောင်းတယ် မပေးနိုင်ကြဘူးလေ တစ်နှစ်စာဆို ရာချီ၊ဆယ်ချီမပေးနိုင်လို့တချို့ဆိုင်တွေဖြုတ်လိုက်တဲ့လူတွေလည်းရှိတယ်”လို့ ကုန်ခြောက်ဆိုင်ဖွင့်ထားတဲ့ ဒေသခံအမျိုးသမီး ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမတိုင်ခင်အထိ SNA အနေနဲ့ ကုန်စုံဆိုင်အကြီးတစ်လလျှင် အများဆုံးကျပ် ၃၀၀၀၀၀ (သုံးသိန်း) ၊ကုန်ခြောက်ဆိုင်နဲ့တစ်ခြားသော ဆိုင်အသေးတွေ တစ်လ အနည်းဆုံးအခွန်ကျပ် ၃၀၀၀၀ (သုံးသောင်း) အထိသတ်မှတ်ပြီး လပေးစနစ်နဲ့ကောက်ခံတာလို့ သိရပါတယ်။
သို့သော် နိုဝင်လစပြီး အခွန်တိုးမြင့်ကောက်ခံလိုက်တဲ့အပြင် တစ်နှစ်စာပေါင်းပြီး ကောက်ခံနေတာကြောင့် ရပ်နားသွားရတဲ့ ဆိုင်တွေလည်းအများအပြားရှိနေကြတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။
“ဒီသုံးလေးလထဲအပြီးပေးရမယ်တဲ့ လျော့ပေးဖို့တောင်းဆိုကြတယ်အဆင်မပြေဘူး အဲ့ကြောင့်အရင်းအနှီးမရှိတဲ့လူတွေက မပေးနိုင်လို့ဆိုပြီးဆိုင်တွေရပ်ကုန်ကြတာ။ တချို့ဆိုစစ်ရှောင်ရင်းဒီရောက်လာပြီးရှိတာလေးနဲ့ဆိုင်လေးဖွင့်စားတာ သူတို့လည်းမရှိလို့ဆက်မရောင်းနိုင်ကြတော့ဘူး”လို့ ပြောပါတယ်။
လက်ရှိ နောင်ပိုအောင်ကျေးရွာက ကုန်စုံဆိုင်၊စားသောက်ဆိုင်လုပ်ကိုင်ကြတဲ့လူတွေထဲမှာ ရွာခံတွေရှိကြသလို ရွှေပြည်အေးမြို့၊လွှစင်ကုန်းနဲ့တစ်ခြားအနီးဝန်းကျင်ရွာကနေ စစ်ဘေးရှောင်ရင်း လာရောက်လုပ်ကိုင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် ခုလို အခွန်တိုးကောက်လိုက်တဲ့အတွက် စစ်ရှောင်ရင်း ဆိုင်အသေးဖွင့်တဲ့သူအများပိုင်း ရပ်နားလိုက်ရကြပြီလို့ ဒေသခံတွေပြောပါတယ်။
နောင်ပိုအောင်ကျေးရွာဟာ ဟုမ္မလင်းမြို့နဲ့ဆယ်မိုင်ကျော်အကွာ ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိပြီး SNAစစ်သားတွေရာချီတပ်ထိုင်ထားသလို SNA တပ်သားသစ်တွေကိုစစ်သင်တန်းပေးနေတဲ့ နေရာလည်းဖြစ်ပါတယ်။
By – Zaw Zaw