နန်းယွန်းမြို့တစ်ခုလုံး လျှပ်စစ်မိီးပြတ်တောက်နေတာ ၆ ကျော်ကြာမြင့်လာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ် ရေကြီးရေလျှံဖြစ်ပြီးနောက် ဒီနေ့အထိ လျှပ်စစ်မီးတွေပြတ်တောက်နေဆဲဖြစ်တယ်လို့ နန်းယွန်းမြို့ခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ နန်းယွန်းမြို့တစ်မြို့လုံး ရေဘေးသင့်ခဲ့ချိန် ဓာတ်တိုင်အများအပြားပျက်စီးခဲ့ပြီး ဒီနေ့ထိအစားထိုးပြုပြင်တာမျိုးမရှိသေးတာကြောင့် လျှပ်စစ်မီးပြတ်တောက်နေတာ ၆ လကျော်ပြီလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ရေကြီးတုန်းက ပျက်သွားတဲ့မီးတိုင် အခုထိမလှဲသေးတော့ မီးလည်းမရသေးဘူး နှစ်တောင်ကူးတော့မယ် သူတို့မီလာဖို့နေနေသာသာ ဓာတိုင်တစ်တိုင်တောင် ပြန်မစိုက်သေးဘူး ဒီတိုင်းပဲဖြစ်သွားမလားမသိဘူးမီးက”လို့ အသက် ၃၀ ကျော်အရွယ်နန့်ယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
နန်းယွန်းမြို့ပေါ်လျှပ်စစ်မီးတွေကို နန်းယွန်းချောင်းရေအားလျှပ်စစ်စက်ရုံကနေ ဓာတ်အားဖြန့်ဖြူးပေးနေတာဖြစ်ပြီး မေလတွင်း ရေဘေးသင့်ခဲ့ချိန် လျှပ်စစ်ဓာတ်အားပေးစက်ရုံထိခိုက်ပျက်စီးတာမျိုးရှိခဲ့သလို ရေအားလျှပ်စစ်စက်နဲ့ နန်းယွန်းမြို့ကြားမှာရှိတဲ့ဓာတ်တိုင်တွေနဲ့ မီးကြိုးအများပိုင်းပျက်စီးခဲ့တာဖြစ်တာလို့ သိရပါတယ်။
“ရေကာတာပေါ့အဲ့ဒီရေအားလျှပ်စစ် စက်ရုံနဲ့မြို့ကဆယ်မိုင်နီးနီးရှိမှာ အဲဲ့ကြားမှာသွယ်ထားတဲ့မီးကြိုးတွေ၊ ဓာတိုင်တွေက ရေထဲပါသွားတဲ့ဟာပါသွားပြီ။ ပြီးတော့ မြေပြိုလို့ လှဲတဲ့ဟာလှဲချိုးတဲ့ဟာချိုး မီးကြိုးတွေလည်းအများကြီးပါသွားတယ် တကယ်ပြင်မယ်ဆိုရင်ပြီးလောက်ပြီဗျ မပြင်လို့ခုထိမီးမရတာ”လို့ ပြောပါတယ်။
အခုလိုလျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဒေသခံတွေဟာ ဆိုလာမီး၊ ဖယောင်းတိုင်မီး အားထားနေရလို့ အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
“အစပိုင်းကတော့မီးရမလားရမလားနဲ့စောင့်နေကြတာ။ အခုကြာလာတော့ တချို့ဆိုလာမီးသုံးတဲ့သူသုံး တချို့ဆိုလာမဝယ်နိုင်တဲ့လူက ဖယောင်းတိုင်မီးတွေ ၊ရေနံဆီမီးခွက်တွေပြန်သုံးနေကြတယ် နေမပူတဲ့နေ့တွေဆိုရင်မှောင်မှောင်မဲမဲပဲ”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီးတော့ KNG သတင်းဌာနအနေနဲ့ နန်းယွန်းမြို့နယ် လျှပ်စစ်ဓာတ်အားရေးပေးရုံးကိုဆက်သွယ်ခဲ့ပေမယ့် နန်းယွန်းမြို့နယ်ထဲဖုန်းလိုင်းဖြတ်တောက်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
နန်းယွန်းမှာ မေလတုန်းဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် အခုလို လျှပ်စစ်ဓာတ်အားတွေပြတ်တောက်ခဲ့ရသလို နန်းယွန်း– ရှင်ဗွေယန်ကြားရှိ နန်းယွန်းမြို့အဝင်က တံတားလည်းပျက်စီးသွားခဲ့ပြီး ဒီနေ့ထိပြန်လည်မပြုပြင်သေးတာကြောင့် လမ်းပမ်းဆက်သွယ်ရေးလည်း ခက်ခဲ နေဆဲဖြစ်ပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက အရေးပါတဲ့မြို့တစ်မြို့ဖြစ်တဲ့ နန်းယွန်းမြို့မှာတော့ NLD အစိုးရလက်ထက် ၂၄ နာရီလျှပ်စစ်ဓာတ်အားရရှိနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နန်းယွန်းမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်တာမရှိပေမယ့် ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊လျှပ်စစ်မီးမရရှိမှုတွေကြောင့် အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။
By – Zaw Zaw