ဖားကန့်မြို့နယ် နွံကန်ပြိုကျမှုကြောင့် သေဆုံးသူတွေထဲမှာ ၂နှစ်အရွယ်ကလေးသူငယ်ကနေ အသက် ၅၀ကျော်အရွယ်ထိပါဝင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံ့ကန်ပြိုကျမှုကြောင့် သေဆုံးသူတွေထဲမှာ ၂နှစ်အရွယ်ကလေးကနေ အသက်၅၀ကျော်အရွယ်ထိပါဝင်တယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
နွံကန်ပြိုကျတာကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ၁၃ရက်နေ့ မနက်၁နာရီ ဝန်ကျင်အချိန်မှာ ပြိုကျလာတာဖြစ်ပြီး ဒီကနေ့ ၃ ရက်မြောက်နေ့အထိ ပြန်လည် တူးဖော်ရာမှာတော့ ၃၂ ဦး သေဆုံးသူ ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါအပြင် အဲဒီသေဆုံးသူ ၃၂ဦးထဲမှာ ၁၀နှစ်အောက်ကလေးသူငယ် ၅ဦးအပြင် အမျိုးသမီး၁၃ဦး၊ အမျိုးသား ၁၃ဦးနဲ့ ကျန်တစ်ဦးကတော့ ဆေးရုံရောက်မှာသာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲ ကလေးသူငယ်၊ အမျိုးသမီးတွေအပါအဝင် အရွယ်စုံတွေ့ရပြီး ကယ်ဆယ်ရေး လုပ်ဆောင်ချိန်မှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်း ထုတ်ယူနိုင်ခဲ့တယ်လို့ ဒေသခံတစ်ဦးကခုလိုပြောပါတယ်။
“မနေ့ည ဆယ်ယူရရှိတဲ့ဟာထဲမှာ ကိုယ်ဝန် လေးလရှိထားတဲ့ အမျိုးသမီးတစ်ဦး ဆယ်ယူရရှိထားတယ်လို့ ကြားရတယ် လူမှုကယ်ဆယ်ရေးအသင်းတွေ ပြောတာပေါ့ ကလေးတွေလည်းတွေ့ရတယ် ပုံစံမျိုးစုံနဲ့ ရွံ့နွံ့အောက်မှာ နစ်မြုပ်နေတာတွေကို ပြန်လည်တွေ့ရှိရပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြီးကြပ်ပြီး ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီလုပ်ငန်းရှင်တွေ နဲ့ ဖားကန့်မြို့နယ်မှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တွေအားလုံး ပူးပေါင်းပြီးတော့ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အခုလို နွံကန်ပြိုကျရတာဟာ ကျောက်စိမ်းတူးဖော်ရာကနေ ထွက်လာတဲ့မြေစာတွေကို ဖို့ရာကနေ နွံကန် ပေါက်ကျရတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
နွံကန်ပြိုကျမှု မဖြစ်ခင် အဲ့ဒီနေရာတစ်ဝှိုက်မှာတော့ စန်းရွှင်၊ရတနာအဓိပတိဆိုတဲ့ ကုမ္ပဏီလုပ်ကွက်တွေက ကျောက်စိမ်းတူးဖော်တာတွေလုပ်ဆောင်နေတာလို့ ဒေသခံတွေကဆိုပါတယ်။
“ဒီနှစ်လက်ရှိလုပ်တာကတော့ အဲဒီမှာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိဘူးဗျ သူတို့ကလည်း ဘယ်သူလုပ်တယ်ဆိုတာက မြေပြင်မှာလည်း မေးရခက်တယ်ပေါ့နော မေးလို့မရဘူး အဲလိုဖြစ်နေတယ်”လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနွံကန်ပြိုကျမှုမှာသေဆုံးခဲ့ရသူတွေအပေါ် ဘယ်သူတွေကတာဝန်ယူပြီး တစ်စုံတစ်ရာ ထောက်ပံ့ရေးတွေ လုပ်ဆောင်နေလဲဆိုတာနဲ့ပတ်သက်လို့သတင်းတွေအမျိုးမျိုးထွက်ပေါ်နေပြီး KNG က ဒီအခြေနေကိုစုံစမ်း နေဆဲဖြစ်ပါတယ်။
ဒီနွံကန်ပြိုကျမှု ဘာ့ကြောင့်ဖြစ်လာတာလဲ။ ဘယ်သူတွေမှာတာဝန်ရှိပါသလဲ။ ကချင်ပြည်နယ်ရဲ့ သံယဇာတတူးဖော်ရေး အခြေနေတွေကို နှစ်ရှည်စောင့်ကြည့်လေ့လာခဲ့ပြီး ကချင် သဘာဝပတ်ဝန်းကျင်အရေး ကျွမ်းကျင်တဲ့ အမည်မဖော်လိုသူ ပညာရှင် တစ်ဦးက အခုလို သုံးသပ်ပါတယ်။
“ဒီဖြစ်ပုံကအခုလုပ်တဲ့အတွက်ကြောင့်ဖြစ်လာတာ တစ်ခုတည်းမဟုတ်ဘူး။ ဒီဖြစ်တဲ့ဟာတော့ အရင်တုန်း က အကျိုးတူခေတ်ပေါ့။ နေပြည်တော်အစိုးရပေါ့ကွာ အင်မတန်မှကြီးတဲ့ကုမ္ပဏီတွေ ရှိခဲ့တဲ့ မြန်မာဦးပိုင် တွေပေါ့။ အဲ့ခေတ်ကတည်းကလုပ်ထားတဲ့နွံကန်တွေ အခုပြန်စွတဲ့သဘောဖြစ်တယ်။ လူတွေက ကျောက်စိမ်းရချင်တဲ့အခါကျတော့ လာကြတယ်။ ဘယ်သူမှ မြေစာပုံဖြစ်တယ် မသွားနဲ့လို့လည်း မောင်းလို့ လည်းမရတဲ့အနေအထားဖြစ်တယ်။ အဲ့မှာတဲသွားဆောက်တာတို့ ဘာတို့ဖြစ်တဲ့အခါ ဒါတွေကသေချာ ပေါက် ပြိုဖို့အလားအလာကရာခိုင်နှုန်းအပြည့်ရှိတယ်။ သွားစွလို့ရှိရင်ပေါ့။ ဒါပေမဲ့ တစ်ဖက်က ပြည်သူကို လည်းဘာပြောရမှန်းမသိတော့ဘူး။ စည်းမျဥ်းစည်းကမ်းဆိုတာလည်းဘာမှမရှိတော့ဘူး။ ဖြစ်တာကတော့ အရင်းအမြစ်ကတော့ အရင်တုန်းက မြန်မာ့ဦးပိုင် ခေတ်ပေါ့ အာဏာပိုင်ဆိုတာကတစ်ခုတည်းမပြီးဘူး သန်းရွှေခေတ်၊သိန်းစိန်ခေတ် ဒေါ်စုခေတ် အခုဆို လက်နက်ကိုင်တော်လှန်ရေးခေတ်ဒါအားလုံး။ ခေတ်အဆက်ဆက်မှာ လုပ်ထားတဲ့နောက်ဆက်တွဲ ပြဿနာတွေပဲလို့သုံးသပ်ပါတယ်။ ဒါကသဘာဝဘေးမဟုတ်ဘူး လူလုပ်တဲ့ဘေးအန္တရာယ်လို့ပြောလို့ရ တာပေါ့နော်။ နောင်တစ်ချိန်လည်း ဖားကန့်တင်မဟုတ်ဘူး တစ်ခြားဒီလိုလုပ်ထားတဲ့နေရာတွေက ပြောရင်တော့မကောင်းဘူးကွာ နောင်လည်းဖြစ်နေအုံးမှာပဲ။ ကျနော်တို့ကအားလုံးအရင်တည်းကစောင့် ကြည့်နေတဲ့နေရာတွေဆိုတော့သိတာပေါ့နော်”
ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ဒီဇင်ဘာလ လောက်ကစပြီး ဒီ နွံကန်ကြီးကို ပြိုကျမှာကို ဒေသခံတွေ စိုးရိမ်နေခဲ့ပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်တွေ ကျေးရွာတာဝန်ရှိသူတွေက မြေစာ မရပ်မနား လောင်းထည့်ပြီးနောက် နွံကန် ပိလာပြီး အောက်ကနေ ပေါက်ထွက် ပြိုကျလာခြင်း ဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဒါအပြင် လွန်ခဲ့တဲ့ မိုးတွင်းကာလ ဖားကန့်ဒေသမှာ ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်တွေ အများအပြား ဆုံးရှုံးလိုက်ရကာ ကျောက်စိမ်းလုပ်ကွက်တွေ နဲ့ နွံကန်တွေမကြာမခဏ ပြိုကျမှုတွေကြောင့် လူသေဆုံးမှုဖြစ်စဉ် မကြာမခဏဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
နွံကန်ပြိုကျမှုကြောင့် ဖားကန့်ဒေသခံတွေအပါအဝင် နိုင်ငံတစ်ဝှမ်းကဒေသခံတွေ စိုးရမ်ပူပန်နေကြချိန် စစ်ကောင်စီတပ်က ဖားကန့်မြို့ ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး အရပ်သား ၇ဦးသေဆုံးခဲ့ရသလို ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
By – Hope, အမိုး