သတင်း

ဝိုင်းမော်စစ်ရှောင် နေအိမ်များ ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံနေရ

စစ်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ ဝိုင်းမော် စစ်ရှောင်တွေ ကျေးရွာဝင်ခွင့် တားမြစ်ခံရပေမယ့် နေအိမ်ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ အိမ်တွင်းပစ္စည်းများ ခိုးယူခံနေရတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်၊ ဆဒုံး – ကန်ပိုင်တည် လမ်းမပေါ်  နမ်ဝါ၊ မုတ်ကျိတ်၊ တန်ဘောင်၊ လမြန်၊ ဝူယန် စတဲ့ ကျေးရွာတစ်လျှောက်က ပြည်သူတွေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လတိုက်ပွဲ စတင်ကတည်းက ဂွေထူ၊ နောင်းချိန်း၊ အင်ဂန်း စတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

အဲဒီ စစ်ရှောင်ပြည်သူတွေဟာ ယခင်က နေအိမ်ကို ခွင့်တောင်းပြီး ပြန်လာခွင့်ရှိပေမယ့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း လုံခြုံရေးအခြေအနေအရ ကျေးရွာ ဝင်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေ ရွာထဲကို ဝင်ရောက်ခွင့် မရှိတော့တဲ့နောက်ပိုင်း ကျေးရွာထဲမှာ နေရာယူထားတဲ့ နှစ်ဖက် စစ်တပ်က ဒေသခံတွေရဲ့ နေအိမ်တွေကို ထွင်းဖောက်ပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ ဂွေထူဒေသမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ရွာထဲကို မဝင်ခိုင်းတာက နှစ်ဖက်စစ်တပ်ဘက်က ဟုတ်တယ်။ ကားလမ်းအတိုင်းတော့ ဖြတ်လို့ရတယ်။ မမြန်ရွာ အောက်ဖက်ခြမ်းနဲ့ ဝူယန်ကျေးရွာတစ်ကြော ပြည်သူ့စစ်စခန်းရှိတဲ့ ကားလမ်းတစ်ကြောအကုန်ပါတယ်။ နှစ်ဖက်စစ်တပ် စောင့်ကြည့်နေတဲ့ အခြေအနေမှာ ရှိနေတာထင်တယ်။ ဒေသခံတွေကို မဝင်ခိုင်းတော့ မပြန်ရဲကြတော့ဘူးလေ။ စစ်သားတွေက အိမ်မှာကျန်နေတဲ့ ပစ္စည်းတွေအကုန်လုံး ခိုးယူပေးလိုက်ပြီ ဘာမှမကျန်တော့ဘူး။ အခုသိရသလောက် အိမ်က ပစ္စည်းတွေတင် မဟုတ်ဘူး။ ဘုရားကျောင်း ပစ္စည်းတွေပါ မကျန်အကုန်ယူ ပေးလိုက်တယ် လို့ ပြောပါတယ်။

စစ်ဘေးရှောင်နေတဲ့ ဝိုင်းမော် ဒေသခံပြည်သူတွေကို နှစ်ဖက်စစ်တပ်က ကျေးရွာထဲကို ဝင်ခွင့်ပိတ်ထားတာ  လခန့်ကြာမြင့်လာပြီး လမ်းမကြီးပေါ် သွားလာခွင့်သာ ပြုထားတယ်လို့ သိရပါတယ်။

ကျေးရွာတွေထဲမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် နှစ်ဖက်စစ်တပ်စလုံးက နေအိမ်တွေကို ထွင်းဖောက်ပြီး တန်းဖိုးကြီး စက်ပစ္စည်းတွေ၊ ထင်းပုံကအစ ကားကြီးတွေနဲ့ သယ်ယူ ခိုးယူပေးလိုက်တယ်လို့ နောက်ထပ် ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက အခုလိုဆက်ပြောပါတယ်။

ကြာပြီ သူတို့ အဲလိုလုပ်နေတာ။ ကောင်းတဲ့ ပစ္စည်းတွေ အကုန်သယ်ယူပေးလိုက်တယ်။ ဘာတစ်ခုမှမကျန်ဘူး အိမ်မှာရှိတဲ့ ခေါင်းလောင်း၊ တန်ဖိုးရှိတဲ့ စက်ပစ္စည်းတွေ၊ ထင်တောင်မကျန်ဘူး။ တန်ဘောင်၊ လဘန်ကျေးရွာတွေအထိ ကုန်ပြီ။ စစ်သားတွေက သူတို့ ယူချင်တဲ့အချိန် ညဖြစ်ဖြစ် ကားတွေနဲ့ သယ်ယူသွားတယ်။ တစ်ခါတစ်လေ ရွာသားတွေ လိုအပ်လို့ ခဏပြန်လာရင်လည်း ဖမ်းဆီးပြီး ရိုက်နက်တာတွေလုပ်တယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ ရံဖန်ရံခါ ရွာထဲကို ဒေသခံပြည်သူတွေ ပြန်လာတဲ့အချိန် ဖမ်းဆီးပြီး ရိုက်နက်တာတွေလည်း လုပ်ဆောင်တယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။ 

ဒါကြောင့် ရွာထဲကို ပြန်လာဖို့ ပိတ်ပင်ခံထားရတဲ့ နမ်ဝါ၊ မုတ်ကျိတ်၊ တန်ဘောင်၊ လမြန်၊ ဝူယန် စတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ကျေးရွာကို မပြန်ရဲဘဲ လက်ရှိတိမ်းရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာသာ စားဝတ်နေရေးအတွက် ရုန်းကန် ရှာဖွေစားသောက်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လလောက်ကနေ ဝိုင်းမော်မြို့နယ်ထဲမှာ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တစ်နှစ်အတွင်း စစ်တပ်စခန်း အားလုံးနီးပါးခန့်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဝူယန်ကျေးရွာ ပြည်သူ့စစ်တပ်စခန်းနဲ့ ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်း နှစ်ခုသာ ကျန်ရှိနေတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲငြိမ်သက်သွားတာ  လခန့် ကြာမြင့်သွားပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေကြား အပြန်အလှန်စောင့်ကြည့်နေကြပြီး စစ်ရေးတင်းမာနေဆဲလည်း ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button