ပွင့်လင်း မြင်သာမှုမရှိတဲ့ MNDAA ရဲ့ သက်ငယ် မဒိမ်းမှု စီရင်ချက်ကို ဒေသခံများ ကျေနပ်မှု မရှိ
ရှမ်းမြောက်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ ကိုးကန့် MNDAA တပ်အရာရှိကို တရားလိုမိသားစု မပါဝင်ဘဲ ထောင်ဒဏ် နဲ့ ငွေဒဏ်ချမှတ်လိုက်တဲ့အပေါ် မိသားစုဝင်တွေက ကျေနပ်မှု မရှိဘူးလို့ ပြောပါတယ်။
သက်ငယ် မုဒိမ်းကျူးလွန်သူ တရားခံကိုးကန့် MNDAA အရာရှိ ဦးရှောက်ချိ ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း နဲ့ ငွေဒဏ်ချမှတ်ပြီလို့ ဇန်နဝါရီ ၂၁ ရက်နေ့က ပန်ဆိုင်းမြို့ ကိုးကန့် MNDAA တရားရုံးမှ ဒေသခံတွေကို စာနဲ့ အကြောင်းကြားလာတယ်လို့ ပန်ဆိုင်းဒေသခံတွေက ပြောပါတယ်။
“MNDAA ဗဟို စစ်တရားခုံရုံးက ဒီအမှုကို စီရင်ချက်ချပြီးပြီလို့ ပန်ဆိုင်းရုံးကို အကြောင်းကြားလာတာတဲ့။ ပန်ဆိုင်း MNDAA ရုံးက ရွာသားတွေကို ခေါ်ပြီး ဗဟိုကလာတဲ့စာလား၊ သူတို့ရေးယူတာလား စီရင်ချက်ချပြီးကြောင်း အတုလား၊ အစစ်လားမသိတဲ့ စာကို ဒေသခံတွေကို ပြတယ်။ အမှုကျူးလွန်ခံရသူ မိသားစုတွေလည်းမပါဘူး၊ သက်ဆိုင်တဲ့ ရွာသားတွေကိုလည်း မခေါ်ပဲ ဒီအမှုကို ကိုးကန့်ဘက်ကပဲ တစ်ဖက်သတ် မသမာမှုနဲ့ အမှုကို အပြီးသတ်နေတယ်။ တရားခံကိုလည်း မတွေ့ရ၊ မမြင်ရပဲ စီရင်ချက်ချပြီးပြီလို့ စာနဲ့ပဲ အသိပေးလာတာကြောင့် ဒါကမဖြစ်သင့်ဘူး။ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာစွာ တရားစီရင်ရမယ်လို့ ပြန်တောင်းဆိုထားတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ပန်ဆိုင်းဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ပန်ဆိုင်းမြို့ ကိုးကန့်တပ်ဖွဲ့ကနေ အကြောင်းကြားလာတဲ့စာထဲမှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို လောက်ကိုင် ဗဟိုစစ်ခုံတရားရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ် ယွမ် ၃၀ ၀၀၀ သောင်း ချမှတ်စီရင်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် အဲဒီ စာတမ်းကို ဓါတ်ပုံရိုက်ယူတာမျိုး ခွင့်မပြုသလို သတင်းကိုလည်း လူအများသိရှိအောင် ဖြန့်ဝေခြင်း၊ သတင်းပျံ့နှံ့အောင် လုပ်ဆောင်ခြင်းမျိုးလည်း မလုပ်ဖို့ ကိုးကန့်ဘက်က တားမြစ်ထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပန်းဆိုင်းမြို့မှာ နေထိုင်တဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၅၀ အရွယ် ကိုးကန့် MNDAA အရာရှိ ဦးရှောက်ချိ ဆိုသူက မုဒိမ်းမှု ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ကိုးကန့် MNDAA အနေနဲ့ အမှုကို လျစ်လျူမရှုပဲ တရားမျှတရေးနဲ့ ထိရောက်စွာအရေးယူပေးရေးအတွက် တရားခံကို သေဒဏ်ပေးဖို့ ကိုးကန့် MNDAA ကို ဒေသခံတွေ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ လောက်ကိုင်ဘက်က ကိုးကန့်အရာရှိတွေ ပန်ဆိုင်းကို ရောက်လာပြီး ပြစ်မှုကျူးလွန်သူ တရားခံကို ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ပန်ဆိုင်း MNDAA ရုံးက ပြောဆိုတယ်လို့ ဒေသခံတွေ ပြောပါတယ်။
လက်ရှိမှာလည်း တရားခံကို လောက်ကိုင် ဘယ်လိုနေရာမှာ ဘယ်လို ထိန်းသိမ်းထားတယ်ဆိုတာလည်း အသေးစိတ် ဘာမှမသိရဘူးလို့ ပန်ဆိုင်းဒေသခံတွေက ပြောပါတယ်။
တရားလို နဲ့ ဒေသခံ မျက်မြင်သက်သေတွေ မရှိပဲ ကိုးကန့်ဘက်က အမှုကို တစ်ဖက်သတ် စီရင်လိုက်ခြင်းဟာ ပွင့်လင်းမြင်သာမှုအတွက် မေးခွန်းထုတ်ဖွယ်ဖြစ်နေတယ်လို့ ပန်ဆိုင်းဒေသခံက ဆက်ပြောပါတယ်။
“ဒါကြောင့် ကျူးလွန်ခံရသူ မိသားတွေ ပြန်တောင်းဆိုထားတာကတော့ ငွေကတော့ မလိုချင်ပါဘူး။ ငွေဘယ်လောက်ပေးပေး ကျေနပ်မှုရှိမှာမဟုတ်ဘူး။ တရားမျှတမှုပဲ လိုချင်တယ်။ ဒါကြောင့် ကလေးမိခင်ကပြောတယ် ခဗျာတို့ တရားခံကို စီရင်ရာမှာ ဘာပဲဖြစ်ဖြစ် ကျမတို့ ပါရတယ်။ လို့ ပြောထားတယ်။ တရားစီရင်ချက်ချမှာမှာ ပန်ဆိုင်းက ဒေသခံတစ်ဦးဦးနဲ့ တရားလိုမိသားစုပါမှ လက်ခံမယ်လို့ ပြောထားတယ်” လို့ ပန်ဆိုင်းဒေသခံက ဆက်ပြောပါတယ်။
ပြစ်မှုကျူးလွန်ခံရသူ မိသားစုနဲ့ ဒေသခံ ကချင်ရိုးရာအဖွဲ့ ၊ အမျိုးသမီးအဖွဲ့ စသဖြင့် ဒေသခံအားလုံးပေါင်းပြီး ပန်ဆိုင်းမြို့ရှိ ကိုးကန့် MNDAA ရုံးကို ပွင့်လင်းမြင်သာမှုရှိအောင်နဲ့ တရားမျှတမှုရှိအောင် အမှုစီရင်ပေးဖို့ တောင်းဆိုထားချက်အပေါ် ပန်ဆိုင်းရုံးကတော့ အထက်ကို – ဗဟိုကို လျှောက်တင်ပေးမယ်လို့ အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။
ကိုးကန့် MNDAA ဘက်က အမှုကျူးလွန်ခံရသူ မိသားစုတွေကို ငွေကြေးနဲ့ ကြေးအေးဖို့ လာရောက်တောင်းပန်ခဲ့သလို၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကလည်း တရားခံမိသားစုဝင်တွေက ကလေးမိဘတွေကို လာရောက်တွေ့ဆုံပြီး တရုတ် ယွမ်ငွေ ၁၀၀၀၀ နဲ့ ပြစ်မှုဖြေလျှော့ပေးဖို့ တောင်းပန်တဲ့အပေါ် ကလေးမိခင်တွေဘက်က လက်မခံပဲ တရားဥပဒေနဲ့အညီသာ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကိုးကန့် MNDAA ဘက်ကတော့ ကလေးမုန့်ဖိုးဆိုပြီး တရုတ်ယွမ်ငွေ ၁၅၀၀ တစ်ကြိမ်၊ ယွမ် ၅၀၀၀ တစ်ကြိမ် စသဖြင့် ကလေးမိဘတွေကို အတင်းပေးဆောင်မှုအပေါ် ဒေသခံတွေနဲ့ ကလေးမိဘတွေက ကလေးအတွက် လက်ခံထားတယ်လို့ ပြောပါတယ်။
သို့ပေမယ့် ကလေးမုန့်ဖိုး ဆိုပြီး ပေးခဲ့ဖူးတဲ့ အဲဒီ တရုတ်ယွမ်ငွေ စုစုပေါင်း ၆၅၀၀ ယွမ်ကို လက်ရှိ တရားခံကို စီရင်ချက်ချရာမှာပါတဲ့ ငွေဒဏ် ယွမ် ၃၀၀၀၀ ကနေ ပြန်နုတ်လိုက်ရမယ်လို့ ပန်ဆိုင်း MNDAA ရုံးက ပြောဆိုလာတာကြောင့် ဒေသခံတွေနဲ့ ပြစ်မှုကျူးလွန်ခံရသူ မိသားစုတွေကတော့ လက်မခံနိုင် ဖြစ်နေပါတယ်။
“လုံး၀ မသင်္ကာဘူး၊ သူတို့ မသမာမှုနဲ့ လုပ်နေတယ်ဆိုတာ ခံစားမိနေတယ်။ ရွာသားတွေကို တရားဥပဒေနဲ့ ပတ်သက်ရင် ဘာမှမသိနားမလည်ဘူးလို့ ခံယူပုံရတယ်။ အဲဒါကြောင့် သူတို့ ကြိုက်သလို ချယ်လှယ်နေတာ။ သူတို့ လိမ်ညာနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပဲ မြင်နေရတယ်။ ပြီးတော့ ဒီပြစ်မှုကျူးလွန်ခံရတဲ့ မိသားစုတွေက အရမ်းဆင်းရဲတယ်။ အိမ်လည်းမရှိဘူး ငှားပြီးပဲ နေနေရလို့ သူတို့ အထင်မြင်သေးပြီး ကြိုက်သလို လုပ်လို့ရတယ်ဆိုတဲ့ပုံစံ၊ ပြီးတော့ သူတို့က အာဏာရှိတဲ့သူတွေ ဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်” လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ပန်ဆိုင်းဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနကို ပြောပါတယ်။
အမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA ဘက်ကို KNG က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
မုဒိမ်းမှု ကျူးလွန်ခံခဲ့ရတဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေးမှာ ဒဏ်ရာ ပြင်းထန်တဲ့အတွက်ကြောင့် ဆေးရုံဆက်လက် ပြသနေရသလို စိတ်ဒဏ်ရာကြောင့် ကျန်းမာရေး ထိခိုက်နေတယ်လို့ သိရပါတယ်။
သက်ငယ် မဒိမ်း ကျူးလွန်သူဟာ ကိုးကန့် MNDAA တပ်အရာရှိတစ်ဦးဖြစ်ဖြစ်တာကြောင့် တရားမျှတအောင် အမှန်တကယ် စီရင်မှု မပြုလုပ်ပဲ ကိုးကန့် MNDAA ဘက်က ဒီအမှုကို မျက်ကွယ်ရာမှာ ပြေပျောက်လိုက်မှာကို ဒေသခံတွေ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိ တရားစီရင်ရေး ကိစ္စမှန်သမျှကို ထုတ်ပြန်ခြင်းမရှိပဲ သတင်းဖုံးကွယ်ထားသလို တစ်ဖက်မှာ ဒေသခံပြည်သူလူထုကိုလည်း သတင်းဖြန့်တာမျိုး မလုပ်ဖို့ တားမြစ်ထားပြီး သတင်းပေးသူရှိရင်လည်း အသက်အန္တရာယ်အထိ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။
By – ဂျာဘောက်ရာ