ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် SNA ပူးပေါင်းတပ် စိုးမိုးထားတဲ့ နယ်မြေအများအပြားကို ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီလို့ သိရပါတယ်။
“ဒီကနေ့အထိဆိုရင် ကျနော်တို့ဘက်က ထိန်းထားနိုင်တဲ့ရွာတွေကတော့ သူတို့ကိုအထိနာပြီးအကျပ်ရိုက်စေတဲ့လွင်ကြီးရွာ၊ ဆိတ်ဆားရွာ၊ သရောင်းရွာရယ် မင်းယာရွာရယ်ပြီးတော့ တခြားရွာတွေလည်းအများကြီးပဲရွာ ပေါင်းကိုမနည်းတော့ဘူး ရွာတွေ မရှိသလောက်ဖြစ်သွားပြီဗျ မြို့နယ်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်ကိုတော့ထိန်းထားနိုင်ပြီ”လို့ ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက KNG ကိုပြောပါတယ်။
၂၀၂၄ ခုနှစ် မတ်လက စတင်ပြီး တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီး လက်ရှိမှာတော့ ရာခိုင်နှုန်းအားဖြင့် ၉၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။
ကျေးရွာ အုပ်စုပေါင်း ၄၅ အုပ်စုရှိတဲ့ ဖောင်းပြင်မြို့နယ်မှာ လက်ရှိပင်သာရွာအုပ်စု နဲ့ အောက်တောင်းကျေးရွာ အုပ်စုနှစ်နဲ့ ဖောင်းပြင်မြို့တစ်ခုတို့ကိုသာ SNA နဲ့ စစ်ကောင်စီတပ်တွေ ထိန်းချုပ်နိုင်တော့ပြီး ကျေးရွာအုပ်စု ၄၃ စုကို ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။
“စကခ (စစ်ကောင်စီတပ်) နဲ့ SNA တွေ ထိန်းချုပ်ထားနိုင်တာကတော့ ဖောင်းပြင်မြို့ပေါ်ရယ် ပင်သာရွာအုပ်စုထဲက ပင်သာရွာမကြီးရယ် ပြီးတော့ အောက်တောင်းအုပ်တစ်ခုလုံးရယ် အဲ့တာပဲကျန်တယ်ဗျ ကျန်တာက ကျနော်တို့အပိုင်း ဖြစ်သွားပြီ”လို့ အထက်မှာဖော်ပြခဲ့တဲ့ ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ က ဆက်ပြောပါတယ်။
ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စာရင်းအရ လွင်းကြီးရွာ၊ ဆိတ်ဆားရွာ၊ သရောင်းရွာ၊ မင်းယာရွာ၊ ရေအောက်တောင်းရွာ၊ ယောင်းဟီးရွာ၊ သက်ကယ်ကျင်းရွာတွေအပြင် စုစုပေါင်း ရွာပေါင်း ၂၀၀ နီးပါးကို ထိန်းချုပ်ထားကြောင်း သိရပါတယ်။
လက်ရှိကျန်ရှိနေတဲ့ ကျေးရွာအုပ်စု နှစ်စုကလည်း ဖောင်းပြင်မြို့အနီးဝန်းကျင် ပတ်ပတ်လည်မှာရှိနေတဲ့ ကျေးရွာတွေလို့ သိရပါတယ်။
နောက်ဆုံးကျန်ရှိနေတဲ့ ဖောင်းပြင်မြို့ပေါ်နဲ့ အထက်မှာဖော်ပြခဲ့တဲ့ ကျေးရွာအုပ်စု နှစ်စုမှာတော့ ဖောင်းပြင်မြို့ခံတပ်ရင်း နှစ်ရင်းဖြစ်တဲ့ ခမရ ၃၆၇ တပ်နဲ့ ခ.ရ ၃၆၈ တပ်တွေအပြင် လဟယ်မြို့နယ်ဘက်က ဆင်းလာတဲ့ ခမရ ၂၇၂ တပ်နဲ့ နယ်မြေခံ SNA ၇၅၃ တပ် စုစုပေါင်း အင်အား ၅၀၀ ကျော်လောက်နဲ့ မြို့ကို ဝန်းရံ ပိတ်စို့ထားတယ်လို့ သိရပါတယ်။
ဖောင်းပြင်မြို့နယ်ထဲမှာတော့ ၂၀၂၄ ခုနှစ် နှစ်ကုန်းပိုင်းလောက်စလို့ ယခုနှစ် ဇန်နဝါရီလအထိ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကကောင်စီ၊ SNA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေငြိမ်နေပေမယ့် စစ်ကောင်စီတပ်နဲ့ SNA တွေဘက်စစ်ရေးလှုပ်ရှားတာ လေကြောင်းနဲ့ မကြာခန ဗုံးကျဲတာတွေလုပ်ဆောင်နေပြီး နှစ်ဖက် စစ်ဆိုင်ထားတဲ့အခြေအနေမှာ ရှိနေတာကြောင့်အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖောင်းပြင်–ဟုမ္မလင်းကားလမ်းမကြီးကို SNA နဲ့ စစ်ကောင်စီတပ်တွေက ပိတ်စို့ထားပြီး ဒေသခံပြည်သူတွေဟာ မြို့ရှောင်လမ်းတွေကို အသုံးပြုသွားလာနေရပြီး ကုန်စည်တွေအတွက်လည်း လေကြောင်းကိုသာ အဓိက အားထားနေရကြောင်း ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မုံရွာဘက်ကနေဆို ကားလည်းလာလို့မရဘူးဖောင်းပြင်ရနေပိတ်ထားတယ်။ ရေကြောင်းလမ်းကလည်းပုံမှန်မရှိဘူး။ ပိတ်ထားတဲ့အချိန်က ခပ်များများပဲ အဲ့ကြောင့် ကွမ်းရွက်ကစ ဘာမဆို လေယာဥ်နဲ့ပဲ တင်ရတာ လေယာဥ်နဲ့ဆိုတော့ ကုန်စျေးက တမရားတက်တယ် ပြည်သူတွေတော့ဒုက္ခရောက်ကြတာပေါ့”အသက် ၄၀ ကျော်အရွယ်အထက်ပါ အမျိုးသမီးကပြောပါတယ်။
ဖောင်းပြင်မြို့နယ်ထဲက ကျေးရွာသိမ်းတိုက်ပွဲတွေ ဆင်နွဲနေစဥ် စစ်ကောင်စီဘက်က လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အများအပြားသေဆုံးခဲ့ရသလို လူနေအိမ်တွေလည်း အများအပြားထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
ဖောင်းပြင် မြို့နယ်ကို PDF တွေက ၉၀ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်သလို ဖောင်းပြင်နဲ့မြို့နယ်ချင်းဆက်နေတဲ့ ဟုမ္မလင်းမြို့နယ်မှာလည်း ရွှေပြည်အေးမြို့အပါအဝင် ကျေးရွာအများအပြားကို ဟုမ္မလင်း PDF တွေ ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။
By – Zaw Zaw