လိုင်ဇာမြို့ကို စစ်တပ်က အသေခံဒရုန်း အသုံးပြု တိုက်ခိုက်လာ

ဗန်းမော်မြို့မှာ စစ်ရေးပြင်းထန်လာချိန် စစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ဘက်ကို အသေခံဒရုန်းအမျိုးအစားတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့ ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီ သံချပ်ကာတပ် နဲ့ အမြောက်တပ် နှစ်ခု လက်လွှတ်လိုက်ရပြီးနောက်ပိုင်း လိုင်ဇာမြို့နဲ့ ဌာနချုပ်ဟောင်း Laisin နေရာတွေကို ဒရုန်း နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လိုင်ဇာ နဲ့ လိုင်ဆင် နှစ်နေရာကို အသေခံဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ လိုင်ဇာ KIA အရာရှိတစ်ဦးက ပြောပါတယ်။
“Suicide Drone ဟုတ်တယ်။ အဲဒီ ဒရုန်းက GPS တပ်ထားပြီး တစ်ခါထဲလွှတ်ပစ်လိုက်တဲ့ လက်နက်ကြီးဖြစ်တယ်။ ဘယ်ဘက်ကနေ ပစ်လိုက်တယ်ဆိုတာက တိတိကျကျပြောပြဖို့တော့ ခက်ပါတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၁ နာရီဝန်းကျင်လောက် လိုင်ဇာမြို့နဲ့ Laisin နှစ်နေရာမှာ စစ်ကောင်စီရဲ့ အသေခံဒရုန်း တိုက်ခိုက်ခံရမှုကြောင့် လိုင်ဇာ Alen Bum နဲ့ ခကျန်ရပ်ကွက်တွေမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဇန်နဝါရီလ ၂၅ ရက်နေ့ Laisin ဘက်ကို ထပ်မံပစ်ခတ်ခံရပြီး ဇန်နဝါရီလ ၂၆ ရက်နေ့မှာလည်း Laisin မှာ လေယာဉ်ဗုံး နှစ်လုံး ထပ်မံဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
“၂၄ ရက်နေ့မှာက လိုင်ဇာဘက်ကို အရင်ပစ်တယ်။ ၂၅ ရက်နေ့မှာတော့ ဂျန်မိုင်ဘွမ့်ဘက်ကို ပြန်ပစ်တယ်။ ၂၆ ရက်နေ့မှာက လိုင်ဆင်ဘက်ကို ပြန်ပစ်တယ်။ ဒီရက်ပိုင်း ဆက်တိုက်ပစ်နေတယ်လို့ပဲ သိရပါတယ်။ ဘယ်ဘက်ကနေ ပစ်တယ်ဆိုတာက အသေးစိတ် မသိရဘူး” လို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အသေခံဒရုန်း အသုံးပြု တိုက်ခိုက်မှုတွေဟာ ယခုနောက်ပိုင်းမှ မြင်တွေ့လာရတာဖြစ်တယ်လို့ လိုင်ဇာဒေသခံတွေ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ည လိုင်ဇာမြို့ ပစ်ခတ်ခံရမှုမှာ ခကျန်ရပ်ကွက်မှာရှိတဲ့ Myitkyina Hotel မှာ ဒရုန်း လက်နက်ကြီး ကျမှန်ပြီး ဟိုတယ်ပေါ်က ရေပူရေအေးပေးတဲ့ ဆိုလာစက်တစ်စစီ ထိခိုက်ပျက်စီးသွားတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။
သို့ပေမယ့် အဲဒီ တိုက်ခိုက်မှုတွေမှာ အရပ်သားသေဆုံးမှုက မရှိဘူးလို့ ဒေသခံတွေပြောပါတယ်။
ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက “ကျနော်တို့ ကိုယ်တိုင်လည်း ဒေသခံတွေရဲ့ သတင်းပေးချက်အရ သိရသလောက်က အသေခံဒရုန်းအသုံးပြုလာတယ်လို့ ပြောပါတယ်။ အဲဆိုတော့ ဝိုင်းမော်က မဟုတ်ရင်တောင် မြစ်ကြီးနား စစ်လေယာဉ်ကွင်းကနေ ပစ်ခတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလောက် မိုင်ပေါင်း အများကြီး ရောက်နိုင်တယ်ဆိုတော့ တော်တော်စိုးရိမ်ရမှာပါ။ စစ်တပ်ကိုယ်တိုင်က အချက်အလက်တွေကို သိရှိပြီး လုပ်လာတာလည်းဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်းက ဒရုန်းပိုအသုံးပြု လာတာလည်း မြင်တွေ့ရတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ နောက်ပိုင်း မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်စခန်းတချို့ကို KIA က သိမ်းပိုက်ရရှိနိုင်ခဲ့သလို သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ စကခ ၂၁ နဲ့ ခလရ ၄၇ တပ်ရင်းနေရာတွေမှာလည်း တိုက်ပွဲ ဆက်ဖြစ်နေသေးတာ ဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)