ဝိုင်းမော် စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ ခက်ခဲနေ

ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းကို ဆက်လက် လည်ပတ်သင်ကြားနိုင်ဖို့ ငွေကြေး အခက်အခဲဖြစ်နေတယ်လို့ အောင်မြေ၂ စစ်ရှောင်စခန်း ပညာရေးတာဝန်ခံက KNG ကိုပြောပါတယ်။
လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းမှာ KG အတန်းကနေ ဒုတိယတန်း အထိ ဖွင့်လှစ်ထားတာဖြစ်ပြီး ကလေးသူငယ် ၃၅ ဦးထိ ရှိတယ်လို့ သိရပါတယ်။
ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဖြစ်တဲ့အတွက် ကလေးတစ်ဦးကို တစ်လ ကျပ်၂သောင်းသာ ကောက်ခံပြီး ရရှိတဲ့ ငွေအနည်းငယ်ကို စေတနာ့ဝန်ထမ်း ဆရာ/မ ၅ဦး ကို ခွဲဝေပေးပြီး အဆင်ပြေသလို ကျောင်းကို လည်ပတ်နေတာ ဖြစ်ပါတယ်။
သို့ပေမယ့် မိဘများ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိလာတော့တဲ့အခါ ကျောင်းအတွက် လိုအပ်ချက်ဖြည့်ဆည်းဖို့ နဲ့ ကျောင်းလစဉ်ကြေး ပေးဆောင်နိုင်ဖို့ ခက်ခဲလာတာဖြစ်တယ်လို့ လဘန်ကျေးရွာရှိ အောင်မြေ ၂ စစ်ရှောင်စခန်း ပညာရေးတာဝန်ခံ အမျိုးသမီးက အခုလို ပြောပါတယ်။
“အခုက လစဉ်ကြေးတွေကောက်ခံဖို့အတွက်လည်း မိဘတွေက ဝင်ငွေက တပြားမှမရှိ စားဖို့တောင်ခက်ခဲတဲ့အတွက် လစဉ်ကြေးတောင်မကောက်တော့ဘူး ဒီအတိုင်းဆက်ဖွင့်နေတာ” လို့ ဆိုပါတယ်။
ကျောင်းသားမိဘတွေဆီက လစဉ်ကြေးကောက်ခံဖို့ ခက်ခဲလာတဲ့အခါ စေတနာ့ ဝန်ထမ်းဆရာမတွေအတွက် ပိုမိုကြပ်တည်း လာတာဘဲ ဖြစ်ပါတယ်။
ဒါအပြင် ကျောင်းအတွက် လိုအပ်တဲ့ စာအုပ်၊ ကျောင်းသုံးကိရိယာ၊ကျောင်းသုံးစားပွဲနဲ့ခုံတွေဝယ်ယူနိုင်ဖို့ ငွေကြေးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေနဲ့ ပတ်သက်ပြီး Kachin Human Rights Watch အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျက်ကော့ က “ကျောင်းသူ ကျောင်းသားတိုင်း စာသင်ခွင့် အပြည့်အဝရရှိဖို့အတွက်တော့ အပြည်ပြည်ဆိုင်ရာကြေညာစာတမ်း အပိုဒ် ၂၆မှာ တွေ့ရပါတယ်။ ပြီးတော့ Child Rights Convention ရဲ့ article ၂၈ မှာ ကလေးတွေစာသင်ခွင့် အပြည့်အဝ ရရှိဖို့ ကြေညာထားပါတယ်” လို့ ဆိုပါတယ်။
လဘန်ကျေးရွာရှိ အောင်မြေ ၂ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထ ကျောင်းကို ၂၀၂၄ ဇွန်လ ၂၀ ကတည်းက စတင်သင်ကြားခဲ့ကြတာဖြစ်ပြီး ၂၀၂၅ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကျောင်းပြီးစီးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် စေတနာ့ဝန်ထမ်း ဆရာ/မ မလုံလောက်မှုတွေကြောင့် လာမယ့် စာသင်နှစ် ကျောင်းဆက်ဖွင့်နိုင်ဖို့ ကြပ်တည်းနေပြီး တာဝန်ရှိသူတွေအနေနဲ့ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ဆင်ရေး စတင်လာတဲ့နောက်ပိုင်း ဝိုင်းမော်မြို့နယ်ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ကျေးရွာ ၂၀ ရွာ ထက်မနည်း ထွက်ပြေးတိမ်းရှောင် နေရတာဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်တို့အကြား စစ်ရေးတင်းမာနေတာဆဲဖြစ်တာကြောင့် ဒေသခံတွေ နေရပ်ပြန်လို့မရသေးဘူးလို့ သိရပါတယ်။
By – Hope