ဝါရာဇွပ်ကျေးရွာက လူနေအိမ် ၁၆ လုံးခန့် မီးရှို့ဖျက်ဆီးခံရ

တနိုင်းသွား လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာရှိ လူနေအိမ် ၁၆ လုံးထက်မနည်း စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ဒီမနက် ၅ နာရီခွဲအချိန်လောက်မှာ ရွာထဲကို ဝင်လာပြီး နေ့လည် ၁၂ နာရီလောက်မှာ ပြန်ထွက်သွားတယ်။ နေအိမ်က ၁၆ လုံးမီးရှို့သွားတယ်တယ်။ လေကြောင်းနဲ့ နှစ်ခါလာပစ်တယ်။ လက်ထောက်ဗုံးနဲ့ပစ်တာက မရေတွက်နိုင်လောက်တဲ့အထိ လာပစ်သွားတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ ဝါရာဇွပ်ကျေးရွာအနီး နမ်ဆိုင်ကျေးရွာက KIA တပ်တွေ အထိုင်ချထားတဲ့ ဝါးတားဂိတ်နေရာနဲ့ ကာကင်းစခန်းတစ်ချို့ကိုလည်း ရှင်းလင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဝါရာဇွပ်ကျေးရွာအနီး KIA ရဲ့ ဝါးတားဂိတ်နဲ့ လုံခြုံရေးယူတဲ့ ကာကင်းစခန်းတစ်ချို့ ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့လည်း မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ အသုံးပြုနေတဲ့ Telegram Channal မှာလည်း ဖော်ပြေထားပါတယ်။
မတ်လ ၁၄ ရက်နေ့ ဒီကနေ့ တစ်ရက်ထဲမှာပဲ စစ်ကောင်စီတပ်ကလည်း ဝါရာဇွပ်နဲ့ နမ်ဆိုင်ကျေးရွာကိုလည်း ဂျက်လေယာဉ်နဲ့ ၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရှဒူးဇွပ်ကျေးရွာဘက်ကလည်း ဝါရာဇွပ်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။
KIA ပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ ဝါရာဇွပ်ကျေးရွာမှာ တပ်ချနေရာယူပြီး စစ်ရေးလှုပ်ရှားလာတာကြောင့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
ဒီကနေ့ တစ်ရက်ထဲမှာပဲ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တပ်တွေ စစ်အင်အား ၅၀ ဝန်းကျင်ခန့် ရှဒူးဇွပ်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း ဝခါးရွှေမှော်ဘက်မှာ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ဆက်သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာဖြစ်ပါတယ်။
ဝါရာဇွပ်ကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာလည်း ပထမတစ်ကြိမ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလဆန်းပိုင်းကနေ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့နဲ့ KIA နှစ်တပ် စစ်ရေးတင်းမာမှုဖြစ်လာတဲ့အတွက် ဝါရာဇွပ်ကျေးရွာ ဒေသခံအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)