သတင်း

ခြံမြေသိမ်းယူနေမှုကို ရပ်တန့်ပေးဖို့ KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ဒေသခံတွေ တောင်းဆိုထား

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးမြို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒေသအာဏာပိုင်တချို့က ဒေသခံတွေ ပိုင်ဆိုင်တဲ့ ဘာသာရေးနယ်မြေ အပါအဝင် ခြံမြေကို မြေကွက်ရိုက် ရောင်းချနေမှုကို ရပ်တန့်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။

ကောင်းခါးမြို့ ရပ်ကွက် ၂ ရှိ ဗုဒ္ဓသာသနာပိုင်နယ်မြေအပါအဝင် ရပ်ကွက် ၄ ရှိ ဒေသခံတွေရဲ့ ခြံမြေကို KIO ဒေသအာဏာပိုင် တွေက ဖွံ့ဖြိုးရေးစီမံကိန်း ခေါင်းစဉ်နဲ့ မြေယာသိမ်းယူပြီး ကိုယ်ပိုင်အိမ်ဆောက်ယူနေတဲ့အပြင် မြေကွက်ရိုက် ရောင်းချနေတယ်လို့ အမည် မဖော်လိုသူ ကောင်းခါး ဒေသခံတစ်ဦး က ပြောပါတယ်။

အရင်ဆုံး ရွာထဲက ဗုဒ္ဓဘာသာဝင်တွေရဲ့ သာသနာနယ်မြေကို သိမ်းယူလိုက်တယ်။ ပြီးတော့ အဲဒီမှာ ဒူကဘာ၊ ဆလန်ကဘာတွေ အကွက်ရိုက်ပြီး မြေကွက်တွေ ခွဲဝေယူတယ်။ အဲဒီမှာ အခု ဒူကဘာ၊ ဆလန်ကဘာ တချို့က အိမ်ဆောက်ယူနေပြီ။ ဒီကြားထဲမှာ ရပ်ကွက် ၄ ဘက်ထိ ခြံမြေတွေကို တစ်ခုပြီးတစ်ခု ဘတ်ဖောနဲ့ တူးပြီး သိမ်းယူနေတယ်။ ရပ်ကွက် ၁ ဖက်ထိ တစ်ဖြည်းဖြည်း ရောက်လာပြီ။” လို့ ကောင်းခါးဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

ကောင်းခါးမှာ KIO အဖွဲ့တွေ မြေနေရာသိမ်းယူပြီး အကွက်ရိုက်နေ

KIO တာဝန်ရှိသူတစ်ချို့ က ဖွံ့ဖြိုးရေးစီမံကိန်းခေါင်းစဉ်ဖြင့် ဒေသခံတွေဆီကနေ သိမ်းယူထားတဲ့ မြေကွက်တွေမှာ ၎င်းတို့ပိုင် အိမ်ခြံမြေအဖြစ် အရင်ဆုံးမြေကွက်တွေ ခွဲဝေယူပြီး ကျန်တဲ့မြေကွက်တွေကို အကွက်ရိုက် ရောင်းချနေတာဟာ မတ်လ ၁၃ ရက်နေ့အထိဆိုရင် ကောင်းခါးဒေသခံ အိမ်ခြေ (၁၀) ကျော်ပိုင်ဆိုင်တဲ့ မြေယာတွေ၊ ခြံဝင်းတွေ သိမ်းယူခံလိုက်ရပြီလို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ သဘောတူညီမှု မရရှိပဲ မြေယာသိမ်းယူမှုဟာ အစိုးရတစ်ရပ်အနေနဲ့ မသင့်တော်ဘူးလို့ ကောင်းခါးဒေသခံက အခုလို ဆက်ပြောပါတယ်။

ပြောတာကတော့ ဖွံ့ဖြိုးရေးစီမံကိန်းလို့ပြောတယ်။ ဘာဖွံ့ဖြိုးရေးစီမံကိန်းပဲရှိရှိ ဒီလိုမျိုးက အစိုးရအနေနဲ့ စီမံကိန်းရှိရင်လည်း ဒေသခံလူထုတွေကို အစည်းအဝေးခေါ်ပြီး ကောင်းကောင်းရှင်းလင်းပြောပြပြီး ရွာသားတွေ ခြံပိုင်ရှင်တွေရဲ့ သဘောတူညီမှုရယူရမယ်၊ ပြီးတော့ ခြံပိုင်ရှင်တွေ သဘောတူရင်တော့ ကာလပေါက်စျေးနဲ့ လျော်ကြေးတွေ ပေးပြီး ကောင်းမွန်စွာ လုပ်ဆောင်ရမယ်လေ။ အခုက စစ်အာဏာရှင်ကို တိုက်ထုတ်ပြီး ကျနော်တို့ ကိုယ်တိုင်က အာဏာရှင်ဆန်နေရင်တော့ လုံး၀မကောင်းတဲ့အရာပါ။” လို့ သူက ဆက်ပြောပါတယ်။

ကောင်းခါးမှာ KIO အစိုးရအနေနဲ့ အခုလို ဒေသခံတွေရဲ့ ခြံမြေကို ဖျက်စီး၊ သိမ်းယူနေတာတွေအချိန်မီ အမြန်ဆုံး ရပ်တန့်ပေးဖို့ KIO တောင်ပိုင်းတိုင်းစစ်ဌာနချူပ် တာဝန်ရှိသူထံ ကောင်းခါဒေသခံတွေက ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က စာရေးသား ပေးပို့ထားတယ်လို့ သိရပါတယ်။

သို့ပေမယ့် လက်ရှိချိန်ထိ မြေပြင်မှာ မြေကွက်ရိုက်မှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဒေသခံတွေ တောင်းဆိုထားချက်ကိုလည်း တစ်စုံတစ်ရာ တုံ့ပြန်လာခြင်း မရှိသေးဘူးလို့ ကောင်းခါးဒေသခံတွေ ပြောပါတယ်။

အခုလိုမျိုး လုပ်ရပ်က ငါတို့ တိုက်ထုတ်နေတဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်မျိုးပဲဖြစ်တယ်။ ဒီမြေယာတွေမှာ ဒေသခံတွေက ဘိုးဘွားစဉ်ဆက် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ခြံတွေ၊မြေယာတွေဖြစ်တယ်။ အခုလို ဒေသခံတွေရဲ့စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ဘယ်လိုအားဖြည့်ကူညီမယ်က မရှိ၊ ပြန်သိမ်းယူတာက လုံး၀ မလုပ်သင့်ဘူးလို့ ပြောချင်တယ်။ မြေယာသိမ်းယူခံရတဲ့သူတွေအနေနဲ့ တာဝန်ရှိသူတွေကို မေးတော့လည်း ရွာဖွံ့ဖြိုးရေးပဲ အကြောင်းပြပြီး လုပ်နေတဲ့အပေါ် ဒေသခံတွေအနေနဲ့ အရမ်းစိမ်းမကောင်းဘူး။” လို့ နောက်ထပ် ကောင်းခါးဒေသခံတစ်ဦးကလည်း ပြောဆိုပါတယ်။

အခုလို မြေယာတွေကို ရောင်းချနေတာဟာ KIO ဗဟိုညွန်ကြားချက်လား၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ညွန်ကြားချက်လား၊ KIO က ခန့်ထားတဲ့ Assistant Division Officer ဖြစ်သူအကြိုက် လုပ်ဆောင်နေတာလား သိလိုတဲ့အကြောင်း ဒေသခံတွေကနေ KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ပေးပို့တဲ့ စာထဲမှာ တောင်းဆိုထားပါတယ်။

KIO ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းရာမှာတော့ “ကျနော်တို့ KIO ဗဟိုဌာနချုပ်က အဲဒီလိုမျိုးလုပ်ဖို့ အခွင့်လည်း ဘယ်သူမှ မပေးထားဘူး။ ပြီးတော့ ကောင်းခါးမှာက KIO ချည်း အုပ်ချုပ်နေတဲ့ နေရာမဟုတ်ဘူး။ KDA လူကြီးတွေအတူ ပူးပေါင်းပြီး အုပ်ချူပ်နေတဲ့ နေရာတစ်ခုဖြစ်တယ်။ ဒါကြောင့် တကယ်လို့ ဖြစ်လာရင်လည်း အဲက ကော်မတီတွေ ဖြေရှင်းလိမ့်မယ်။ အဲဒီကော်မတီတွေကို မေးရင် သိလိမ့်မယ်။” လို့ ပြောဆိုပါတယ်။

ကွတ်ခိုင်မြို့ကနေ အရှေ့ဘက် ၈ မိုင်အကွာရှိ ကောင်းခါးမြို့မှာ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိပြီး ကချင်လူမျိုး အများစုနေထိုင်ကာ၊ တရုတ်၊ ပလောင်၊ ဗမာနဲ့ အခြားလူမျိုးအနည်းစု နေထိုင်တဲ့ လူမျိုးပေါင်းစုံရှိရာ မြို့တစ်မြို့ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button