သတင်း

ဝါရာဇွပ်ကျေးရွာမှာ ပြည်သူ့စစ်နဲ့ KIA တိုက်ပွဲထပ်ဖြစ်နေ

ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဝါရာဇွပ်ကျေးရွာအဝင်အထွက် ရွာထိပ်ပိုင်းမှာ KIA တပ်တွေ ဝါးတားဂိတ်ထားပြီး ထပ်မံတပ်စွဲလာတဲ့အတွက် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာက‌နေအပြန်အလှန်တိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့ ဝါရာဇွပ်ဒေသခံတစ်ဦး KNG ကိုပြောပါတယ်။

ဝါရာဇွပ်ရွာထဲမှာ KIA တွေ ဝါးတားဂိတ်ထပ်မံချလာတဲ့အတွက် ညနေပိုင်း ၃ နာရီလောက်မှာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက ပြန်လာတိုက်သွားတယ်။ အခုချိန်အထိ လက်နက်ကြီးသံတွေ ကြားနေရသေးတယ်။ ဝါးတားဂိတ်တွေကို ပြန်သွားရှင်းပေးလိုက်လို့ အပြန်အလှန်ပစ်ခတ်တာတွေလည်းရှိတယ်လို့ပြောပါတယ်။

KIA တပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းကနေ ဝါရာဇွပ်ကျေးရွာအဝင်အထွက် နှစ်ဖက်စလုံးကို ဝါးတားဂိတ်ချပြီး တပ်စွဲနေထိုင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် မတ်လ ၁၄ ရက်နေ့မှာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က KIA ရဲ့ ဝါးတားဂိတ်ချထားတဲ့ ဝါရာဇွပ်ကျေးရွာအပါ နမ်ဆိုင်ကျေးရွာနှစ်ခုကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဝါးတားဂိတ်နေရာတွေကို ရှင်းလင်းပေးလိုက်တာဖြစ်ပါတယ်။

သို့သော် ဒီရက်ပိုင်းအတွင်းမှာ KIA ဘက်က ဝါးတားဂိတ်တွေ ထပ်မံဆောက်လုပ်ပြီး ပြန်လည်အထိုင်ချလာတာကြောင့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ဝါရာဇွပ်ကျေးရွာထဲမှာ KIA ဘက်က စစ်ရေးလှုပ်ရှားပြီး အထိုင်ချနေထိုင်တာကို မလိုလားတဲ့အတွက် ဒရုန်းနဲ့ ပုံမှန်သွားရောက်တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

“KIA တွေရှိနေရင် ရွာမီးရှို့လိုက်မယ်လို့လည်း ပြောတယ်။ ပြီးရင်ရွာကို နေ့တိုင်းလိုလို ဒရုန်းနဲ့ လာပစ်တယ် တစ်ခါတစ်လေ တစ်ရက်ကို ၅ ကြိမ်၊ ၆ ကြိမ်လောက်ရှိတယ်။ အဲ့ကြောင့် ရွာမှာလည်း ပြည်သူတွေ ဘယ်သူမှ မနေရဲတော့လို့ အကုန်တိမ်းရှောင်ထားကြတာလည်းကြာလာပြီလို့ပြောပါတယ်။

ဝါရာဇွပ်ကျေးရွာမှာ ပြည်သူ့စစ်နဲ့ KIA တပ်ကြား တစ်လကျော်ခန့်ကြာမြင့်လာတဲ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် တိုက်ပွဲကြောင့် ကျေးရွာတစ်ခုလုံး ပျက်စီးသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဒါကြောင့် ဝါရာဇွပ်ဒေသခံပြည်သူတွေကကျေးရွာထဲကို စစ်ရေးလှုပ်ရှားတာတွေ မလုပ်ပေးဖို့ KIA တာဝန်ရှိသူတွေကို တောင်းဆိုထားပေမယ့် ထိရောက်မှုမရှိသေးတာကိုလည်း ဒေသခံတွေပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီတပ်တွေ ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပျက်စီးသွားသလို အရပ်သားပြည်သူတစ်ဦးသေဆုံးမှုရှိခဲ့ပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ နောင်းမီ၊ ဝါရာဇွပ်နဲ့ တစ်ဆက်တည်းရှိတဲ့ လဝါးကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖော်ဆောင်မှုတွေမှာ ပါဝင်ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button