မြေယာနှင့် သဘာဝပတ်ဝန်းကျင်

ကမ္ဘာမြေကိုထိန်းသိမ်းကာကွယ်ဖို့ထက် ဖျက်ဆီးမှုပိုများလာတယ်လို့ သဘာဝပတ်ဝန်းကျင်တက် ကြွလှုပ်ရှားသူများပြော

ကမ္ဘာမြေကိုထိန်းသိမ်းကာကွယ်ဖို့ထက် ဖျက်စီးတာတွေပိုများလာတဲ့အခြေနေမှာ လူတိုင်း မိမိဒေသသာယာလှပဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေကို လျစ်လျူမရှု့ကြရန် ဒီနေ့မှာကျရောက်တဲ့ ကမ္ဘာမြေနေ့မှာ သဘာ၀ပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတွေ တိုက်တွန်းပြောဆိုထားပါတယ်။

ဒီနေ့ ဧပြီလ ၂၂ ရက်နေ့ဟာ (၅၅) ကြိမ်မြောက် World Earth Day (ကမ္ဘာမြေနေ့ဖြစ်ပြီး ဒီနှစ်ရဲ့ဆောင်ပုဒ်က “Our Power, Our Planet,”ကျွန်ုပ်တို့၏စွမ်းအား၊ ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်” ဖြစ်ပါတယ်။ဒါကြောင့် သဘာ၀ချစ်သူတွေနဲ့ သဘာ၀ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ကမ္ဘာမြေကိုထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အသီးသီး တိုက်တွန်းနှိုးဆော်မှုတွေ၊ အထိမ်းအမှတ်နေ့ အစီအစဉ်တွေ ပြုလုပ်ကြပါတယ်။

သဘာ၀သယံဇာတပေါကြွယ်၀တဲ့ ကချင်ပြည်နယ်မှာ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့ထက် ဖျက်ဆီးမှုနှုန်းတွေဟာတစ်နှစ်ပြီးတစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်နဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားနေတဲ့ ကချင်အမျိုးသားတစ်ဦး KNG ကို အခုလို ပြောပါတယ်။

 သဘာ၀ပတ်ဝန်းကျင်ဟာ တန်ဖိုးရှိလှကြောင်းသိနေလျက်နဲ့ ကျနော်တို့ဟာ ငွေကြေးရရှိဖို့၊ ကြီးပွားချမ်းသာဖို့ဘက်ကိုပဲ ဦးစားပေးသွားတာကြောင့် ကျနော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ တစ်နေ့ပြီးတစ်နေ့ ယိုယွင်းပျက်စီးနေတယ်။ အားလုံးက သိနေ၊မြင်နေတန်းလျားနဲ့ စီးမျောနေတယ်။ ကမ္ဘာမြေက ကျနော်တို့ရဲ့ အသက်ဖြစ်တယ်။ ကမ္ဘာမြေကြီး ပျက်စီးသွားရင် အားလုံးအသက်ရှင်လို့မရတော့တာက အားလုံးအသိဖြစ်တယ်။ ဒီနေ့ကျနော်တို့ ဒေသဟာ တစ်နေ့ပြီးတစ်နေ့ ပျက်စီးလာတာပဲ ပိုများလာပြီ။ ကာကွယ်ဖို့ သတိရတဲ့သူတွေရှိသလို သတိမရတဲ့သူတွေလည်း မြောက်များစွာပဲ။ ကာကွယ်ဖို့ သိနေရင်လည်း လက်တွေ့မှာ ဘာမှမလုပ်ရင်တော့ ဒီသဘာ၀ပတ်ဝန်းကျင် တည်မြဲဖို့ မလွယ်ပါဘူး။” ဟု သူက ပြောဆိုပါတယ်။

ကချင်ဒေသဟာ သဘာ၀ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းဖို့အတွက် လျစ်လျူရှုခံထားရပြီး မြေရှားသတ္တုအလွန်အကျွံတူးဖော်တာ၊ မြစ်ရိုးတစ်လျှောက် ရွှေတူးဖော်တာကြောင့် မြစ်ရေ၊ချောင်းရေတွေဟာ အဆိပ်ရေအဖြစ်ပြောင်းလဲစီးဆင်းနေတဲ့အပြင် ကျောက်စိမ်းတူးဖော်ခြင်း၊ အလွန်အကျွံသစ်ထုတ်လုပ်ခြင်းစတဲ့ စည်းမဲ့၊ကမ်းမဲ့၊ ဥပဒေမဲ့ လုပ်ရပ်တွေဟာ ပိုမိုဆိုးရွားလာတဲ့အကြောင်းကချင်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ KEG ကလည်း ဒီနေ့မှာ ထုတ်ပြန်ချက်တစ်စောင်ထုတ်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ နည်းလမ်းအမျိုးမျိုးနဲ့ သဘာ၀ပတ်ဝန်းကျင်ကို ဖျက်ဆီးနေတာတွေကြောင့် သစ်တောပြုန်းတီးမှု၊ ရာသီဥတုဖောက်ပြန်မှုဖြစ်ပေါ်နေပြီး၊ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် ပြည်သူလူထုတွေ ထိခိုက်၊ သေဆုံးမှု၊ တောရိုင်းတိရစ္ဆာန်ရှားပါးလာခြင်း၊ မြေဆီလွှာပျက်စီးမှုတွေနဲ့ မြေ၊ ရေ၊ အရည်အသွေး ထိခိုက်ပျက်စီးမှု မြင့်မားစွာဖြစ်ပေါ်နေတယ်လို့ ဆိုထားပါတယ်။

ဒီနေ့ကျရောက်တဲ့ ကမ္ဘာမြေနေ့ မှာ ကချင်သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ KEG အဖွဲ့မှ သဘောထားထုတ်ပြန်ချက်ထုတ်ရတဲ့ ရည်ရွယ်ချက်ကို အဖွဲ့တာဝန်ရှိသူ ခေါန်ထွယ်က KNG ကို အခုလို ပြောပါတယ်။

သက်ရှိသက်မဲ့အားလုံးက ဒီကမ္ဘာမြေပေါ်မှာ ခိုလှုံပြီး နေထိုင်နေတာဖြစ်တာကြောင့် ကျမတို့ရဲ့ ကမ္ဘာမြေကြီးကို ကျမတို့ ဘယ်လိုကာကွယ်ရမလဲ၊ ဒီနေ့ဒီချိန်မှာ ကမ္ဘာမြေကြီးဟာ ဘယ်လိုဖြစ်နေပြီလဲ၊ ဘယ်လို ပျက်စီးလာနေပြီလဲ၊ ဒါတွေကို ကောင်းမွန်လာအောင် ဘယ်လိုပြန်ပြီး ကာကွယ်ထိန်းသိမ်းသင့်ပါလဲ ဆိုတဲ့ ရွည်ရွယ်ချက်တွေကြောင့် သဘောထားထုတ်ပြန်ခြင်းဖြစ်ပါတယ်။ ကမ္ဘာမြေကြီးကို ကာကွယ်ဖို့ လိုအပ်ချက်တွေ များစွာရှိနေတာကြောင့် ဖြစ်လာတဲ့ သဘာ၀ဘေးတွေထဲ များစွာသော အသက်သေဆုံးတာတွေ ဖြစ်ပွားနေရတာဖြစ်တယ်။လို့ ပြောပါတယ်။

နှစ်စဉ် ကမ္ဘာမြေနေ့ အထိမ်းအမှတ်မှာ ကမ္ဘာတစ်ဝှမ်းက သဘာ၀ချစ်သူတွေနဲ့အတူ ကချင်ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းတွေအပြင် အစိုးရအဖွဲ့များနဲ့ နေရာအသီးအသီးက ပြည်သူတွေဟာ သစ်ပင်စိုက်ခြင်း၊ ပလတ်စတစ်၊ အမိုက်တွေ ကောက်ခြင်းအစီအစဉ်၊ ကမ္ဘာမြေနေ့နဲ့ပတ်သက်ပြီး  Awareness campaigns အစီအစဉ်တွေ စတဲ့ လှုပ်ရှားမှုမျိုးစုံ ပြုလုပ်ကြတာကို တွေ့ရပါတယ်။

ကျနော်တို့ နိုင်ငံမှာ လောလောဆယ်အနေအထားအရ conflict တွေဖြစ်နေသေးတယ်။ လောလောဆယ်ဆိုရင်လည်း ရာသီဥတုပြောင်းလဲမှု အပြင် ငလျင်ဒဏ်တွေပါ ခံစားနေကြရတယ်။  ဒါကြောင့် ဒီ Earth Day နဲ့ပတ်သက်ပြီး ပြောရတာတွေ၊ လုပ်ဆောင်နိုင်တာတွေ အကန့်အသတ်တွေတော့ ရှိနေမှာ၊ အဲဒီလို အကန့်အသတ်တွေ ရှိနေပေမဲ့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထဲကနေ ကျနော်တို့ဟာ ကမ္ဘာကြီးအတွက်  ကိုယ်ဘာပြန်လုပ်လို့ရမလဲ ဆိုတာလေးတွေကို လုပ်သွားနိုင်ရင် အချိန်မှီ မပျက်သုဉ်းခင်မှာ ကာကွယ်နိုင်တဲ့ အနေအထားတော့ ရှိမှာပေါ့လေ။ ကျနော်တို့ ကမ္ဘာမြေနေ့ အထိမ်းအမှတ်နေ့မှာတင်မဟုတ်ပဲနဲ့ ကျန်တဲ့ နေ့ရက်တွေမှာလည်း ကမ္ဘာမြေနေ့လို့ပဲ ယူဆပြီး ကိုယ်လုပ်နိုင်တဲ့ Activity လေးတွေကနေ လုပ်သွားကြဖို့ နိုးဆော်တိုက်တွန်းချင်ပါတယ်။” လို့ ဂျပန်မှာရောက်ရှိနေသူ သဘာ၀ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး Freelance researcher တစ်ဦးဖြစ်တဲ့ ဆရာငြိမ်းချမ်းက KNG ကို ပြောဆိုပါတယ်။  

ပထမဆုံး ကမ္ဘာမြေနေ့ ( Earth Day) ကို ၁၉၇၀ ခုနှစ် အမေရိကန်မှာ စတင်ခဲ့တာဖြစ်ပြီး အကျိုးကျေးဇူးများစွာပြုနေသော ကမ္ဘာမြေကြီးကို မမေ့အောင်ကာကွယ်ထိန်းသိမ်းဖို့ နဲ့ ကျေးဇူးတင်ဖို့လိုအပ်တဲ့ ရည်ရွယ်ချက်တွေကြောင့် ကမ္ဘာမြေနေ့အထိမ်းအမှတ်ကို နိုင်ငံတဝှမ်း နှစ်စဉ် ပြုလုပ်ကြတာလို့ သိရပါတယ်။

  လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကျရောက်တဲ့ (၅၄) ကြိမ်မြောက် မြေကမ္ဘာနေ့ရဲ့ ဆောင်ပုဒ်ကတော့ “Planet vs Plastics” ပလတ်စတစ်အန္တရာယ်ကို လျှော့ချခြင်း၊ အသုံးပြုမှုကို လျှော့ချဖို့ ကြိုးပမ်းကြမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကမ္ဘာတစ်ဝှမ်းက လှုပ်ရှားမှုအစီအစဉ်တွေ ပြုလုပ်ကြတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button