နေရပ်မပြန်နိုင်သေးတဲ့ ဂျပူကျေးရွာမှာ စက်ယန္တရားနဲ့ရွှေတူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်

ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ်ရှိ ဂျာပူကျေးရွာမှာ လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှု စတင်လာတဲ့အတွက် အခြားကျေးရွာများမှာ သဘာဝပတ်ဝန်းကျင် ပျက်ဆီးသွားသကဲ့သို့ ကြုံတွေ့ရမှာကို စိုးရိမ်တဲ့အကြောင်း ပြောဆိုပါတယ်။
ဆယ်စုနှစ်တစ်ခုကျော်ကြာ ဒေသခံတွေ စစ်ရှောင်နေရတဲ့ ဂျာပူကျေးရွာမှာ ၂၀၂၄ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ကြောင့် စစ်ကောင်စီ ကင်းစင်သွားပြီးနောက် ဒေသခံများ နေရပ်ပြန်ရန် ကြိုးပမ်းနေဆဲကာလမှာ ကျေးရွာအတွင်း စက်ယန္တရားကြီးတွေ နဲ့ ရွှေတူးဖော်မှုတွေ ဆက်တိုက် ပြုလုပ်နေတာ တွေ့ရတယ်လို့ ဂျာပူဒေသခံတွေဆီကနေ သိရပါတယ်။
“ကျေးရွာအဝင်၊ ကျေးရွာထိပ်တွေမှာ အလွန်အကျွံတူးဖော်နေကြတယ်။ ကားလမ်းမနဲ့တောင် ကပ်ရပ်ဖြစ်ကုန်ပြီ။ အခုက တစ်ဖန်ပြန်ပြီး တူးဖော်ကြတာဖြစ်တယ်။ ဒီရွာမှာ ရွှေတူးဖော်မှုကို အရင်နှစ်တွေမှာ ပိတ်ပင်ထားပေမဲ့ မနှစ်ကစပြီး ပြန်တူးလာတာဟုတ်တယ်။ ရွာပျက်လာတော့ စိတ်မကောင်းဘူး။ ရွာသားတွေက ဒီနှစ်ကစပြီး နေရပ်ပြန်နိုင်ဖို့ ပြင်ဆင်နေတာ” လို့ အမည်မဖော်လိုသူ ဂျာပူဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
ဂျာပူ ကျေးရွာအဝင် ကားလမ်းမဘေးနားအထိ ရွှေတူးဖော်နေသလို ကျေးရွာတစ်ဝိုက် အနည်းဆုံး ၃ နေရာလောက်မှာ ဘက်ဟိုး၊ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတယ်လို့ ဆိုပါတယ်။
တာဝန်ခံ လုပ်ငန်းရှင်တွေအကြောင်းကို အသေးစိတ်မသိရှိရပေမယ့် ရွှေတူးဖော်နေတဲ့ လုပ်ငန်းရှင်တွေဟာ ဒေသခံအာဏာပိုင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခွင့်ပြုမိန့်ဖြင့် ရွှေတူးဖော်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
ယခင်က ဂျာပူကျေးရွာဘက်မှာ ရွှေတူးဖော်မှုတွေကို တားမြစ်ပိတ်ပင်ထားပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်လောက်ကစပြီး တစ်ဖန်ပြန်ပြီး ရွှေတူးဖော်လာခြင်းဖြစ်ကာ လက်ရှိမှာတော့ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်လာတာကြောင့် ကျေးရွာ ပျက်စီးမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဂျာပူဒေသခံ စစ်ရှောင်တချို့ အသက်မွေးဝမ်းကျောင်းအတွက် တောင်ယာ၊ အခင်းလုပ်ငန်းတွေလုပ်ရင်း နေရပ် ပြန်လည်ရောက်ရှိနေပေမယ့် အိမ်ခြေအများပိုင်းကတော့ နေရပ်မပြန်လာနိုင်ကြသေးပဲ မြစ်ကြီးနား ဝိုင်းမော်၊ မိုင်းနားစစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ခိုလှုံနေရဆဲ ဖြစ်ပါတယ်။
ဂျာပူကျေးရွာ ဒေသခံတွေဟာ မိမိနေရပ်ကိုပြန်နိုင်ဖို့ ပြီးခဲ့တဲ့ ၂ နှစ်ခန့်ကတည်းကစပြီး ကြိုးပမ်း ပြင်ဆင်နေကြပြီဖြစ်ကာ ဒီနှစ် ၂၀၂၅ ခုနှစ်မှာတော့ ဒေသခံစစ်ရှောင် အားလုံး နေရပ် ပြန်လာနိုင်ရေး ပြင်ဆင်ထားကြတယ်လို့ ဆက်လက်သိရပါတယ်။
“ကိုယ့်နေရပ် ကျေးရွာပျက်စီးလာမဲ့အနေအထားဖြစ်လာလို့ စိတ်မကောင်းဖြစ်နေတယ်။ ဒေသခံရွာသားတွေက အားလုံး နေရပ်မပြန်လာနိုင်ကြသေးဘူး။ ဒီနှစ်ကစမှ အားလုံး နေရပ်ပြန်ကြဖို့ ပြင်ဆင်နေကြတုန်းဖြစ်တယ်။ ရွာသားအများပိုင်းကတော့ ဒီလိုရွှေတူးဖော်နေတာကို မလိုလားတဲ့ သူတွေလည်းရှိပါတယ်။ အခုက ဒီဘက်လမ်းတစ်ကြော အခြားနေရာတွေမှာလည်း လုပ်လို့ရတဲ့ နေရာတွေမှာ ပိုပြီး ရွှေတူးဖော်နေတယ်။ တည်ငြိမ်သွားပြီဆိုတော့ ရွှေတူးဖော်မှု အရင်ထက်ပိုဆိုးလာတဲ့ နေရာတွေလည်းရှိတယ်။ အဓိက တာဝန်ရှိသူတွေအနေနဲ့ ရွာသားတွေရဲ့ ကျေးရွာ၊ လုပ်ကိုင်စားသောက်ရာ နယ်မြေတွေထိ ရွှေတူးဖော်တာတွေကို မလုပ်ဆောင်ပေးတာ ကောင်းတယ်လို့ ပြောချင်တယ်” လို့ ဂျာပူကျေးရွာ ဒေသခံက ဆက်ပြောပါတယ်။
မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ထိန်းချူပ်ထားတာဖြစ်ပြီး အဲဒီလမ်းမပေါ်တစ်လျှောက်ရှိ ရွှေတူးဖော်လို့ရတဲ့ နေရာတွေမှာ အရင်ကထက် ပိုမိုဆိုးရွားစွာ ရွှေတူးဖော်လာတာတွေ တွေ့လာရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လိုင်ဇာမြို့ကို သွားတဲ့လမ်းမပေါ်ရှိ နမ်ဆန်ယန်ကျေးရွာဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ရဲ့ လက်ထဲ အလွန်အကျွံ ရွှေတူးဖော်မှုတွေကြောင့် ကျေးရွာပျက်စီးသွားသလိုမျိုး အခြားကျေးရွာမှာဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိ ကချင်ပြည်နယ်ရှိ သယံဇာတတူးဖော်ရာ နေရာအများစုကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ထိန်းချူပ်ထားတဲ့အတွက် အထိန်းအကွပ်မဲ့တဲ့ သယံဇာတတူးဖော်မှုတွေကို KIO အနေနဲ့ ထိန်းသိမ်းပေးဖို့နဲ့ တားဆီးပေးဖို့ ဒေသခံတွေက မျှော်လင့်နေတယ်လို့ ပြောပါတယ်။
By – ဂျာဘောက်ရာ