မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဧရာဝတီမြစ်ကမ်း ရွှေတူးဖော်မှုကိုတားမြစ်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံစာတင်ပြတောင်းဆိုမှု အကြောင်းမပြန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက် ရွှေတူးဖော်မှုနဲ့သဲကျောက်ထုတ်ယူမှုတွေကို တားမြစ်ပေးဖို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ ဒေသခံတွေစာတင်ပြတောင်းဆိုထားပေမယ့် တစ်လခန့်ကြာလာတဲ့အထိ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

တစ်နှစ်ပြီးတစ်နှစ်အထိန်းအကွပ်မရှိ ရွှေတူးဖော်မှုတွေကြောင့် ဧရာ၀တီမြစ်နဲ့သဘာ၀ပတ်ဝန်းကျင် ဆိုးရွားစွာပျက်စီးလာတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်တဲ့ဒေသခံတွေအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်အစိုးရအဖွဲ့ထံ စာတင်ပြတောင်းဆိုထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။ 

ဒီနေရာတွေမှာ အမြဲတမ်း စက်ယန္တရားကြီးတွေနဲ့ ရွှေမတူးဖော်ဖို့၊ စက်ယန္တရားကြီးတွေကို လုံး၀ အဝင်မခံဖို့။ အခုက သဲကျောက်ထုတ်တယ်ဆိုပြီး ရွှေပါတစ်ခါတည်း တူးဖော်နေရော။ ဒီလိုမျိုး သူတို့က ခွင့်ပြုချက်ရထားတယ်ဆိုပြီး အားလုံးပါမစ်လျှောက်ထားပြီးသားဆိုပြီး သဲကျောက်ကောက်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရွှေတူးဖော်တာတွေ ဆိုးဆိုးရွားရွား လုပ်လာတယ်။ ဒါကြောင့် အခုဒေသခံတွေလိုချင်တာက ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်အစိုးရပဲတက်တက် ဒါတွေကိုတော့ လုံး၀ ရပ်နားလိုက်ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဧရာ၀တီမြစ်အနီးနေထိုင်သူ ဒေသခံတစ်ဦးကပြောပါတယ်။

ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ မြင်ကွင်း

ဒါပေမဲ့ လက်ရှိချိန်ထိ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတွေရဲ့စာတင်ပြတောင်းဆိုမှုကို တစ်စုံတရာအကြောင်းပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုထားတဲ့စာမှာ အဓိကအားဖြင့် မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အာလမ်၊ အူဗျစ်၊ ဒွမ်ဂန်၊ လမုန်ဇွပ်နဲ့ တန်ဖရဲ– စတဲ့ကျေးရွာတွေရဲ့ နယ်နိမိတ်ဧရိယာအတွင်းရှိ ဧရာ၀တီမြစ်ကမ်းတစ်လျှောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တာ၊ သဲကျောက်ထုတ်ယူတာတွေကို တားမြစ်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတာလို့ ဆိုပါတယ်။ 

မြစ်ကြီးနား – ဆွပ်မရာဘွမ်လမ်းမကြီးနဲ့ ဧရာ၀တီမြစ်ကမ်းပေါ်မှာရှိတဲ့ အာလမ်ကျေးရွာအုပ်စုထဲမှာ အိမ်ခြေစုစုပေါင်း (၁၀၀၀ခန့်ရှိပြီး လူဦးရေ (၈၀၀၀ကျော်ရှိကာ ဧရာ၀တီမြစ်ဆုံအထိ အရေးပါပြီးမြစ်ကြောင်းတစ်လျှောက်ကို အစိုးရအဆက်ဆက်ကာကွယ်စောင့်ရှောက်ထားတဲ့ နေရာတွေဖြစ်တယ်လို့ တောင်းဆိုစာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ပိုမိုဆိုးရွားလာတဲ့ ရွှေတူးဖော်မှုတွေ၊ သဲကျောက်ထုတ်ယူတာတွေကြောင့် ကျေးရွာဖြစ်တည်မှုကို ပျက်စီးစေခြင်း၊ သဘာ၀ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကိုပျက်စီးစေခြင်း၊ ကျေးရွာအတွင်း လူမှုပြဿနာတွေကို ဖြစ်ပေါ်စေခြင်း၊ အများပြည်သူပိုင် လမ်းများထိခိုက်ပျက်စီးခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေလည်း များစွာဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ မြင်ကွင်း

အာလမ်ကျေးရွာနဲ့ မြစ်ဆုံအထိ တချို့နေရာတွေမှာ ရွှေနဲ့ သဲကျောက်တူးဖော်ထုတ်ယူမှုတွေကြောင့် တချို့နေရာတွေမှာ ကားလမ်းနဲ့ မြစ်ကမ်းပါးကြား အကျယ်အဝန်းဟာ ပေ ၃၀၀ ခန့်သာကျန်ရှိပြီး ကျေးရွာဧရိယာတွေ တဖြည်းဖြည်းကျဉ်းမြောင်းလာတာအပြင် မြစ်ကူး ကူးသို့ဆိပ်တွေ ပပျောက်လာပြီလို့ တောင်းဆိုစာမှာဖော်ပြထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြစ်ကမ်းနဲ့နီးတဲ့ လူနေအိမ်တွေအန္တရာယ်ပိုမိုစိုးရိမ်လာရတဲ့အပြင် ရေလမ်းကြောင်းပြောင်းလဲလာပြီး ကြီးမားတဲ့ ပြဿနာ၊ ဆုံးရှုံးမှုတွေ ပိုမိုကြုံတွေ့လာမှာကို ဒေသခံတွေစိုးရိမ်တာကြောင့် ကချင်ပြည်နယ် ဝန်ကြီးချူပ်ထံ စာတင်ပြတောင်းဆိုခြင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ပြီးတစ်နှစ် ပိုမိုဆိုးရွားစွာ ရွှေတူးဖော်လာတာတွေရှိသလို သဲကျောက်ထုတ်ယူမှုအမည်ခံနဲ့ ဘတ်ဖိုးတွေနဲ့ ရွှေတူးဖော်တာတွေလည်း လုပ်ဆောင်နေတာကြောင့် မြစ်ကမ်းဘေးထိခိုက်

ပျက်စီးတာ၊ရေလမ်းကြောင်းပြောင်းလဲလာတာတွေ ပိုမိုဆိုးရွားလာတယ်လို့ မြစ်ကြီးနား ဒေသခံလူငယ်တစ်ဦးကလည်း အခုလို ပြောပါတယ်။

ဒီမြစ်ကမ်းဘေးတစ်လျှောက် အကုန် အရင်နဲ့မတူတော့ဘူး။ ရွှေတူးဖော်မှုကတော့ တော်တော်လေးကို ဆိုးသွားပြီ။ တစ်ပိုင်တစ်နိုင်တူးတာတွေဆိုပေမဲ့ ပတ်ဝန်းကျင် တော်တော်ထိခိုက်နေပြီ။ တူးတာကတော့ တောက်လျှောက်ပဲ။ အမှိုက်ပစ်တဲ့သူကပစ် ရွှေတူးတဲ့သူကလည်း တစ်ရက်ထက်တစ်ရက် ပိုများလာတယ်။ တစ်ပိုင်တစ်နိုင်တွေရှိသလို တချို့က သဲကျောက်တို့ ကုမ္ပဏီတွေ စက်ယန္တရားကြီးတွေနဲ့တူးနေတာ ကျနော်တို့ မြင်နေရတယ်လေ။ သဲကျောက်လည်း ထုတ်တယ်၊ ရွှေလည်းတူးတယ်။ အစုံလုပ်တဲ့ကုမ္ပဏီကြီးတွေရှိတယ်လို့ သူကပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ယခင် ရွှေတူးဖော်မှုမတွေ့ရတဲ့နေရာဖြစ်တဲ့ ဗလမင်းထင်တံတားအောက်မှာဝင်ငွေအကျပ်အတည်းတွေကြောင့် တစ်ပိုင်တစ်နိုင် လက်လုပ်လက်စား ရွှေတူးဖော်မှုတွေ ပိုမိုများပြားလာသလို ကုမ္ပဏီကြီးတွေလည်း တူးဖော်နေတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။  

မြစ်ကြီးနားမြို့နယ်အတွင်း ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက် သဲကျောက်ထုတ်ယူတာတွေအပါအဝင် ရွှေတူးဖော်မှုတွေဟာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA  နှစ်ဖက်အစိုးရရဲ့ ခွင့်ပြုချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။  

လက်ရှိမှာ စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုပဲ စာတင်ပြတောင်းဆိုထားသလို လိုအပ်ချက်ပေါ်မူတည်ပြီး KIO/KIA ဘက်ကိုလည်း တောင်းဆိုမှုတွေပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button