အင်းတော်ကြီးဒေသမှာ လုပ်ငန်းရှင်တွေနဲ့ SNA ပေါင်းပြီး လယ်ယာမြေပျောက်ကွယ်လို့နီးပါးအထိ ရွှေတူးဖော်နေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ SNAနဲ့ လုပ်ငန်းရှင်တို့ပူးပေါင်းပြီး စက်ယန္တရားကြီးများနဲ့ အကြီးစားရွှေတူးဖော်မှု ပိုဆိုးရွားလာတာကြောင့် လယ်ယာမြေကုန်သလောက်ဖြစ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အင်းတော်ကြီးဒေသထဲက လုံးတုံ၊နန့်မွန်း၊ မိုင်းနောင်ဒေသမှာ ဒေသခံတစ်ချို့နှင့် ပြင်ပကဝင်ရောက်လာတဲ့လုပ်ငန်းရှင်များ ပူးပေါင်းပြီး ဘက်ဟိုးစက်ကြီးတွေနဲ့ အကြီးစားရွှေတူးဖော်စတင်လာခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၄ ခုနှစ် ဇွန်လမှာတော့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က အဲဒီဒေသထဲတပ်စွဲအထိုင်ချပြီး လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းကာ လယ်ယာမြေတွေမှာ စက်ယန္တရားကြီးများနဲ့ အကြီးစားရွှေတူးဖော်မှု ပိုမိုလုပ်ဆောင်လာကြတယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“လယ်တွေက ကုန်သလောက်ဖြစ်နေပြီကော အခုဒီနှစ်ဆိုရင်လုပ်စရာလယ်တောင်မရှိကြတော့ဘူး လုပ်ငန်းရှင်တွေကစျေးကောင်းပေးဝယ်တော့အကုန်ရောင်းကုန်ကြတာ။ အဲ့မိုင်းနောင် မမုံကိုင်တကြောကလယ်တွေက ကုန်သလောက်ပဲရွှေတူးထားတော့ လယ်ကွင်းနဲ့မတူဘူး ဖားကန့်နဲ့တောင်တူသွားပြီမြေစာပုံတွေက”လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။
လက်ရှိ SNAနဲ့ရွှေလုပ်ငန်းရှင်တွေဟာ အင်းတော်ကြီး–ဝှေခါ ကားလမ်းဘေးမှာရှိတဲ့ မိုင်းနောင်ကျေးရွာနဲ့ မမုံကိုင်ကျေးရွာပြည်သူတွေရဲ့ လယ်ယာတွေကို တစ်ဧက ကျပ်သိန်း ၈၀၀ ကနေ ကျပ်သိန်း ၁၀၀၀ အထိစျေးကောင်းပေးဝယ်ပြီး နေ့ညမပြတ် ရွှေတူးနေတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး အခုလိုပြောပါတယ်။
“အခုတူးနေတဲ့နေရာက မိုင်းနောင်နဲ့မမံကိုင်ရွာကြားမှာဟုတ်တယ် ကားလမ်းနဲ့ကပ်လျက်ပဲ သူများမြင်မှာဆိုးလို့ ကားလမ်းတစ်လျှောက်ကိုရှစ်ပေသွပ်တွေနဲ့ကာထားတာ မိုင်ဝက်လောက်ရှိတယ်ကာထားတာ ဘယ်သူမှအဝင်မခံဘူးအထဲမှာ ကျင်းသား(ရွှေလုပ်သား) တွေနီးစပ်ရာနီးစပ်ရာပဲ ဝင်လို့ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ပြောချက်အရ မိုင်းနောင်နဲ့မမုံကိုင်ကြားမှာ လယ်ဧက ၃၀ ကျော်ရှိရာ လက်ရှိ ဧက ၂၀ ဝန်းခန့်မှာ ရွှေတူးဖော်မှုနေပြီး လုပ်ကွက်နေရာအားလုံးမှာလည်း လုံခြုံရေးတိုးမြင့်ထားတယ်လို့ ဆိုပါတယ်။
အခုလို အလွန်အကျွံ့ရွှေတူးဖော်မှုကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေတွေပျက်စီးဆုံးရှုံးနေရတဲ့အပြင် ရွှေတူးဖော်နေတဲ့နေရာဟာ အင်းတော်ကြီး–ဝှေခါ ကားလမ်းနဲ့ကိုက် ၅၀၀ ခန့်သာကွာဝေးတာကြောင့် ဆက်တူးဖော်မယ်ဆိုပါက မိုးတွင်းကာလမရောက်ခင်မှာတင် ကားလမ်းပိုင်းပါပျက်စီးသွားနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အင်းတော်ကြီးဒေသ မိုင်းနောင်၊ လုံးတုံနဲ့မမံကိုင်တကြောမှာ စစ်တပ်အာဏာမသိမ်းခင် ဒေသခံတစ်ချို့ လက်လုပ်လက်စား အသေးစားရွှေတူးဖော်မှု အနည်းအကျဉ်းသာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် တရားမဝင်ရွှေတူးဖော်မှုတွေ ပိုဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ရွှေအလွန်အကျွံ့တူးဖော်မှုကြောင့် ဒေသခံတွေအသုံးပြုတဲ့ ခေါင်းတုန်ချောင်း၊ နမ့်တန်ချောင်း နှင့် အင်မြန်ချောင်းစတဲ့ချောင်းရေတွေပျက်စီးခဲ့ပြီး ဒေသခံတွေရွှေ့ပြောင်းနေထိုင်ရတဲ့အထိ ဆိုးဆိုးဝါးဝါးရွှေတူးဖော်မှုတွေရှိခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာတော့ အင်းတော်ကြီး ဒေသတဝိုက်ရှိ မိုင်းနောင်၊ လုံးတုံ၊ မမုံကိုင် အစရှိတဲ့ ဒေသတွေမှာ တရားမဝင်ရွှေတူးဖော်မှုလုပ်ကွက်များရှိ မြေတူးစက်(Backhoe)များနှင့် စက်ယန္တရားများကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။
အင်းတော်ကြီးကန်ဟာ အာဆီယံအမွေအနှစ် စာရင်းဝင်ဒေသတခုဖြစ်တဲ့အပြင် အင်းတော်ကြီး ဘေးမဲ့တောကိုလည်း ကုလသမဂ္ဂပညာရေး သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ဇီဝအဝန်းနယ်မြေအဖြစ် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ထားပါတယ်။
ဒါပေမယ့် ခုလိုရွှေတူးဖော်မှုကြောင့် အရှေ့တောင်အာရှမှာ တတိယအကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသအဖြစ် သတ်မှတ်ခံထားရတဲ့ အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးကန်မှာလည်း ရွှေတူးဖော်မှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အညစ်အကြေးများ တင်ကျန်နေပြီး တိမ်ကောစပြုလာတဲ့အပြင် သဘာဝတောတောင်များ ပျက်စီးခြင်း၊ လယ်ယာမြေများ ပျက်စီးခြင်း၊ ငါးမျိုးစိတ်ရှားပါးလာခြင်းနှင့်အတူ တစ်ခြားဘေးထွက်ဆိုးကျိုးများလည်း ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေ ဆိုပါတယ်။
By – Zaw Zaw