လန်ဆယ်မှာ အမျိုးသမီးတစ်ဦး ရိုက်နှက်ခံရမှု KIA အရာရှိဘက်က တောင်းပန်ပြီး ယွမ်ငွေတစ်သောင်းနဲ့ နှစ်ဖက်ကျေအေး
ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်မြို့ အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခဲ့တဲ့အမှုမှာ KIA အရာရှိက ပြန်လည်တောင်းပန်လိုက်တဲ့အတွက် နှစ်ဖက်ကျေအေးမှုရရှိပြီလို့ ဒေသခံတွေပြောပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ လန်ဆယ်မြို့ စားသောက်ဆိုင်တစ်ဆိုင်မှာ KIA အရာရှိ ဗိုလ်မှူးလဖိုင်ဂျာလီအောင်နဲ့ လန်ဆယ်မှာအလုပ်လာ ရောက်လုပ်ကိုင်နေတဲ့ မအာလူးမီးတို့ အချင်းများရာကနေ ရိုက်နှက်မှုဖြစ်ခဲ့တာပါ။
အဲဒီနောက် ဩဂုတ်လ ၃၀ ရက်နေ့မှာတော့ ဒေသခံများက KIA အရာရှိ ဗိုလ်မှူးဂျာလီအောင်” အလိုမရှိ” ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးနောက် KIA အရာရှိဘက်က အမှားကိုဝန်ခံပြီး တောင်းပန်လိုက်တဲ့အတွက် နှစ်ဖက်ကျေအေးသွားပြီဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“ဒူကဘာဂျာလီအောင်က နောက်ထပ်ဒီလိုလုပ်ရပ်မျိုးမဖြစ်စေရဘူး ကျေအေးပေးပါဆိုပြီး တောင်းပန်လို့ ကျေအေးပေးလိုက်ပြီ။ အမှုက မနေ့က ပြီးသွားပြီဟုတ်တယ်“လို့ ပြောပါတယ်။
ဒါ့အပြင် KIA အရာရှိဘက်က မအာလူးမီးကိုဆေးကုဖို့ တရုတ်ယွင်ငွေ တစ်သောင်းပေးလိုက်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
လတ်တလော လူမူကွန်ယက်မှာ ပျံ့နှံ့နေတဲ့ သတင်းအရရိုက်နှက်ခံရတဲ့ မအာလူးမီးဟာ လန်ဆယ် ဒေသတွင်း ဈေးရောင်းတာအပြင်တပိုင်တနိုင်ရွှေကျင်တဲ့အလုပ်လုပ်ကိုင်သူဖြစ်ပြီး KIA ကတားမြစ်ထားတဲ့နေရာရှိ ကျောက်တုံးများကို သူမရဲ့လူများအား ခိုးယူခိုင်းတာတွေ မကြာခနလုပ်တဲ့အတွက် အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်တဲ့အကြောင်းနဲ့ မအာလူးမီးဘက်က မလိုက်နာတဲ့အတွက် သွားရောက်ဖြေရှင်းရာ မအာလူးမီးက ရိုင်းရိုင်းဆိုင်းဆိုင်းဆဲဆိုပြီး ကျောက်ခဲနဲ့အရင်ပစ်ပေါက် ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
မအာလူးမီးက ကျောက်ခဲနဲ့ပစ်ပေါက်တဲ့အတွက် KIA အရာရှိ ဗိုလ်မှူးဂျာလီအောင် နားရွက် ၄ ချက်ချုပ်လိုက်ရကြောင်း KIA သတင်းရင်းမြစ်တစ်ဦး KNG ကို ခုလို ပြောပါတယ်။
“မိန်းကလေးဘက်က အရင်ဒူကဘာကို ကျောက်ခဲနဲ့ပစ်လို့ နားရွက် ၄ ချက်ချုပ်လိုက်ရတယ်” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မအာလူးမီးမိသားစုကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ မိသားစုဝင်တစ်ဦး အခုလို ပြောပါတယ်။
“ဂျာလီအောင်က အရင်ဆုံး မူးပြီးတော့ ဆေးလိပ်ပြာခွက်နဲ့ပေါက်တာပါ။ ကောင်မလေးက အရင်ပေါက်တာမဟုတ်ပါဘူး။“ လို့ ပြောပါတယ်။
KIA အရာရှိ နားရွက်ချုပ်ရတာဟာ ကျောက်ခဲနဲ့ ပေါက်တဲ့ ဒဏ်ရာ မဟုတ်ပဲ မအာလူးမီးနဲ့ အချင်းများပြီး ကိုယ်ထိလက်ရောက်ရိုက်နှက်ကြစဥ် မအာလူးမီးရဲ့ သွားနဲ့ ကိုက်ပေးလိုက်တဲ့ ဒဏ်ရာဖြစ်ပြီး ကျန်တဲ့ကိစ္စကိုတော့ လုံခြုံရေးအရ ဖြေဆိုဖို့ အဆင်မပြေတော့ကြောင်း သူကဆက်ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ အမျိုးသမီးတစ်ဦးကလည်း ခုလိုပြောပါတယ်။
“ဒူကဘာ ပြောသလို မအာလူးမီးက ရွှေခိုးတာမှန်ရင် အာဏာရှိတဲ့သူပဲ သက်သေနဲ့တကွ ဖမ်းပြီးအရေးယူပါ။ ဒီလိုကိုယ်ထိ လက်ရောက်လုပ်ဖို့ မလိုဘူး ပြီးတော့ အရက်မူးပြီး သူအရင်လာစတာဖြစ်တယ်။ ပြီးရင် ဘာလက်နက်မှမကိုင်တဲ့ အမျိုးသမီးတစ်ယောက်ကို လက်နက်ကိုင်ထားတဲ့ အာဏာရှိတဲ့သူတွေ ဒီလိုလုပ်တာကောင်းသလား။ လူ့အခွင့်အရေး အမျိုးသမီးအခွင့် ရေးဆိုပြီး အရမ်းပြောတတ်ကြတယ် ဒါမျိုးနေရာမှာဆိုတိတ်နေကြတယ်” လို့ ပြောပါတယ်။
အချင်းဖြစ်တဲ့နေ့ ထွက်ပေါ်လာတဲ့ မအာလူးမီး ပြောဆိုထားတဲ့ရုပ်သံအရ KIA အရာရှိက သူမကိုရွှေသူခိုးလို့စွပ်စွဲပြီး လန်ဆယ်မှာ မမြင်ချင်တဲ့အကြောင်းသူမကိုပြောဆိုခဲ့ရာ စျေးဆိုင်မှာရင်းနှီးထားတဲ့ ငွေပေးမယ်ဆိုပါက လန်ဆယ်မှပြန်မယ်ဆိုတဲ့ အကြောင်း ပါရှိပါတယ်။
လန်ဆယ်မှာဖြစ်ခဲ့တဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းကြေအေးမှု အခြေနေကို KIO ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းဆက်သွယ်လို့မရသေးပါဘူး။
စစ်တပ်လက်အောက်ခံ လန်ဆယ်ဒေသ ၂၀၂၄ နှစ် အောက်တိုဘာလမှာ KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားတာဖြစ်ပါတယ်။
လန်ဆယ်နဲ့ အလားတူပဲ KIA ပူး ပေါင်းတပ်က သိမ်းပိုက်ထားတဲ့ ချီဖွေမြို့နယ်မှာလည်း ၂၀၂၅ ခုနှစ် ဧပြီလမှာ ဒေသတွင်း KIO အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေကြား အငြင်းပွားမှုမှာ ကိုယ်ထိလက်ရောက် ရိုက်နက်မှုတွေရှိခဲ့ဖူး ပါတယ်။
ဒါပေမယ့် ဒေသတွင်းပြည်သူတွေအပါအဝင် ရပ်မိရပ်ဖ၊အုပ်ချုပ်ရေးအဖွဲ့ညှိနှိုင်းအဖြေရှာ ဖြေရှင်းနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
By – Zami



