ဖားကန့်မှာတစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ဒရုန်းရမ်းသမ်းပစ်ခတ်မှုတွေကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအုပ်စုကို ၉ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖာကန့်မြို့နဲ့ ၂ မိုင်လောက်ဝေးတဲ့ ဂျန်ဂတ်လမ်းဆုံမှာ ဒရုန်းဗုံးသီးကျလို့ အမှိုက်ကောက်တဲ့ သားအမိနှစ်ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၂၂ ရက်နေ့မှဦတော့ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအုပ်စု ကျောက်သွေးတောင်ကျေးရွာက နေအိမ်တစ်ခုပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး သားအဖနှစ်ဦးထပ်မံသေဆုံးခဲ့ရတာဖြစ်ပါတယ်။
ဖားကန့်ပြည်သူတွေကတော့ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေအကြား ထိခိုက်သေဆုံးမှုတွေပိုမိုမြင့်တက်လာနေတယ်လို့ ဖားကန့်မြိုနေ အမျိူသားတစ်ဦး ခုလိုပြောပါတယ်။
“စစ်တပ်ဘက်က ပစ်ခတ်မှုတွေ၊ ဒရုန်းဗုံးသီးချတာတွေကို ဆက်တိုက်လုပ်နေပါတယ်။ တော်တော်ကိုဒုက္ခများနေကြပါတယ်။ ပြည်သူတွေက။ သူတို့ဘက်ကစစ်ရေးလှုပ်ရှားတာတွေကလည်းနေရာတိုင်းမှာပါဘဲ။ သေဆုံးမှုတွေကလည်းဆက်တိုက်ကိုမြင့် တက်နေတယ်။ ဖားကန့်မှာစစ်တပ်က ရွာတွေထဲကိုဘဲရည်ရွယ်ချက်ရှိရှိပစ်ထည့်နေတာ။ ပြည်သူတွေဘဲအထိအခိုက်များနေတာ”လို့ပြောပါတယ်။
ဒါ့အပြင် မနေ့က စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်း ၁၀ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က မနကျေးရွာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။
တစ်ဖက်မှာ အခုလိုစစ်ကောင်စီတပ်ရဲ့ရမ်းသမ်းပစ်ခတ်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲအတွင်း မလုံခြုံမှုခံစားနေရတဲ့ ဒေသခံတွေဟာဖားကန့်မြို့နယ်ဘေးလွှတ်ရာတွေမှာမဟုတ်ဘဲ မိုးညှင်း၊ မိုးကောင်းအပါအဝင် မြစ်ကြီးနားမြို့အထိ ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။
လက်ရှိမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာပေါင်း ၈ ရွာထက်မနည်းရှိပြီး စစ်ရှောင်လူဦးရေ ၃ ထောင်ကျော်ရှိလာတယ်လို့ ဒေသခံတွေကခန့်မှန်းကြသလို စာရင်းအတိအကျရရှိဖို့ခက်ခဲနေသေးတယ်လို့ သိရပါတယ်။
“ဖားကန့်မှာက လောလောဆယ်စစ်ပွဲတွေနဲ့ပတ်သက်လို့ စစ်ရှောင်ကတော်တော်များလာပြီ။ ဒီရက်ပိုင်းဆို ဖားကန့်မှာ မလုံခြုံတော့လို့ တခြားမြို့တွေကိုလည်းရှောင်နေကြတယ်။ စစ်ရေးတင်းမာနေတာကတော့ ဆိုင်းတောင်၊ ဆန်းကြွယ်လုံးခင်းပတ် ဝန်းကျင်ပေါ့လေ တိုက်ပွဲကတော့ဒီရက်ပိုင်းတော့မဖြစ်နေဘူး။ ရမ်းသမ်းပစ်ခတ်သံတွေဘဲကြားနေရတယ်”လို့ လက်ရှိဖားကန့်အခြေနေကို အထက်ပါဒေသခံအမျိုးသားဆက်ပြောပါတယ်။
ဖားကန့်မြို့ရဲ့နယ်မြေ ၈၀ ရာခိုင်နှုန်းလောက်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနစ်အစောပိုင်းကာလတွေအထိ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ယခုနှစ်ဧပြီလနောက်ဆုံးအပတ်ကစလို့ အင်းတော်ကြီးဒေသကနယ်မြေခံပြည်သူ့စစ်တွေနဲ့စစ်ကောင်စီတပ်ပူးပေါင်းပြီးအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် KIA ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့ကိုဝင်ရောက်နိုင်တဲ့လမ်းပိုင်းတွေအပါအဝင် ထိန်းချုပ်ထားတဲ့နယ်မြေတချို့ကိုလက်လွှတ်ခဲ့ရပါတယ်။
အဲ့ဒီလိုစစ်ကောင်စီတပ်က ဖားကန့်မြို့တစ်ခုလုံးကိုကြိုးစားလာတဲ့ ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်းကစလို့ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်လာတာ ဒီနေ့အထိဖြစ်ပြီး အဲ့ဒီနှစ်ဖက်တိုက်ပွဲတွေအကြား လက်နက်ကြီး၊ ဒရုန်းရမ်းသမ်းပစ်ခတ်မှုတွေကြောင့်
အရပ်သားသေဆုံးမှုနှုန်းဟာဆက်တိုက်မြင့်တက်လာနေတာလို့ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတစ်ဝှမ်းမှာ သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေ ကို ပြန်လည်စိုးမိုးနိုင်ဖို့ စစ်ရေးအရှိန့်မြင့်ကြိုးစားနေပြီး လက်ရှိ ဖားကန့်မြို့အတွက်အရေးပါတဲ့ လုံးခင်း၊ ဆိုင်းတောင် အပါအဝင်
ဖားကန့်မြို့ပေါ်ကိုထိန်းချိုပ်နိုင်ဖို့ကြိုးစားလာနေတယ်လို့ ဒေသခံတွေကခန့်မှန်းနေကြပါတယ်။
By – အမိုး



