တိုက်ပွဲသတင်း

ဝိုင်းမော် တိုက်ပွဲမှာ ခမရ ၃၁၈ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ကို ဦးတည် ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ တိုက်ပွဲမှာ စစ်ကူအဖြစ်ရောက်ရှိလာတဲ့ တနိုင်းအခြေစိုက် ခမရ ၃၁၈ တပ်ရင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၆၊ ၂၇ ရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ဒရုန်းထိမှန်ပြီး သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးအတည်ပြုပြောဆိုပါတယ်။

ဒရုန်းလက်နက်ထိမှန်ပြီး သေဆုံးသွားတာဖြစ်ပါတယ်။ ဒဏ်ရာပြင်းထန်ပြီးတော့ မြစ်ကြီးနားဘက်ကို သယ်ယူသွားတာ လမ်းမှာ အသက်ထွက်သွားတယ်လို့ကြားပါတယ် လို့ ပြောပါတယ်။

ဝိုင်းမော် လမြန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ လမြန်ကျေးရွာအထိ ထိုးစစ်ဆင်လာပြီး စက်တင်ဘာလဆန်းပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

အဲဒီ တိုက်ပွဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိခိုက်သေဆုံးမှုများပြီး ဝူယန်ကျေးရွာအထိ စစ်ကြောင်းပြန်လည် တပ်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ နောက်ပိုင်း စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ တစ်ကျော့ပြန် တိုက်ခိုက်ခဲ့ရာမှာ တနိုင်း ဒုတပ်ရင်းမှူးသေဆုံးမှုရှိခဲ့တာ ဖြစ်ပါတယ်။

တပ်ရင်းမှူးသေဆုံးခဲ့တဲ့ ဝိုင်းမော် လမြန်စစ်မျက်နှာကို စစ်တပ်က လေယာဉ်နဲ့ လာရောက် ပစ်ခတ်နေဆဲဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တပ်ရင်းမှူးတစ်ယောက်ဆုံးတာက ဒရုန်းလက်နက်ကြီးထိမှန်လို့ပြောတယ်။ အဲ့ကြောင့် စစ်တပ်က မနေ့ကအထိ Y – 12 နဲ့ ဝိုင်းမော် လမြန်မှာ ဗုံးကြဲတယ်။ ပြီးရင် အသွားအလာတွေလည်း အရမ်းစစ်ဆေးနေတယ်။ လူတွေတောင် ဘယ်သူမှသိပ်မသွားကြဘူး” လို့ ပြောပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ၂၀၂၄ ခုနှစ်မှာ လက်လွတ်လိုက်ရတဲ့ ချီဖွေ၊ ဆဒုံး၊ ကန်ပိုင်တည်၊  ပန်ဝါ စတဲ့ ဒေသတွေကို ပြန်လည်သိမ်းပိုက်ဖို့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကနေ စစ်အင်အားအလုံးအရင်း အသုံးအပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button