မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဉ် ၂ ခုထဲက ပထမဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၆ ရက်နေ့ ဒီကနေ့မနက် ၉ နာရီခွဲဝန်းကျင် ကျွန်းပင်သာရပ်ကွက်မှာ ငှားရမ်းနေထိုင်ကြတဲ့ လင်မယားအပြန်အလှန်စကားများ ရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူကို ဓားဖြင့်ထိုးခဲ့တယ်လို့ သိရပါတယ်။
ဓားထိုးခံရတဲ့ အမျိုးသမီးကတော့ လက်၊ ခြေထောက်နဲ့ နဖူးတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဓားထိုးခဲ့တဲ့ အမျိုးသားဖြစ်သူကိုတော့ တာဝန်ရှိသူတွေကနေပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။
“ဖြစ်ချင်တော့ အဲအမျိုးသမီးရဲ့ သမီးကို ထိုးတာလို့ပြောတယ်။ အဲလိုမျိုးထိုးတာကို အဲအမျိုးသမီးက ကာပေးလို့ သူဘဲအထိုးခံလိုက်ရတာပါ။ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့”ဆိုပါတယ်။
ဒုတိယဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ ၄ ရက်နေ့ည ၇ နာရီဝန်းကျင် ဂျန်မိုင်ကောင်ရပ်ကွက်၊ လမ်းသွယ် ၇ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦးကို အိမ်တန်းလျားတစ်ခုတည်းမှာ အတူငှားနေတဲ့ တစ်ခြားအမျိုးသားတစ်ဦးကနေပြီးတော့ ဝမ်းဗိုက်ကို ဓားနဲ့ ထိုးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဓားထိုးခံရတဲ့ အမျိုးသားကိုတော့ ဧရာဝတီ လူမှုကယ်ဆယ်ရေးအသင်းကနေပြီးတော့ ဆေးရုံကို အချိန်ပို့ဆောင်ပေးနိုင်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာတော့ မရှိတော့ဘူးလို့ သိရှိရပေမယ့်လည်း ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲတဲ့လတွေတုန်းကလည်း မောင်နှမချင်း၊ သားအဖချင်း၊ သူငယ်ချင်း အချင်းချင်း ဓားခုတ် ဓားထိုးမှုတွေကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တာ ဖြစ်ပါတယ်။
KNGကနေ ကောက်ယူရရှိထားတဲ့ အချက်အလက်ဒေသာတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က ရမ်ပူရပ်ကွက် နယ်မြေ (၁၃) နေအိမ်တစ်အိမ်မှာ မောင်နှမချင်း စကားများရန်ဖြစ်ရာ မောင်ဖြစ်သူက အစ်မဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။
အလားတူ ဩဂုတ်လ တစ်လအတွင်းမှာဘဲ ဂျန်မိုင်ကောင်းရပ်ကွက်နေ အမျိုးသားတစ်ဦးကို သူငယ်ချင်းဖြစ်သူက စကားများရန်ဖြစ်ပြီး ဓားဖြင့်ခုတ်သတ်မှု၊ ကျွန်းပင်သာရပ်ကွက်မှာ သားအဖချင်းစကားများရန်ဖြစ်ရာကနေ အဖေဖြစ်သူက သားဖြစ်သူရဲ့ ညာဖက်လက်ဆစ် ကို ဓားဖြင့် ခုတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်တာဘဲ ဖြစ်ပါတယ်။
By – Hope



