ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် ယူမာကျေးရွာနဲ့ ဖားကန့် – ဆိုင်းတောင်သွားလမ်းမကြီးပေါ်မှာ သေဆုံးနေတဲ့ရုပ်အလောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“မနေ့ည မရှီကထောင်၊ ဆိုင်းတောင်ဘက်ခြမ်းမှာ ပစ်ခတ်သံတွေကြားရတယ်။ ဘယ်အဖွဲ့ကပစ်တာဆိုတာမသိသေးဘူး။ သေဆုံးသူနှစ်ဦးလည်း ဘယ်သူရယ်မသိသေးဘူးဗျ”လို့ပြောပါတယ်။
ပစ်သတ်ခံရတဲ့ အမျိုးသား နှစ်ဦးအနက် ဆိုင်ကယ်အပါ လမ်းမပေါ်မှာ သေဆုံးသူက ယူမာကျေးရွာတွင်းဖြစ်ပြီးတော့ နောက်ထပ်အမျိုးသားတစ်ဦးကတော့ ဖားကန့် – ဆိုင်းတောင်သွား လမ်းမပေါ်မှာ သွေးထွက်သံယိုများပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားနှစ် ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ အချိန်ကျော်လွန်ပြီး သွားလာတာကြောင့် ပစ်ခတ်ခံရတာဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်တွေပြောပါတယ်။
ဒါ့အပြင် လက်ရှိ သေဆုံးမှုဖြစ်ခဲ့တဲ့ နေရာတွေဟာ စစ်ကောင်စီတပ်ဘက်က နေရာယူထားတဲ့ ပတ်ဝန်းကျင်တဝိုက်မှာ ဖြစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဖားကန့်မှာ တိုက်ခိုက်သံတွေငြိမ်သက်သွားတာ တစ်လနီးပါးခန့် ကြာမြင့်လာပေမယ့် အရပ်သားပစ်သတ်ခံရမှုတွေ ဆက်ရှိနေသေးတာဖြစ်တယ်လို့ ဖားကန့် အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“ဖားကန့်စစ်ရေးအခြေအနေက အရင်လို ပြင်းပြင်းထန်ထန်တော့မရှိတော့ဘူး ငြိမ်နေတာပေါ့လေ။ ပြည်သူတွေက စစ်ပွဲတွေထပ်ဖြစ်လာမှာကို စိုးရိမ်နေကြတာပေါ့။ တိုက်ပွဲပဲ မဟုတ်ဘူး စုဆောင်းရေးဆွဲတဲ့အသံတွေလည်း ဒီရက်ပိုင်းက ပြန်ငြိမ်သွားတယ်။ တန်ဆောင်မုန်းလပြည့်ရက်တွေကြောင့်လားတော့မသိဘူး။ ပြည်သူတွေလည်းသွားလာကြနေတာတွေ့ရပါတယ်။ အခုလို ပစ်သတ်ခံရတာတွေတော့ ရှိနေသေးတော့ ဂရိုက်စိုက်ပြီးမှတော့ နေထိုင်ကြတာပေါ့”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ မြစ်ကြီးနားနဲ့ ဖားကန့် မြို့နှစ်ခုမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ည ၁၀ နာရီကနေ မနက်ပိုင်း ၄ နာရီအထိ ညမထွက်ရ အမိန့်စာထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ မေလကတည်းကနေ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် စက်တင်ဘာလအထိ တိုက်ပွဲတွေပြင်းထန်ခဲ့သလို အရပ်သားသေဆုံးမှုတွေလည်း နေ့စဉ်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲကြောင့် လက်နက်ကြီးကျမှန်ပြီးသေဆုံးမှုရှိခဲ့တဲ့ဖြစ်စဉ်၊ ကျေးရွာတွေမှာ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး အကြောင်းမဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ်၊ ဖားကန့် တပ်မကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ကျေးရွာအတွင်း ကျမှန်ပြီး အရပ်သားပြည်သူ သေဆုံးတဲ့ ဖြစ်စဉ်တွေ လနဲ့ချီ ဖြစ်စဉ်အသီးသီးရှိခဲ့ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



