သတင်း

ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို – မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်

ကချင်ပြည်နယ်၊ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းပိတ်နေတဲ့အတွက် လေကြောင်းလိုင်းတွေကြပ်ပြီးလေယာဥ်လက်မှတ်စျေးနှုန်းတွေတဟုန်ထိုးမြင့်တက်သွားကြောင်း လေယာဥ်လက်မှတ်အ‌ ရောင်းဌာနက သိရပါတယ်။

မြစ်ကြီးနားပူတာအိုလေယာဥ်လက်မှတ်စျေးနှုန်းပုံမှန်အားဖြင့် ကျပ် ၃၅၀၀၀၀ ( သုံးသိန်းခွဲ)နဲ့ ကျပ် ၄၀၀၀၀၀( လေးသိန်း) ကြားရှိရာကနေ ကားလမ်းပိတ်သွားတဲ့နောက် ကျပ် ၅၀၀၀၀၀(ငါးသိန်း) ကျော်အထိ တက်သွားကြောင်း လေယာဥ်လက်မှတ်အရောင်းကိုယ်စား လှယ်တစ်ဦးက KNG ကိုပြောပါတယ်။

လေကြောင်းလိုင်းအားလုံးတက်တယ်ဗျ ပုံမှန်ဆိုရင် သုံးကျော် လေးသိန်းဝန်းကျင်ပေါ့ ဒီရက်ပိုင်းကနေ အားလုံးနီးပါးတက်သွားတယ် ငါးသိန်း၊ ငါးသိန်သုံးသောင်းအလွန်ဆုံးရှိတယ်ဗျလို့ မြစ်ကြီးနားမြို့ရှိ လေယာဥ်လက်မှတ်အရောင်းဌာနမှအမျိူးသားတစ်ဦးကပြောပါတယ်။

ပူတာအိုမြစ်ကြီးနားကြားပြေးဆွဲတဲ့ မြန်မာအမျိုးသားလေးကြောင်းလိုင်း(MNA)Air KBZ လေကြောင်းလိုင်း၊မန်းရတနာပုံလေကြောင်းလိုင်း(MYP)နဲ့MAI စတဲ့လေးကြောင်းလိုင်းတွေဟာ ပူတာအိုမြစ်ကြီးနားကားလမ်းမပိတ်မှီ လေယာဥ်လက်မှတ်စျေးအနည်းဆုံးကျပ် ၃၃၀၀၀၀ (သုံးသိန်း သုံးသောင်း) အမြင့်ဆုံးစျေး ၄၀၀၀၀၀ (လေးသိန်း) ကျော်အထိရှိရာကနေ ယခုရက်ပိုင်းအတွင်း လေကြောင်းလိုင်းအားလုံး ကျပ် ၅၀၀၀၀၀ (ငါးသိန်း)ကနေ ၅၃၀၀၀၀ (ငါးသိန်းသုံး‌ သောင်း) အထိသွားတက်သွားကြောင်းသိရပါတယ်။

အခုလို လေယာဥ်လက်မှတ်စျေးနှုန်းတဟုန်ထိုးမြင့်တက်သွားတာနဲ့ပတ်သတ်ပြီးအသေးစိတ်ကိုမသိရပေမယ့် ဖြစ်နိုင်ခြေရှိတာကိုတော့ အထက်ဖော်ပြပါလေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက အခုလိုသုံးသပ်ထားပါတယ်။

လက်မှတ်စျေးတက်တာကဘာကြောင့်ဆိုတာတော့အသေးစိတ်မသိရဘူးဗျ။ ကျနော်တို့ကတော့ရုံးချုပ်ကနေဒီစျေးနဲ့ရောင်းလို့ချပေးရင်ဒီစျေးနဲ့ရောင်းပေးရတာပဲ ဖြစ်နိုင်ခြေများတာကတော့ဒီရက်ပိုင်းကားလမ်းနဲ့ခရီးသွားလို့မရတော့လေယာဥ်နဲ့ပဲသွားကြတာလက်မှတ်အရောင်းကြပ်လို့နဲ့တူပါတယ်လို့သူကပြောပါတယ်။

မြစ်ကြီးနားပူတာအိုကားလမ်းပိုင်းမှာ လူငယ်တွေ ကားနဲ့ခရီးသွားလာခွင့်တားမြစ်ထားပေမယ့် သက်ကြီးပိုင်းတွေ၊အိမ်ထောင်သည်တွေ၊သံဃာတော်တွေနဲ့ ခရစ်ယာန်ဘာသာရေးဆရာတွေက ပုံမှန်သွားလာလို့ရနေတာဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်ထားတဲ့အတွက် လေကြောင်းလိုင်းတစ်ခုတည်းနဲ့သာခရီးသွားလာလို့ရပြီး လက်မှတ်အဝယ်ကြပ်နေတာကြောင့်အခုလိုစျေးတက်နေတာလို့ခရီးသွားပြည်သူတွေကဆိုပါတယ်။

လက်မှတ်ဝယ်ဖို့ခက်တယ်ဗျ တစ်ချို့လေကြောင်းလိုင်းတွေ လကုန်ပိုင်းအထိစောင့်ရတယ် သိပ်မစောင့်ရဘူးဆိုရင်တောင် တစ်ပတ် တစ်ပတ်ကျော်ကျော်စောင့်ရတယ်ဒါတောင် သိပ်မသေချာဘူး လေယာဥ် cancel တွေက ခနခနပဲ ဒီရက်ပိုင်းလို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

လေယာဥ်လက်မှတ်စျေးနှုန်းတွေတက်နေတဲ့အပြင် လက်မှတ်ဝယ်ယူရခက်ခဲနေတဲ့အတွက် ပူတာအိုကနေ မြစ်ကြီးနားကိုအဝေးသင်သွားဖြေမယ့်ကျောင်းသားကျောင်းသူတစ်ချို့လက်မှတ်ဝယ်မရလို့ပိတ်မိနေသူတွေရှိနေသလို အဝေးသင်ဖြေပြီးလို့မြစ်ကြီးနားကနေ ပူတာအိုပြန်မယ့်ကျောင်းသား/သူ တွေလည်းပိတ်မိနေကြတယ်လို့သိရပါတယ်။

ထို့အပြင် ယခုရက်ပိုင်းစစ်ကောင်စီတပ်က Y-12 Y-8 လေယာဥ်တွေနဲ့ ခေါင်လန်ဖူး၊ပူတာအိုအထိုင်တပ်တွေကိုထောက်ပို့အတွက် ပူတာအိုလေဆိပ်ကိုသုံးနေတာကြောင့် လေကြောင်းလိုင်း Cancel ဖြစ်တာလည်းမကြာခနကြုံနေရကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်က ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကို စစ်ရေးအကြောင်းပြချက်နဲ့ အောက်တိုဘာ ၂၃ ရက်နေ့ကတည်းကပိတ်ထားတာဖြစ်ပါတယ်။

အောက်တိုဘာ ၂၃ရက်နေ့ ကားလမ်းပိတ်လိုက်ပြီးနောက် နိုဝင်ဘာ ၁ ရက်နေ့နဲ့ နိုဝင်ဘာ ၂ ရက်နေ့ နှစ်ရက်သာဖွင့်ပေးပြီးနောက် ဒီကနေ့အထိပိတ်ထားဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ကားလမ်းပိတ်ထားတဲ့အတွက် ပူတာအိုဘက် အခြေခံစားသောက်ကုန်အချို့ပြတ်လပ်တာ ဆန်စျေးတက်တာတွေရှိနေကြောင်းသိရပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်း ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့နယ်ဘက်ကိုစစ်အင်အားဖြည့်နေသလို KIAနဲ့ KPDF ပူးပေါင်းတပ်တွေဟာ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့‌လော်နယ်မြို့နယ်အစပ်ဘက် ထိုးစစ်ဆင်တာတွေရှိနေပါတယ်။

ဒါကြောင့် ပြီးတဲ့ခဲ့ အောက်တိုဘာလ လန်ဟီဆင်စခန်းအနီးက စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ရဲ့ရှေ့တန်းစခန်း တစ်ခုပြီးတစ်ခု KIA ပူးပေါင်းတပ်တွေသိမ်းပိုက်နေဆဲဖြစ်ပါတယ်။

ခုလို စခန်းတွေဆက်တိုက်လက်လွှတ်လာရတဲ့အတွက် စစ်ကောင်စီတပ်ဟာ စစ်ရေးတင်းမာနေတဲ့ ခေါင်လန်ဖူးဘက်ကိုဝင်ရောက်နိုင်တဲ့ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကိုပိတ်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button