လစ်လပ်သွားတဲ့အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာ ပြည်သူတွေ မဲပေးရွေးချယ်ဖို့လို
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာကို ပြည်သူတွေရဲ့ဆန္ဒနဲ့အညီမဲပေးရွေးချယ်လိုကြောင်း ဒေသခံတွေဆီကသိရပါတယ်။
အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးနီတိုး (ခ) ဦးရွှေရဆိုသူဟာ အောက်တိုဘာလ ပထမအပတ်လောက်မှာ ကျန်းမာရေး အခြေနေကြောင့် တာဝန်ခံနေရာကနေ အနားယူသွားခဲ့တာလို့ သိရပါတယ်။
ဒါ့ကြောင့် လက်ရှိလစ်လပ်နေတဲ့ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာအတွက် မြို့နယ်အတွင်းရှိနေတဲ့ ဌာနဆိုင်ရာတာဝန်ခံတွေကို ဘဲ ကိုယ်စာလှယ်လောင်းအဖြစ် သတ်မှတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အပါအဝင် ဌာနဆိုင်ရာအသီးသီးကပဲ မဲပေးရွေးချယ်ဖို့လုပ်ထားကြောင်း Indaw Revolution-IR က သတင်းထုတ်ပြန်ထား ပါတယ်။
“အုပ်ချုပ်ရေးတာဝန်ခံက ကျန်းမာရေးအခြေနေကြောင့်ထွက်သွားတာ ထွက်သွားပြီးတော့ ပအဖအုပ်ချုပ်ရေးတာဝန်ခံ အသစ်ရွေးမှာပေါ့။ ရွေးမယ်ဆိုတဲ့နေရာမှာ ပြည်သူလူထုရဲ့သဘောဆန္ဒမပါဘဲနဲ့ မဲပေးခွင့်လည်းမရဘူး လေ။ ခုသူတို့က ဌာနဆိုင်ရာအသီးသီးက အဲ့ဒီထဲကနေဘဲတာဝန်ခံကိုရွေးမယ် အုပ်ချုပ်ရေးနေရာတင်မယ်ပေါ့။ သူတို့ တာဝန်ခံအချင်းချင်းပဲမဲပေးရမှာပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။
ဒေသခံတွေဟာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာကို မိမိတို့ရဲ့ဆန္ဒနဲ့အညီမဲပေးရွေးချယ်လိုကြပြီး ဌာနဆိုင်ရာအသီးသီးမှာ ရှိနှင့်ပြီးသား တာဝန်ခံတွေကိုမြို့နယ်ပအဖတာဝန်ခံအဖြစ် ပြန်လည်ရွေးချယ်တာမဖြစ်သင့်ဘူးလို့ ဆိုကြပါတယ်။
အနားယူသွားတဲ့ အင်းတော်မြို့နယ်ပအဖတာဝန်ခံ ဦးနီတိုး (ခ) ဦးရွှေရ ဆိုသူဟာ စီးပွားရေးသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ တာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့တာလို့သိရပါတယ်။
ဒါပေမဲ့ ဒေသခံလူထုနဲ့တွေ့ဆုံဆက်ဆံတာလည်းမရှိသလို အင်းတော်မြို့သိမ်းတိုက်ပွဲကာလအတွင်း မြစ်ကြီးနား–မန္တလေးဗျူဟာ လမ်းပိုင်းပိတ်ထားချိန် ကွင်းလမ်းပိုင်းကိုခင်းဖို့အတွက် ခရီးသွားကားတွေကိုအခွန်အခသတ်မှတ်ကောက်ခံခဲ့ပေမဲ့ လမ်းလည်း မခင်းပေးခဲ့ကြောင်း ဒေသခံတွေကထောက်ပြပါတယ်။
“ပြည်သူလူထုအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ဘာတစ်ခုမှလုပ်ပေးတာမရှိဘူး။ အင်းတော်မြို့သိမ်းတုန်းက ကွင်းလမ်းမှာ ဒီလောက် ပြည်သူတွေအခက်အခဲဒုက္ခရောက်ကြတယ်။ ကွင်းလမ်းက ရဲဘော်တွေ၊ ဂိတ်စောင့်တွေ ပိုက်ဆံတွေ လမ်းကြေးဆိုပြီးကောက်ကြတယ်။ လမ်းပြင်ဖို့ကောက်တာ။ ပြီးရင်လမ်းလည်းမပြင်ပေးဘူး”လို့အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဒါ့ကြောင့် အင်းတော်မြို့နယ်ဒေသခံတွေဟာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာအတွက် မိမိတို့ရဲ့ဆန္ဒနဲ့အညီ မဲပေး ရွေးချယ်ခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။
အခုလို အင်းတော်မြို့နယ်ရဲ့လစ်လပ်သွားတဲ့မြို့နယ် ပအဖတာဝန်ခံနေရာရွေးချယ်ခြင်းနဲ့ပတ်သက်လို့ အမျိုးသားညီညွှတ်ရေးအစိုး ရ NUG က ချမှတ်ထားတဲ့မူဝါဒနဲ့ပတ်သက်လို့ NUG ဝန်ကြီးများရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ကို KNG က စာပို့ဆက်သွယ်မေး မြန်းထားပေမဲ့ တစ်စုံတစ်ရာအကြောင်းပြန်တာတော့မရှိသေးပါဘူး။
တစ်ဖက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUGက စစ်ကိုင်းတိုင်းထဲက ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ဒေသတွေမှာ အခွန်ငွေ အလွဲသုံးစားလုပ်တွေနဲ့ပတ်သက်ကာ ဖမ်းဆီးအရေးယူမှုတွေလုပ်လာနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကဆိုရင် ကနီမြို့နယ်က ပသုံးလုံးနဲ့သယံဇာတကော်မတီဝင် ၁၃ ဦးကို အခွန်အလွဲသုံးစားလုပ်မှုနဲ့ဖမ်းဆီး ထိန်းသိမ်းခဲ့သလို ကန့်ဘလူမြို့နယ်က အခွန်တော်အရာရှိနဲ့အဖွဲ့ဝင် ၇ ဦးကိုလည်း အခွန်အလွဲသုံးစားမှုတွေနဲ့ ဖမ်းဆီးအရေးယူ မှုတွေပြုလုပ်ခဲ့ပါတယ်။



