ရှိန်းခေါင်နဲ့ လန်ဆယ်ကြားက တံတားတွေဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံများသွားလာရေးအခက်ကြုံနေ
ပြည်သူ့စစ်အဖွဲ့ရဲ့ကာကင်းစခန်းတစ်ခုထပ်မံသိမ်းပိုက်
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲက ရှိန်းခေါင်နဲ့ လန်ဆယ်ကျေးရွာကိုဆက်သွယ်ထားတဲ့ တံတားအားလုံးဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ခေါင်လန်ဖူး၊ ရှိန်းခေါင်ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာချိန်ကစလို့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက အဲဒီလမ်းပိုင်းမှာရှိတဲ့ တံတားအားလုံးကို ပုဆိန်တွေနဲ့ ခုတ်ပြီး ဖျက်ဆီးထားတယ်လို့ဆိုပါတယ်။
“အဓိက လဟယ်ဆင်ကနေ ရှိန်းခေါင်ဘက်သွားလမ်းပေါ်က တံတားတွေအားလုံးကိုဖျက်ဆီးလိုက်တာဟုတ်တယ်။ ဒီဒေသမှာက ကား၊ဆိုင်ကယ်လမ်းမပေါက်ဘူး လူသွားလမ်းပဲရှိတယ်။ ဒေသခံတွေက ဒီလမ်းတံတားတွေကနေပဲ တစ်ရွာပြီးတစ်ရွာသွားကြတာ။ ဒီလမ်းတံတားတွေမရှိရင် ရွာခံတွေ လိုအပ်တာတွေ သွားယူဖို့၊ သွားဝယ်ဖို့ ခဲယဉ်းနေတယ်။” လို့ ရှိန်းခေါင်ဘက်က KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။
လန်ဆယ်ကနေ ရှိန်းခေါင်– ခေါင်လန်ဖူးဘက်သွားလမ်းတွေဟာ ဝေးလံခေါင်ဖျားလွန်းတဲ့အပြင် ကား၊ဆိုင်ကယ်လမ်းမရှိပဲ လူသွားလမ်းတစ်ခုတည်းသာရှိတယ်လို့ ဆိုပါတယ်။
ဒီလမ်းတွေဟာ ကျေးရွာတစ်ခုနဲ့ တစ်ခုကို ဆက်သွယ်ထားတဲ့လမ်းတွေဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ ချောင်းကူးကြိုးတံတား၊ ပျဉ်တံတားတွေဟာ ဒေသခံပြည်သူတွေအတွက် အရေးပါတဲ့တံတားတွေဖြစ်တာကြောင့် ကျေးရွာနေပြည်သူတွေက ဝိုင်းဝန်းပြီး ကိုယ်ထူကိုယ်ထနဲ့ တည်ဆောက်ထားတဲ့ ကြိုးတံတားတွေ များတယ်လို့ ဆိုပါတယ်။
အခုလို တံတားတွေကို ဖျက်ဆီးလိုက်ရတာဟာ KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်က ရှိန်းခေါင်၊ ခေါင်လန်ဖူးဘက် ဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ စစ်ရေးနိုင်ငံရေးကျွမ်းကျင်သူ ကချင်အမျိုးသားတစ်ဦးကလည်း အခုလို ပြောပါတယ်။
“အဓိက အခု ခေါင်လန်ဖူးဘက်မှာ ရွေးကောက်ပွဲကျင့်ပဖို့ရှိတာကြောင့် KIA တွေရဲ့ ထိုးစစ် ခေါင်လန်ဖူးဘက်ထိ မရောက်လာအောင် တော်တော်တားဆီး၊ တားမြစ်နေတဲ့အနေအထားရှိတယ်။ KIA ရဲ့ ထိုးစစ်အဲဘက်
ရောက်လာရင်တော့ သူတို့ရွေးကောက်ပွဲလည်း ပျက်လာနိုင်တယ်လေ။ ဒါကြောင့် ရှိရှိသမျှ လမ်းတံတားတွေ အားလုံးဖျက်ဆီးပြီး ဆုတ်ခွာသွားကြတာဖြစ်တယ်။” လို့ သုံးသပ်ပြောဆိုပါတယ်။
လတ်တလော လန်ဆယ်နဲ့ ရှိန်းခေါင်ကြားမှာ လက်ရှိ ပြည်သူ့စစ်နဲ့ စစ်တပ်တွေ ဖျက်ဆီးလိုက်တဲ့ တံတားပေါင်း ၆ ခု ရှိတယ်လို့ သိရပါတယ်။
ထဖုန်ကျေးရွာ ၊ နမ်ချိန်၊ ငဂျာလရွာ၊ မတ်ခွာမိ( Mahkwa Mi) ရွာ နဲ့ ရှီလာန်ဒမ်းကျေးရွာ စတဲ့ထဲက ကြိုးတံတားတွေ ဖျက်ဆီးခံထားရတာဖြစ်ပြီး လက်ရှိ ပြည်သူ့စစ်တွေဖျက်ဆီးထားတဲ့ လမ်းတံတားတွေကို KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ လိုက်လံပြင်ဆင်ပြီး တံတားပြုလုပ်နေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အဓိက လန်ဆယ်အထက် အဲဒီကျေးရွာတွေထဲက ဒေသခံတွေဟာ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အစားအသောက်၊ ပစ္စည်းတွေကို လန်ဆယ်ဘက်ဆင်းပြီး သွားဝယ်ယူလျက်ရှိပေမယ့် ခုလိုလမ်းတံတားတွေဖျက်ဆီးခံထားရတာကြောင့် လမ်းသွားလမ်းလာ အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။
ခေါင်လန်ဖူးမြို့နယ် တရုတ်နယ်စပ်ဘက် ရှိန်းခေါင်ဘက်ကို လက်ရှိ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတာဖြစ်ပြီး ရှိန်းခေါင်မရောက်ခင် နယ်စပ်မှတ်တိုင် (၃၀) နယ်မြေမှာ နိုဝင်ဘာလ ၁၀ ရက် ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့ မနေ့ကလည်း ရှိန်းခေါင်ဒေသဘက် နယ်စပ်မှတ်တိုင် (၃၀) ရှိ ဟဲဇတိ (He Zeti) ကျေးရွာက ပြည်သူ့စစ်နဲ့ စစ်တပ်စခန်း ကာကင်း ၁ ခုကို KIA ဘက်က ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ်တပ်တွေက လန်ဆယ်ကို ပြန်လည်သိမ်းပိုက်ဖို့ KIA ရှိရာ လန်ဟီဆင်တောင်ကုန်းပေါ်ကို ထိုးစစ်ဆင်လာခဲ့ပေမဲ့ တိုက်ပွဲအရေးနိမ့်ခဲ့တာကြောင့် နောက်ဆုတ်လိုက်ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ KIA ဘက်က ရှိန်းခေါင်ဘက်ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ပြည်သူ့စစ်နဲ့ စစ်တပ်က ခံစစ်နဲ့ ခုခံနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ နဲ့ နိုဝင်ဘာလဆန်းအတွင်း လန်ဆယ် နဲ့ ရှိန်းခေါင်ကြားက စစ်တပ်နဲ့ ပြည်သူ့စစ်စခန်း ၄ ခု ထက်မနည်းကို KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။
By – ဂျာဘောက်ရာ



