သတင်း

ပူတာအိုမှာ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး  ကျပ်သိန်း ၄၀၀ ဝန်းကျင်ပါသွား

ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ မနေ့ည ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၄၀၀ ကျော်ပါသွားတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်ထဲမှာ နိုဝင်ဘာလ ၉ ရက် မနေ့က ည ၈ နာရီတိတိအချိန်မှာ SK အမိန့်ရအပေါင်ဆိုင် ဓားပြတိုက်ခံလိုက်ရပြီး ကျပ်သိန်း ၄၀၀ ခန့်ပါသွားကြောင်းဖြစ်စဥ်သိတဲ့ မြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

မြို့လယ်ခေါင် လမ်းမကြီးဘေးကအပေါင်ဆိုင်ဟုတ်တယ် သူ့ဘေးမှာအိမ်တွေ ကုန်စုံဆိုင်တွေရှိတယ်။ အဲ့တာကိုဝင်တိုက်သွားတာ လူငယ်ခြောက်ယောက်တဲ့ ပိုက်ဆံ ၃၈၀ လောက်ပါသွားတယ်တဲ့ ရွှေကတော့သူတို့သိမ်းဆည်းထားပြီမလို့မပါသွားဘူးလို့သူကပြောပါတယ်။

ဓားပြလာတိုက်တဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်အမျိုးသားတွေလို့သိရပြီး ဓားတွေကိုင်ဆောင်ကာ ရုပ်ဖျက်ထားကြောင်းသိရပါတယ်။

အဲ့ဆိုင်က စာရေးမကိုဓားထောက်ပြီးခြိမ်းခြောက်တယ်ပြောတယ်။ခေါင်းမှာလည်းရိုက်နှက်သွားသေးတယ်တဲ့။ တော်တော်အတင့်ရဲတဲ့အဖွဲ့ပြောရမယ် ဘာမှမကြောက်တဲ့ပုံစံနဲ့ဝင်လာပြီးတိုက်သွားတာတဲ့လို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။

ဓားပြတိုက်ခံလိုက်ရတဲ့ဆိုင်ဟာ အပေါင်ပစ္စည်းလက်ခံတာ၊ရွေဝယ်တာတွေအပြင် Starlink Wifi ဆိုင်လည်းတွဲဖွင့်ထားကြောင်းသိရပါတယ်။

အပေါင်ဆိုင်ပိုင်ရှင်က အမှုဖွင့်ထားကြောင်းသိရပြီး ပြစ်မှူကျူးလွန်သူတွေကိုဒီကနေ့အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။

စစ်အာဏာမသိမ်းခင်က ပူတာအိုဒေသမှာ ဓားပြမှု၊ လုယက်မှု၊ မဒိန်းမှုတွေမရှိသလောက်နည်းပါးပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ မဒိန်းမှု၊လုယက်မှုနဲ့ ဓားပြတိုက်ခံရမှုတွေဟာ ခပ်စိပ်စိပ်ဖြစ်လာပြီး သက်ဆိုင်ရာရဲစခန်းတွေကလည်း ထိရောက်တဲ့ဖမ်းဆီးအရေးယူမှုတွေမလုပ်ဆောင်နိုင်ကြဘူးလို့‌ ဒေသေခံတွေကဆိုပါတယ်။

ပူတာအိုမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ လတုန်းကလည်း ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ဓားလုယက်ခံရပြီး ငွေကျပ်သိန်း နှစ်သောင်းကျော်တန်ဖိုးရှိရွှေထည်ပစ္စည်းတွေပါသွားကြောင်းသိရပါတယ်။

ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်လုယက်ခံရမှုကို ပူတာအိုမြို့မရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် ဒီကနေ့အထိ တစ်စုံတစ်ရာဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button