တိုက်ပွဲသတင်း

ရဲတပ်သားအပါ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ထိခိုက်မှုရှိနေ

တိုက်ပွဲဖြစ်တဲ့ နှစ်ရက်အတွင်း အရပ်သားပြည်သူ ၂ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ

ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်သားတွေဝင်ရောက်လာတဲ့ လမ်းကြောင်းတစ်လျှောက် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မိုင်းဆွဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ကားတစ်ချို့ ထိခိုက်ပျက်စီးသွားတဲ့အပြင် သေဆုံးမှုတွေလည်းရှိတယ်လို့ သိရပါတယ်။

ကားမိုင်း – နန့်ယားလမ်းအတိုင်း တက်လာတဲ့ စစ်ကြောင်းတွေ ဖားကန့်အဝင် လုံးခင်းနဲ့ မှော်ဆီစာကျေးရွာ မိန်းလမ်းမတစ်လျှောက် တိုက်ခိုက်ခံရကာ ကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်စဉ်မှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။

တစ်နေရာထဲမှာပဲ တိုက်ပွဲဖြစ်နေတဲ့ပုံစံမျိုးမဟုတ်ဘူး။ မိုင်းဆွဲတိုက်ခိုက်တာက လမ်းဆုံ၊ လမ်းတောင့်နေရာတွေမှာ မနေ့ကနေ ဒီကနေ့အထိ တောက်လျှောက်ခွဲနေတာ။ ဟိုနားကွဲလိုက် ဒီနားကွဲဖြစ်နေတာပေါ့လေ။ ထိခိုက်နိုင်ခြေရှိတဲ့ နေရာတွေမှာ လိုက်ခွဲနေတယ်လို့ပြောရမယ်။ တစ်နေရာတည်းမှာပဲ ဆုံပြီး တိုက်ခိုက်နေကြတဲ့ အနေအထားလည်းမဟုတ်ဘူး။ လောလောဆယ်ဖြစ်တာက လုံးခင်း၊ မှော်ဆီစာ တစ်ကြောက အကုန်ကွဲတာလို့ပြောပါတယ်။

လုံးခင်း၊ မှော်ဆီစာထဲမှာ ဖားကန့်ထဲမှာရှိနေတဲ့ စစ်ကြောင်းတွေသွားလာလှုပ်ရှားနေသလို ကားမိုင်း – နန့်ယားလမ်းအတိုင်းတက်လာတဲ့ စစ်ကြောင်းတွေ နိုဝင်ဘာလ  ရက်နေ့ ဝင်ရောက်လာတာကြောင့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့  ၁၁ နာရီဝန်းကျင်လောက်မှာ မှော်ဆီစာကျေးရွာ မိန်းလမ်းမကြီး လမ်းဆုံနေရာမှာ စစ်ကားတစ်ချို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိခဲ့တဲ့ တပ်သားတွေကို အရပ်သားကားတွေကို ချောဆွဲပြီး သယ်ယူသွားတာရှိတယ်လို့ သတင်းအရင်းအမြစ်တွေပြောပါတယ်။

ဒါ့အပြင် မှော်ဆီစာနဲ့ ဖားကန့်သွားတဲ့ လမ်းမကြီးပေါ်မှာ ကချင်နှစ်ခြင်းခရစ်ယန် KBC ဘုရားကျောင်းအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားပြည်သူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးထဲကနေ တစ်ဦးက သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာလ  ရက်နေ့မှာလည်း စစ်ကြောင်းတွေဝင်ရောက်လာချိန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီယာဉ်တန်း ကပ်လိုက်လာတဲ့ အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ပါတယ်။

ဖားကန့်မှာ တိုက်ပွဲငြိမ်သက်သွားတာ နှစ်ပတ်ဝန်းကျင်ခန့်အကြာမှာ စစ်ကောင်စီတပ်ဘက်ကနေ ရဲတပ်သားတွေအပါ စစ်ကြောင်းပြန်တက်လာသလို လုံးခင်း၊ မှော်ဆီစာတစ်လျှောက် စစ်ရေးလှုပ်ရှားလာတာကြောင့် ပစ်ခတ် ပေါက်ကွဲမှုတွေ ထပ်မံဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်အင်အားတိုးချဲ့လာတဲ့အပြင် စစ်ရေးလှုပ်ရှားလာတာနဲ့ ပတ်သက်ပြီး ဖားကန့်ပြည်သူတစ်ဦးက ကျနော်တို့ကြားတဲ့သတင်းက စစ်တပ်က ရွေးကောက်ပွဲအတွက် အာရုံစိုက်ဖို့ လုံခြုံရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့  နောက်တစ်ခုထပ်ကြားတာက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လှုံ့ဆော်တဲ့ တော်လှန်ရေးဘက်ပါတဲ့သူတွေကို ဖမ်းဆီးဖို့ အဲအထိပါတယ်လို့ကြားပါတယ်။ ဒါကြောင့် အခုက ပြန်ပြီး လုပ်ဆောင်လာတာဖြစ်နိုင်တယ်လို့ပြောပါတယ်။

ဖားကန့်ပြည်သူတွေပြောဆိုချက်အရ ပြီးခဲ့တဲ့ မေလကတည်းကနေ ပြန်ပြီးထိန်းချုပ်ထားနိုင်တဲ့ ဖားကန့်မြို့အပါ လုံးခင်း၊ မှော်ဆီစာ စတဲ့နေရာတွေမှာ လုံးခြုံရေးတင်းကြပ်နိုင်ဖို့အတွက် စစ်ရေးလှုပ်ရှားလာတာဖြစ်တယ်လို့ပြောပါတယ်။

နိုဝင်ဘာလ  ရက်နေ့ ရဲတပ်သား ၃၀ ခန့် အပါ စစ်ကြောင်းတွေ လုံးခင်း၊ မှော်ဆီစာထဲကို ဝင်ရောက်လာချိန်မှာလည်း အရပ်သားနေအိမ်တွေတစ်ခုပြီးတစ်ခု ဝင်ရောက်စစ်ဆေး၊ ဖမ်းဆီးတာတွေလည်းလုပ်ဆောင်ခဲ့တယ်လို့ ဆက်သိရပါတယ်။

စစ်ကောင်စီတပ် နဲ့ ရဲတပ်ရင်း ၃၀ ဝင်လာတာက တစ်ရက်ကဟုတ်တယ်။ ဝင်လာတဲ့ နန့်ယားဘက်ခြမ်းမှာလည်း တိုက်ပွဲအနည်းအကျဉ်းဖြစ်ပါတယ်။ ဒါပေမယ့် ဖားကန့်ကိုတော့ အင်းအားတော်တော်များများရောက်ခဲ့ကြတယ်။ ရောက်လာတဲ့အခါမှာလည်း လုံးခင်းမှော်ဆီစာ နမ့်မဖြစ်၊ မှော်ဝမ်း၊ နေရာယူတပ်ဖြန့်လာတာတွေ့ရတယ်။ အဲ့ဒါကြောင့်လည်း တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်တာတွေလုပ်တယ်။ စစ်ကောင်စီတပ်ယာဉ်တန်း ကပ်ပါလာတဲ့ ပြည်သူတစ်ချို့ကထိသွားတာတွေလည်းရှိတယ်။ ပြည်သူတွေအတွက်တော့ စိုးရိမ်စရာလေးတော့ရှိနေပါတယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စစ်တပ်က လုံးခင်း၊ မှော်ဆီစာတစ်လျှောက်မှာ တပ်ဖြန့်နေရာယူထားပြီး စစ်ဆေး၊ ဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်လာနိုင်တဲ့အတွက် ပြည်သူတွေ သွားလာရေးဂရုစိုက်ဖို့အတွက်လည်း ဖားကန့် KPDF က သတိပေးပြောဆိုထားပါတယ်။

ယခုတစ်ခေါက် စစ်တပ်ရဲ့ ဖားကန့်ကို စစ်အင်အားဖြည့်တင်းလာတဲ့ထဲမှာ တပ်မ ၉၉ နဲ့ တိုက်ခိုက်ရေးရဲတွေပါ ပါဝင်လာတဲ့အတွက် စစ်တပ်ဟာ ဖားကန့်ဒေသကို စစ်ဆေးရေး၊ ဖမ်းဆီးရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့နဲ့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို တန်ပြန်ထိုးစစ်ပြန်လုပ်ဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ၊ မေလကတည်းကနေ ဖားကန့် မှော်ဆီစာကျေးရွာ ဘုရားကုန်းနေရာနဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံနေရာတွေမှာ တပ်စွဲထားတဲ့ စစ်အင်အား တစ်ချို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့နောက်ပိုင်း ဖားကန့်ထဲကနေ ကားမိုင်း – နန့်ယားကျေးရွာဘက်ကို တပ်ဆုတ်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်တွေဟာ တပ်ဆုတ်သွားတာ နှစ်ပတ်ကျော်အတွင်းမှာပဲ အခုလို ရဲတပ်သားတွေအပါ စစ်အင်အားအများအပြားနဲ့ ပြန်လည်ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

ဖားကန့်ပြည်သူတစ်ချို့ရဲ့ ပြောဆိုချက်အရ အောက်တိုဘာလအတွင်းမှာပဲ ဖားကန့် တပ်မမှူးအပြောင်းအလှဲထပ်မံလုပ်လိုက်ပြီး တပ်သားတစ်ချို့ကိုပါ ချိန်းလိုက်တာဖြစ်နိုင်တယ်လို့ပြောဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button