ကသည်းလက်နက်အဖွဲ့ နာဂဒေသထဲဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေ
အိန္ဒိယနိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ ကသည်းလက်နက်ကိုင်အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေထဲကို ဝင်ရောက်ဖို့ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
မဏီပူပြည်နယ်မှာအခြေစိုက်ထားတဲ့ ကသည်း(Meitei) လူမျိုးစုအခြေပြုလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကသည်းလက်ကိုင်အဖွဲ့ဟာ နိုဝင်ဘာလန်ဆန်းပိုင်းကနေစပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲကို ဝင်ရောက်ဖို့ချဥ်းကပ်လာ နေပြီး လက်ရှိ လေရှီးအနောက်ဘက်ခြမ်းရောက်နေပြီလို့ လေရှီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“သူတို့အင်အား တစ်ရာကျော်တယ်ပြောတယ်။ လေရှီးအနောက်ခြမ်း ဆွမ္မရာဘက်ကနေဝင်လာတာ နယ်စပ်ထဲရောက်နေပြီတဲ့ အခြေအနေကတော့တင်းမာနေတယ်။ အဲ့ဘက်က NSCN-K နှစ်ဖွဲ့စလုံးရှိတော့သူတို့နဲ့တိုက်ပွဲ ကအချိန်မရွေးထဖြစ်နိုင်တယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဲ့ဒီကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်ဟာ အင်အား ၁၀၀ ဝန်းကျင်သုံးပြီး နိုဝင်ဘာ ၅ ရက်နေ့ကစလို့စစ်ကိုင်းတိုင်း၊တမူးမြို့ဘက်ကနေတဆင့် လေရှီးမြို့ နယ်၊ဆွမ္မရာမြို့ထဲဝင်ရောက်လာကာ နိုင်ဝင်ဘာလ ၉ ရက်နေ့ မနေ့ကအထိတော့ ဆွမ္မရာချောင်းတစ်ဖက်ကမ်းအထိ ရောက်နေပြီလို့သိရပါတယ်။
ကသည်းအဖွဲ့တွေ ခုလိုစိမ့်ဝင်လာနေတဲ့သတင်းကြောင့် နာဂလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ NSCN(အန်းမိုင်း)အဖွဲ့နဲ့ NSCN-K (ယုန်းအောင်)အဖွဲ့တွေက ဆွမ္မရာမြို့အထွက် နယ်စပ်တကြောမှာ စစ်အင်အားအလုံးအရင်းချထားတာကြောင့် တိုက်ပွဲဖြစ်လာမည်ကိုဒေသခံများစိုးရိမ်နေရကြောင်း နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
“ဒီဘက် NSCN-K အဖွဲ့တွေလည်း ဆွမ္မရာချောင်းဒီဘက်ကနေစောင့်နေကြတယ် ကျော်လာရင်တော့ပစ်ဖို့အဆင်သင့်အနေအထားပဲ။ဘယ်လိုဖြစ်လာမလဲတော့မသိသေးဘူးဒေသခံတွေကတော့စိုးရိမ်တာပေါ့တိုက်ပွဲ ဖြစ်လာမှာလည်းမလိုလာဘူး”လို့သူကဆက်ပြောပါတယ်။
ကသည်းလက်နက်ကိုင်အဖွဲ့နဲ့ NSCN-Kအဖွဲ့တွေအကြား စစ်ရေးတင်းမာနေတာကြောင့် ဆွမ္မရာမြို့အနီးတဝိုက်ကျေးရွာနေပြည်သူတချို့ကြိုတင်တိမ်းရှာင်ရတာတွေလည်းရှိတယ်လို့သိရပါတယ်။
ဒေသခံတွေသုံးသပ်ချက်အရ အဲ့ဒီကကည်းလက်နက်ကိုင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီတပ်တွေတပ်ဆုတ်စွန့်ခွာခဲ့တဲ့ပန်ဆပ်ကျေးရွာအနီးက စခန်းကုန်းမှာတပ်စွဲဖို့ဝင်ရောက်လာတာဖြစ်နိုင်တယ်လို့ သုံးသပ် နေကြပေမယ့် အသေးစိတ်သိရဖို့ KNG က ကြိုးစားနေဆဲဖြစ်ပါတယ်။
လက်ရှိ ကသည်းလက်နက်ကိုင်တွေ စိမ့်ဝင်လာနေတဲ့ ဆွမ္မရာမြို့ဟာ အိန္ဒိယ–မြန်မာနယ်စပ်ရှိ မြန်မာဘက်ခြမ်းက အစွန်ဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။
ကသည်းလက်နက်ကိုင်တွေဟာ နာဂဒေသထဲစိမ့်ဝင်လာရုံမကပဲ ပြီးခဲ့တဲ့ ၂၀၂၃၊ ၂၀၂၅ ခုနှစ်တွေမှာလည်း တမူးမြို့နယ်ထဲ တော်လှန် ရေးတပ်ဖွဲ့တွေနဲ့မကြာခနထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိတဲ့အဖွဲ့ဖြစ်ပါတယ်။
ဒါ့အပြင် ကသည်းလက်နက်ကိုင်အဖွဲ့ဟာ အိန္ဒိယနိုင်ငံ မဏိီပူပြည်နယ်မှာအခြေစိုက်ထားပေမယ့် အိန္ဒယအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားတဲ့အဖွဲ့ဖြစ်ပါတယ်။
By – Zaw Zaw



