ပွဲခင်းထဲ လျှောက်လည်နေတဲ့ အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ပွဲလမ်းသဘင် တစ်ခုမှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၁၀ ရက် မနေ့ည ၁၁ နာရီဝန်းကျင်အချိန် ယုဇနရပ်ကွက် ဘုန်းကြီးကျောင်းထီးတင်ပွဲကျင်းပနေတဲ့ ကျောင်းဝန်းအပြင် ပွဲစျေးတန်းရှေ့မှာ အမည်မသိ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
သေနတ်ပစ်သတ်ခံလိုက်ရတဲ့ အမျိုးသားရဲ့ နာမည်ကို သေချာမသိရှိရပေပေမယ့်လည်း အသက်အရွယ်ကတော့ ခန့်မှန်းချေ ၃၀ ပတ်ချာလည်လောက်ရှိပြီး ဦးခေါင်း ဘယ်ဘက်နားအောက် ဒဏ်ရာကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းရဲ့အဖွဲ့ဝင်တစ်ဦးက ခုလို ပြောပြပါတယ်။
“ကျွန်တော်တို့ သွားတဲ့အခါကြတော့ အဲမှာဘယ်သူမှ မရှိတော့ဘူး။ ဖြစ်စဉ်မြင်တဲ့ သူကိုကျတော့ ကျွန်တော်တို့ မသိလိုက်ရဘူး။ အကုန်လုံး ရုန်းရင်းဆန်ခတ်နဲ့ ထွက်ပြေးတဲ့သူကပြေးဖြစ်နေကြပြီ”လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားကိုတော့ ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်လိုက်ပြီ ဖြစ်ပေမယ့် ပြစ်မှုကျူးလွန်သူကိုတော့ လက်ရှိချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံထားရတဲ့ ဒဏ်ရာနဲ့ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၃၁ ရက် ဒီမနက် ၇ နာရီ ၁၅ ဝန်းကျင်အချိန် ရွှေညောင်ပင်ရပ်ကွက်မှာ ဓားဒဏ်ရာ ၁၀ ချက်ဝန်းကျင်နဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရပြီး ဩဂုတ်လ ၂၉ ရက် ညနေ ၂ နာရီဝန်းကျင်အချိန် ဂျန်မိုင်ကောင် ရပ်ကွက် နယ်မြေ (၁၂)မှာလည်း သူငယ်ချင်းနှစ်ဦး ရန်ဖြစ်ရာကနေ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
တစ်ဖက်မှာလည်း ခုလို သတ်ဖြတ်ခံရမှုတွေ မကြာခဏ ဖြစ်ပွားနေပေမယ့်လည်း တာဝန်ရှိသူတွေကနေပြီးတော့ သေချာ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိနေတဲ့အတွက် မြစ်ကြီးနားပြည်သူတွေအနေနဲ့ သွားရေးလာရေး ပိုမိုခက်ခဲလာပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာဘဲ ဖြစ်ပါတယ်။
By – Hope



