လိင်စိတ်ခံယူချက်ပေါ် မူတည်နေတဲ့ခွဲခြားဆက်ဆံခြင်းပြသာနာ
ကျနော်တို့လူမှုအသိုင်းအဝိုင်းမှာ များသောအားဖြင့် လုပ်ငန်းခွင်တွေမှာ အလုပ်တာဝန်နဲ့ ရာထူးတွေကို Gender ဆိုတဲ့ ကျား၊ မ၊ လိင်စိတ်ခံယူချက်ပေါ် မူတည်ပြီး ဆုံးဖြတ်လေ့ရှိတယ်လို့ Gender အခွင့်အရေးနဲ့ ပက်သက်ပြီး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
များသောအားဖြင့် Gender ပေါ်အခြေခံပြီး သတ်မှတ်ထားတဲ့ အလုပ်တွေကတော့ အမျိုးသမီးတွေကို စာရေးမ၊ ကျောင်းဆရာမ၊ ဈေးသည်မ၊ စာရင်းကိုင်၊ သူနာပြု စတဲ့ အလုပ်အကိုင် နေရာတွေမှာ ပို တွေ့ရတတ်ပြီး အမျိုးသားတွေကိုတော့ ဒါရိုက်တာ၊ ဒေါက်တာ၊ ကျောင်းအုပ်ကြီး၊ ဝန်ကြီး ၊ သမ္မတ၊ ဥက္ကဌ စတဲ့ မြင့်မားတဲ့ ရာထူး အလုပ်အကိုင်တွေမှာ များသောအားဖြင့် တွေ့ရတယ်လို့ ဆိုကြပါတယ်။
ဒါတင်မကဘဲ လိင်စိတ်ကွဲပြားတဲ့သူတွေကို တခြားအလုပ်အကိုင်တွေထက် မိတ်ကပ်ဆရာ၊ ဝတ်စုံ ဒီဇိုင်းနာ စတဲ့ အလှအပနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်သူတွေကို သတ်မှတ်ထားကြပြီး ယောက်ကလျာတွေကိုတော့ ဘောလုံး၊ ဘောလီဘောကစားတဲ့ အားကစားသမားတွေအနေနဲ့သာ ပို မြင်တွေ့လေ့ရှိတယ်လို့ သိရပါတယ်။
ဒီလို Gender ပေါ်မှာ အခြေခံပြီးမှ လုပ်ငန်းတာဝန်ခွဲခြားမှုတွေနဲ့ လုပ်ခလစာ ကွဲပြားမှုတွေဟာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာ ဖြစ်နေတာမျိုးမဟုတ်ဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်နေတာ ဖြစ်တယ်လို့ သိရပြီး LGBTQIလို့ခေါ်တဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေကိုတော့ နှစ်ဆ ခွဲခြားဆက်ဆံမှုတွေနဲ့ ကြုံတွေ့ရတယ်လို့ Gender Equality Networkရဲ့ ဒါရိုက်တာ ဖြစ်သူ ဆရာမ May Sabe Phyuက ခုလိုပြောပါတယ်။
“များသောအားဖြင့် lgbtqi community က လူတွေကိုဆိုရင် လုပ်ငန်းခွင်တွေက သိပ်ပြီးတော့ welcome မဖြစ်ကြဘူးပေါ့နော။ ဥပမာ သူတို့ရဲ့ gender ဖြစ်တည်မှုကို သူတို့ဘက်က ပွင့်ပွင့်လင်းလင်းမဖော်ပြဘူးဆိုရင် ပြဿနာမရှိဘူးဆိုပေမယ့်လည်း ပွင့်ပွင့်လင်းလင်း ဖော်ပြတဲ့အခါမှာ ဒီလိုလုပ်ငန်းခွင်တွေမှာ သူတို့နဲ့ သင့်တော်ပါ့မလား။ ဒီတာဝန်တွေကို ယူနိုင်ပါ့မလားဆိုတဲ့ အမြင်တွေ ထင်မြင်ယူဆချက်တွေ အဲတာတွေက ရှိတတ်တယ်” လို့ ဆိုပါတယ်။

အလားတူ အစိုးရဌာနတွေမှာ ရာထူးတိုးတာ၊ ပညာတောသင်သွား ဖို့အတွက် လူတွေရွေးချယ်တဲ့မျိုးတွေမှာလည်း အမျိုးသမီးတွေထက် အမျိုးသားတွေကို ပိုမိုရွေးချယ်လေ့ ရှိကြတယ်လို့ ဆိုပါတယ်။
ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုပြီးနောက် ကလေးမွေး၊ အိမ်မှုကိစ္စတွေကို အဓိက လုပ်ဆောင်သွားရမယ့်သူတွေလို့ ထင်မြင်ယူဆထားကြတာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။
နောက်ဆက်တွဲအနေနဲ့ မူဝါဒနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာတွေမှာ အမျိုးသမီးတွေ နေရာရရှိမှု မရှိသလောက်ဖြစ်သွားပြီး အမျိုးသားတွေသာ နေရာပိုရလာကြတဲ့အတွက် လုပ်ငန်းခွင်တွင်းချမှတ်တဲ့ မူဝါဒတွေ စည်မျဉ်းတွေဟာ တစ်ဦးတစ်ယောက်ချင်းစီအတွက် မညီမျှမှုတွေ ဖိနှိပ်အနိုင်ကျင့်မှုတွေကို ဖြစ်လာစေတာတယ်လို့ ဆိုပါတယ်။
ဒီအပေါ်မှာ Environmental Advocate လည်း ဖြစ်သလို Htoi Gender Development Foundationရဲ့ Technical Advisorလည်း ဖြစ်တဲ့ ဆရာ ဇုန်းတိန့်ကတော့ ကချင်အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေက စစ်ရှောင်ကဏ္ဍ၊ နဲ့ ဧည်ကြို ဧည့်ခံတဲ့ အပိုင်းတွေမှာသာ ပိုများနေတာကို တွေ့ရပြီး မူဝါဒချမှတ်တဲ့ နေရာတွေမှာတော့ မတွေ့ရဘူးလို့ ခုလို သုံးသပ်ပြောဆိုပါတယ်။
“ပိုပြီးမှတော့ အမျိုးသမီးတွေအတွက် ဒီလိုအရာတွေ ဖြစ်တတ်တယ်ဆိုတာကို ဖြည့်တွေးပေးပြီး ပေါ်လစီတွေမှာ ထည့်ပေးမှ အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်မှာ။ တကယ်ဆိုရင် ပညာရှင်တွေ သုတေတနလုပ်ထားတဲ့အရာတွေကို လေ့လာကြည့်တဲ့အချိန် ယောင်္ကျား မိန်းမတွေရဲ့ အစွမ်းအစတွေကို ပိုင်းခြားကြည့်လို့ရှိရင် အမျိုးသမီးတွေက မတူတဲ့ခွဲခြားစီမံနိုင်တဲ့ အစွမ်းအစတွေ ရှိနေတာကို တွေ့နေရပါတယ်”လို့ ဆိုပါတယ်။
ဒါကြောင့် တစ်မျိုးသားလုံးရဲ့ ကြီးပွားတိုးတက်မဲ့နေရာတွေ ဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘာသာရေး နေရာတိုင်းမှာ ပါဝင်ဆပ်ကပ်နေတဲ့ အမျိုးသမီးတွေကို အုပ်ချုပ်တဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ မူဝါဒတွေ ချမှတ်တဲ့ နေရာတွေမှာ ပါဝင်ခွင့် ပြုလိုက်ပါက မတူညီတဲ့ အတွေးအမြင်သစ်တွေနဲ့ ရလဒ်ကောင်းတွေ ရရှိလာမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း ဒီနောက်ပိုင်း လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေနဲ့ လိင်စိတ်ကွဲပြားတဲ့သူတွေကို သူတို့ရဲ့ ဖြစ်တည်မှု ခံယူမှုတွေကြောင့် အတင်းအဖျင်းပြောပြီး ဖယ်ကျဉ်တာ၊ အလုပ်တွေ ဖိခိုင်းတာ၊ အရည်အချင်းရှိရက်နဲ့ ရာထူးမတိုးပေးတာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေ ပြုလုပ်လာတာကို ပိုမို တွေ့ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ကျူးလွန်သူတွေကို အရေးယူတဲ့အပိုင်းနဲ့ ကျူးလွန်ခံရတဲ့သူတွေအတွက် တရားမျှတမှုတွေရရှိအောင် လုပ်ဆောင်တဲ့ နေရာတွေမှာ အားနည်းနေသေးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ကချင်လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးတွေကို ဘာသာရေးအရ ယဉ်ကျေးမှုအရကော အမျိုးသားတွေထက် တစ်ဆင့်နိမ့်တဲ့ နေရာမှာ ထားထားရုံသာမက အမျိုးသမီးတွေကို လုပ်ငန်းခွင်တွေထက် အိမ်မှုကိစ္စတော်တဲ့ အိမ်ရှင်မအဖြစ်သာ မြင်တွေ့လိုကြတာ ဖြစ်ပါတယ်။
ဒါကြောင့် လုပ်ငန်းခွင်တွင်း ဖိနှိပ်မှုတွေ ကြုံတွေ့လာရတဲ့အခါ အရပ်ဘက် အဖွဲ့အစည်းတွေကလွဲပြီး အသံထွက်ပေါ်မှုတွေက လျော့နည်းနေတာကို မြင်တွေ့နေရတယ်လို့ Gender Equality Networkရဲ့ ဒါရိုက်တာ ဖြစ်သူ ဆရာမ May Sabe Phyuက ခုလို ဆက်ပြောပါတယ်။
“အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေအပေါ်မှာ အကြမ်းဖက် နှိပ်စက်ခံရမှုတွေက ဒီကနေ့ထက်ထိ တကယ်ဘဲ ထိရောက်တဲ့ အရေးယူမှုတွေကို မလုပ်နိုင်နေသေးဘူးလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာကြီးက လူများစုက တာတွေကို လက်ခံထားတဲ့အတွက်ကြောင့် ဖြစ်တယ်။ လျစ်လျူရှုထားတဲ့အတွက်ကြောင့် ဖြစ်တယ်။ဥပစ်ခါ ပြုထားတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒါဟာသူတို့နဲ့ ထိုက်တန်တယ်လို့ ယူဆထားတဲ့အတွက်ကြောင့် ဖြစ်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် များသောအားဖြင့် ဒီဥပဒေကို ရေးဆွဲတဲ့သူတွေနဲ့ အတည်ပြုပြဌာန်းတဲ့သူတွေက အမျိုးသားတွေ ဖြစ်တယ့်အခါမှာ Gerder ရှုထောင့် တွေ အမြင်တွေနဲ့ စဉ်းစားနိုင်တာကို အင်မတန်မ အားနည်းတာကို တွေ့ရတယ်လို့ ဆက်ပြောပါတယ်။
ဒီလို ဥပဒေက လျှော့တိ လျှော့ရဲ မှုတွေကြောင့် Gender ပေါ် အခြေခံတဲ့ ဖိနှိပ်အနိုင်ကျင့်မှုတွေကို သေချာ အရေးယူမှုတွေ မပြုလုပ်နိုင်တဲ့အခါ ကျူးလွန်သူတွေကို ပိုပြီးအားပေးအားမြောက်ရာ ရောက်စေသလို ကျူးလွန်ခံရသူတွေလည်း တစ်နေ့တခြား ပိုမိုများပြားလာစေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းဟာ နိမ့်ကျတဲ့ ပညာရေးစနစ်ကနေ ပညာသင်ကြားခဲ့ရသူတွေ ဖြစ်တဲ့အတွက် လူ့အခွင့်အရေးနဲ့ ပက်သက်ပြီးတော့လည်း အသိပညာဖွံ့ဖြိုးမှုတွေလည်း နိမ့်ကျနေသေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း လူ့အခွင့်အရေးနဲ့ လှုပ်ရှားသူတွေအနေနဲ့ကတော့ လုပ်ငန်းခွင်တွင်း မိန်းမဖြစ်ဖြစ်၊ ယောက်ကျားဖြစ်ဖြစ်၊ လိင်စိတ်ကွဲပြားသူဖြစ်ဖြစ် ဖိနှိပ်ချုပ်ချယ်မှုတွေမရှိအောင် ကျူးလွန်သူတွေကို တက်နိုင်သလောက် အရေးယူတာတွေ၊ ကျူးလွန်မှုတွေ လျော့နည်း ပပျောက်လာအောင် ကာကွယ်မှုတွေ အသိပညာပေးမှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်လို့ ခုလိုဆက်ပြောပါတယ်။
”ပြောနေသ၍က လုပ်နေသ၍တောင်မှ တိုးတက်ပြောင်းလဲမှုတွေ မရှိတာဖြစ်တဲ့အတွက် ကျွန်မတို့တွေက ပိုပိုပြီးမှ ကိုယ့်မှာ အသက်အန္တရယ်ရှိတာ ဖြစ်ရင်တောင်မှ ကျွန်မတို့တွေက ဒါတွေကို မမှုဘဲနဲ့ ဒီလို အသိပညာပေး တွေကို ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ထင်တယ်”လို့ ဆိုပါတယ်။
လုပ်ငန်းခွင်တွင်း ရာထူးတိုးတာ၊ ပညာတော်သင် သွားတာ၊ လုပ်ခလစာတွေကအစ Gender အခြေခံဆုံးဖြတ်တာမျိုး မလုပ်ဘဲ အရည်အချင်းပေါ်မူတည်ပြီး သာတူညီမျှမှုရှိစွာ လုပ်ဆောင်နိုင်ပါက နောင်တစ်ချိန်မှာ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်လည်း အရောင်စုံလင်စွာနဲ့ လှပနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
By – Hope



